
ငါ့လက်ထဲက တုတ်ရယ်၊
ဟိုကောင့်လက်ထဲက အုတ်ခဲရယ်၊
နင်ပြေးဆွဲပြီး "ငါ့ကို မချစ်ကြနဲ့ဟာ"လို့
ငိုခဲ့ဖူးတာ သတိရတယ်။
အခု မင်္ဂလာဆောင်မှာ
ရေခဲမုန့်လိုက်ချနေတာ ဟိုကောင်၊
ဒံပေါက်လိုက်ထည့်ပေးနေတာ ငါ။
လူအရမ်းရှုပ်တော့ ခဏခဏ၀င်တိုးမိတယ်။
တစ်ယောက်အရှုံးကို
တစ်ယောက်အိတ်ကပ်ထဲ လှမ်းမြင်ရတဲ့အထိပဲ။
သတို့သားဟာ
သူကိတ်မုန့်ခွံ့ပေးနေတဲ့ သတို့သမီးရဲ့ နှုတ်ခမ်းတွေ
ဘာလို့ တဆတ်ဆတ်တုန်နေကြောင်း
ဘယ်တော့မှ သိမယ်မထင်ဘူး။
ဟိန်း
No comments:
Post a Comment