Wednesday, January 1, 2014

ကျွန်မ သမ္မတကြီးဖြစ်ချင်တယ် (၂)


ကျွန်မရဲ့ကိုယ်ပိုင်ဘ၀ဆိုတာက
စက်ဘီးကလေးတစ်စီး မိသားစုတစ်စု မျိုးချစ်စိတ်တစ်ခု။
ဧည့်ခန်းဆောင် ယဉ်ကျေးမှုထက်
မီးဖိုဆောင်တစ်ခုရဲ့ခန်းနားကြီးကျယ်မှုကို ကျွန်မပိုသိတယ်
နိုင်ငံရေးဆိုတာ အဲ့ဒီကကုန်းထ ဧည့်ခန်းဆောင်ကိုဖြတ် လမ်းမပေါ်ဆင်းလာခြင်းပဲ။
ကျွန်မကိုင်လိုက်လို့
လေးကိုင်းက သက်တံ့ကြီးဖြစ်သွားရင် ကျွန်မ ပျော်တာပေါ့။
တစ်သက်မှာတစ်ခါဖြစ်တဲ့ ဆာမူရိုင်းသူရဲကောင်းတွေလို
တစ်နှစ်မှာတစ်ခါပွင့်တဲ့ ဆာကူရာပန်းလေးတွေကို ကျွန်မ ချစ်တယ်။
သစ္စာရှိဖို့ဝန်လေးနေတဲ့ ပိတောက်တွေ
ကျွန်မအိမ်ထဲ တစ်နှစ်တစ်ခါ လာပွင့်နေတာကို ကျွန်မချစ်တယ်။
ကျွန်မ အိမ်မှာမွေးထားတဲ့အိမ်မွေးတိရိစ္ဆာန်လေးတစ်ကောင်လောက်မှ သဒ္ဒါမှန်အောင်မချစ်တတ်တဲ့လူတွေကိုတော့ ကျွန်မမှာမုန်းပိုင်ခွင့်ရှိတာပေါ့
ဒါ ကျွန်မရဲ့ဒီမိုကရေစီပဲလေ။
ရှင်တို့ သိပ်အံ့သြသွားနိုင်တယ် ကျွန်မ မာရီကျူရီ ကိုကြိုက်တယ်
သူက ဇွဲရှိတယ် ထက်မြက်တယ် တော်တယ် အနစ်နာခံတယ် ပြီးတော့ အဆင်းရဲခံနိုင်တယ်
လူးနေလိမ့်နေတဲ့ကမ္ဘာကြီးလွင့်မသွားအောင် သိပ္ပံပညာမှာ အသက်စွန့်တယ်။
ဓါးသွားလိုလက်ပနေမယ့် ဥာဏ်ပညာပေါ်က ပျားရည်ကိုလျှာနဲလျက်ရမယ်ဆိုလည်း
ဆင်ခြင်တုံတရားအတွက် လျှာပြတ်သွားပါစေ ကျွန်မလျက်မယ်
ခေါင်းမပြတ်သွားဖို့အရေးကြီးတယ်မဟုတ်လား။
ယူချင်ရင်
         ယူလိုက်ပါ
ခု ကျွန်မရောက်နေတဲ့နေရာအထိ။
သွေးတစ်စက်ပြုတ်ကျလာတိုင်း လက်ခုပ်ထတီးတတ်တဲ့
ဒီစစ်ပွဲတွေအလယ်မှာ။
ချွေးအစက်စက်နဲ့သံသရာအဆက်ဆက် ဖလော်ရင့်နိုက်တင်ဂေးလ်လိုလည်းကျွန်မသွားချင်
ကျွန်မဟာ ဒေါက်တာနော်မန်ဗက်သွန်းလည်း ဖြစ်ချင်ဖြစ်မှာပေါ့။
ညည်းသံတစ်ချက်ကြားတိုင်း
လူနာကုတင်တစ်လုံးလို လန့်လန့်အော်တတ်တဲ့ ကုတင်တစ်လုံးဟာ ကျွန်မပါ။
နိုင်ငံရေးလုပ်တယ်ဆိုတာ
ငြိမ်းချမ်းရေးကိုရှာတာ နာကျင်မှုကိုဖျောက်တာ အာဏာရှင်ဆိုတာတွေကို အစသေအောင် အဆုံးသတ်တာ။
ဝုန်းဒိုင်းကြဲနေတဲ့ မိုးရာသီတစ်ခုရဲ့
ခိုလှုံစရာမရှိတဲ့တံစက်မြိတ်အောက်ကနာကျင်မှုတစ်ခုကို
ကျွန်မရင်ငွေ့တွေနဲ့နွေးထွေးပေးလိုက်ချင်သလို
အမြင့်ပျံငှက်တစ်ကောင်ဖြစ်ခဲ့ရင်လည်း
