Thursday, January 23, 2014

ရန်နိုင်ဟာ လမ်းကို ကူးတုန်း ◄ ထွဏ်းသွေးအိမ် ►

အပျက်အပျက်နဲ့
နှာခေါင်းသွေးထွက်မလာတော့ဘူး

ဘုရားပန်းတွေညှိုးနေပြီ
အသံလည်းပြာနေပြီ
ရန်နိုင်ဟာ
အမှားကိုငွေကြေးနဲ့ဖုံးတုန်း။

သွေးလေးပူတော့
ကဗျာအကြောင်းတွေပြောပြီး
သွေးအေးသွားတော့
ငါတို့မမြင်ကွယ်ရာ
သူ့အတိုင်းလာတဲ့ဆေးပေါ့လိပ်ကို
ဖြည်ချလိုက်တယ်။

မင်းလက်မောင်းဟာ
ဆရာဝန်ထိုးထားတဲ့အပ်ပေါက်ရာ
တွေမဟုတ်ဘူး
မင်းမျက်လုံးဟာ
မင်းအမေပေးထားတဲ့
မျက်လုံးတွေမဟုတ်ဘူး
မင်းကိုမေးရင်
လမ်းကိုကူးတုန်းပဲလို့ပြောအုံးမယ်။

ဆန်ကောထဲ
ဇီးဖြုသီးထည့်လှိမ့်ခံရတဲ့ခေတ်မှာ
မင်းက
လမ်းကြမ်းကြမ်းကိုမှရွေးတယ်။

မရှိဘူး
မသိဘူးဆိုပြီး
ဘဝကို
မင်းရူးချင်ယောင်ဆောင်တယ်။

အရင်က
ရန်နိုင် B.A (myanmar)
ရန်နိုင် A.G.T. I(Civil)
အခု
ရန်နိုင်(ဆေးစပ်ပြီးဆေးပေါ့လိပ်များ)
ရန်နိုင်(တိုက်ကြိုတိုက်ကြားဆေးထိုးအပ်များ)။

အာစင်းဝင်းဂါးဟာ
ဗီအဲရာကိုရောင်းတာ
သူမှားတယ်ဆိုတာဝန်ခံတယ်။

ငါတို့မျှော်လင့်တာ
အဲဒီလိုမျိုး
နောက်
မင်းပြောလာမဲ့
ကဗျာတွေအကြောင်း
ပြီး
မင်းကူးနေတဲ့လမ်းတွေအကြောင်း။

ထွဏ်းသွေးအိမ်

No comments:

Post a Comment