Monday, August 12, 2013

ကမ္ဘာ့ပထမဦးဆုံး မြေဇာပင့်အဖေသို့ ဂုဏ်ပြုမှတ်တမ်းလွှာ



တနင်္ဂနွေတိုင်း ဘုရားကျောင်းခန်းမထဲ ခေါင်းငုံ့ဒူးထောက်လို့
ကျောင်းသားကဒ်လေးကို ခင်ဗျားပွတ်သပ်နေမှာပဲ။
ဒါဟာ အရေပြားတွေ အချပ်လိုက်ကွာကျပြေးထွက်လာတဲ့ ဗီယက်နမ်မလေးရဲ့ ကဒ်
ဒါဟာ စာအုပ်တွေကို လှမ်းပစ်လိုက်တဲ့ကျည်ဆန်အတွက် ခေါင်းထိုးခံလိုက်တဲ့ မာလာလာရဲ့ ကဒ်
ဒါဟာ အမျိုးသမီးတွေအားလုံးကိုယ်စား နှာခေါင်းနဲ့နားရွက်တွေ အလှီးခံလိုက်တဲ့ အီရှာရဲ့ ကဒ်
ဒါဟာ ချိုင်းထောက်တစ်ချောင်းကို နှစ်ယောက်မျှသုံးတဲ့ ဆီးရီးယားကျောင်းသူလေးတွေရဲ့ ကဒ်
ကဒ်မှာရေးထားတာ ခင်ဗျားသမီးလေးနာမည်၊ ဒါပေမယ့် ဒါဟာ အများဆိုင်ကဒ်လေးဖြစ်တယ်။

စကားပုံအမှန်က "ကျွဲနှစ်ကောင်ကြားက မြေဇာပင်"။ တော်ပြီလေ၊ လုံလောက်နေပြီလေ။
အလောင်းကောင်က ကိုယ့်ကျင်းကိုယ်တူး၊ ကိုယ့်ဟာကိုယ်ဆင်း၊ ကိုယ့်မြေကိုယ်ဖို့၊
ကိုယ့်အုတ်ဂူကိုယ်ထုံးသုတ်၊ ကိုယ့်လွမ်းသူ့ပန်းခွေကိုယ်ချ၊ ကိုယ့်ရက်လည်ဖိတ်စာကိုယ်ဝေသလို
အလွန်အကျွံလုံလောက်နေပြီပဲ။
"ကျွဲနှစ်ကောင်ကြားက မြေဇာပင်၊ ပြီးတော့ မြေဇာပင့်အဖေ"။ မလုပ်နဲ့လေ။
မိုက်ကယ်ဂျက်ဆင် - Heal The World၊ ခဏထားလိုက်
ထူးအိမ်သင် - ကမ္ဘာမြေငြိမ်းချမ်းပါစေ၊ ခဏရပ်လိုက်
ဘစ်ဖိုက်ဖ် - ချစ်သောကမ္ဘာမြေ၊ ခဏနားလိုက်
စကော်ပီယမ် - Under The Same Sun၊ ခဏပိတ်လိုက်
အခွေတွေအားလုံး စက်ထဲကထုတ်၊ နားကြပ်တွေအားလုံး နားကနေဖြုတ်၊ ခဏစောင့်ပေးမယ်။
ပြီးတော့ စစ်ပွဲများသာအသုံးပြုရန် ဆိုတဲ့ အနက်ရောင်ကမ္ဘာတစ်လုံး စက်ထဲထည့်လှည့်လိုက်။
ပစ်ကြ၊ သေနတ်တွေ
ကြဲကြ၊ ဗုံးတွေ
ထုကြ၊ လောင်ချာတွေ
သိမ်းကြ၊ စခန်းတွေ
ယူကြ၊ အသက်တွေ
လောင်ကြ၊ မီးတွေ
စီးကြ၊ သွေးတွေ
လုပ်ကြ၊ အားရပါးရ။
ပြီးတာနဲ့ password (၉၆)ထပ်ခံထားတဲ့ လုံခြုံရေးစနစ်နဲ့ ခတ်ထားမယ်။
စားပွဲအောက်က သေနတ်နဲ့ချိန်ချိန်၊ ကြက်ကောင်လုံးကင်ထဲ လက်ပစ်ဗုံးမြုပ်မြုပ်
အရက်ခွက်ထဲ အဆိပ်ခပ်ခပ်၊ စိတ်ဝင်စားစရာမလိုဘူး။
ပြီးတော့ ကျည်ဆန်တွေဟာ မြေဖြူတောင့်တွေဖြစ်သွား၊
ဒုံးကျည်ထိပ်ဖူးတွေဟာ ဖက်ခေါင်းအုံးကလေးတွေပြောင်းလို့
သံခမောက်တွေထဲ ထည့်စိုက်ထားတဲ့ နှင်းဆီပွင့်တွေရနံ့မှာ
ခင်ဗျားသမီးလေးဟာ ကျည်ကဒ်အပိုတွေကို ချောကလက်တောင့်တွေလို အားပါးတရစားပြီး
ဘာအနီရောင်အစွန်းအကွက်မှ မပါတဲ့ အဖြူအစိမ်းသန့်သန့်လေးတွေနဲ့ ရယ်မောပျော်ရွှင်ရမှာပ။
အဲဒီအခါ အခုခင်ဗျားရထားတဲ့ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်သိမ်းယူဖို့
thepeace@gmail.com ကနေ မေးလ်ပို့ ဆက်သွယ်လာပါလိမ့်မယ် ဦးဘရန်ရှောင်။



ဟိန်း

15.5.13

No comments:

Post a Comment