ကျွန်မအတောင်ပံတွေနဲ့ ကမ္ဘာကြီးကိုအရိပ်ထိုး မိုးပေးခဲ့ချင်တယ်။
အို ဥရောပ
ရှင်တို့စားနေသလို ကျွန်မကလေးတွေကို စားစေချင်တယ်
အိုအမေရိက
ရှင်တို့ဝတ်ထားသလို ကျွန်မကလေးတွေကို ၀တ်စေချင်တယ်။
အို အာရှတိုက်ကြီး
ရှင်တို့ ပွဲလန်းသဘင်တွေသွားသလို ကျွန်မကလေးတွေကို သွားစေချင်ပြီး
ကျွန်မကလေးတွေကို
ရှင်တို့ကစားစရာတွေနဲ့စားစရာတွေကိုဝယ်ပေး/ကျွေး ပျော်မွေ့ပေးလိုက်ချင်တယ်။
ဒီလောကကြီးရဲ့
ခဏတစ်ဖြုတ်ကမ္ဘာကြီးမှာ မောင်းဖြုတ်ခံနေရတဲ့ ကျွန်မကလေးတွေဟာ
ဆဲလ်မွန်ငါးတွေလို ဆန်တက်နေရတယ်။
ကျွန်မ မိသားစုဟာ ခုမှ ဂူထဲကကျွံထွက်လာသလို
သစ်ကိုင်းခြောက်လေးတွေပွတ်တိုက် ဆောင်းကိုအန်တုနေရတယ်။
ကျွန်မ တော်ဝင်နန်းတော်ကြီးထဲမှာထိုင်နေပြီး
အရှေ့ဘက်က နေလုံးကြီးကို အမိန့်ပေးမနေချင်ပါဘူး။
ဂိုးတိုင်ဘေးနားမှာ ကျုံ့ကျုံ့ကလေးထိုင်ပြီး
ကိုယ့်အသင်းကိုယ် အင်တိုက်အားတိုက်အားပေးမယ့် ပရိတ်သတ်တစ်ယောက်လို
ကျွံလာတဲ့ဘောလုံးတိုင်းကို မှုတ်ထုတ်ပေးနေချင်တယ်။
ရောမခေတ် ကျွန်တွေလို
ကျောက်တုံးတွေကို တောင်ကုန်းတွေပေါ်တွန်းတင်ခိုင်းပြီး
အဆင်းဘီးတပ်ပြန်လွတ်ပေးလိုက်ခြင်းခံရတဲ့ ဒီလူအုပ်ကြီးအတွက်
ကျွန်မ ချွေးနည်းစာလေးကိုချကျွေးခဲ့ချင်တယ်။
မောတာပေါ့ရှင်
ကျွန်မက ၁၈ နှစ်သမီးမှ မဟုတ်ပဲ
လျှို့ဝှက်လက်နက်ပုန်းတွေနဲ့ လုံးဝန်းနေတဲ့ လွှတ်တော်ထဲမှာ ကျွန်မမောတာပေါ့။
ကတုတ်ကျင်းတွေ ခံတပ်တွေ သံချပ်ကာကားကြီးတွေအတွက်တော့
ကျွန်မမှာရှိတာက လူထုကြီးရယ်ကျွန်မကိုယ်ပိုင် ချစ်ခြင်းမေတ္တာရယ်၊ ဒါပါပဲ။
ဒီနွံဟာ လှုပ်ရင်မြုပ်မယ်ဆိုတာ ကျွန်မသိတာပေါ့
ဒီမြားဟာ စူးဝင်ရင်နှုတ်ရခက်မယ်ဆိုတာလည်း ကျွန်မသိတာပေါ့။
ဒါပေမယ့် ရခဲ့ပြီ
ဒီမပြတ်သားေ၀၀ါးလှတဲ့ ဒီဝိုးတ၀ါးကမ္ဘာကြီးရဲ့ ဒီမြူလို နှင်းလိုအခိုးအငွေ့တွေဟာ
ကျွန်မ မသိအောင်ခိုးသောက်နေတဲ့ ကျွန်မသားလေးရဲ့ဆေးလိပ်မီးခိုးတွေဖြစ်ခဲ့ရင်လည်း
ဒါကိုကျွန်မ ကျေနပ်ခဲ့ပြီ
မိသားစုဆိုတာ ကျွန်မမိထားတဲ့ ကမ္ဘာကြီးပဲ ၊ ဒါကြောင့်
ကမ္ဘာကြီးကို ဘေးရန်ကာဆီး အန္တရယ်မီးတွင်းထဲကဆွဲနှုတ်ချင်လို့
ကျွန်မ သမ္မတကြီးဖြစ်ချင်ရတာပဲ။

ခရမ်းပြာထက်လူ

(   ၁ ၊ ၁ ၊ ၁၄  )

No comments:

Post a Comment