Friday, July 11, 2014

ခေတ်မီကစားကွင်း ◄ မိုးရင့်ကြယ် ► (နန်းညွန့်ဆွေ ကဗျာဆုရ ကဗျာ)

အပေါက်ဝမှာ
ကြောင်ရုပ်အကြီးကြီး
ရင်ဘတ်မှာ ရွှေရောင်စာလုံးနဲ့
လက်တစ်ဘက်ကိုတွဲလောင်းချ
လက်တစ်ဘက်က လက်ယပ်ခေါ်
ပျော်စရာတွေ များတယ်
ဈေးလည်းကြီးတယ်


သူတို့က
ကုလားမခြေထောက်ကြီးနဲ့
ခြေလှမ်းကျဲကျဲ
ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်
ငေးကြည့်ရတယ် မော်ကြည့်ရတယ်

သရဲရထားတဲ့
မမြင်ရတဲ့ အချိုးအကွေ့
အမည်မဖော်လိုသူ အမှောင်ထဲ
သံလမ်းဟာ
ချောက်ခြားစရာစီမံကိန်းနဲ့ ဆိုပဲ

ဂျိုကာဦးထုပ်လေးနဲ့
မျက်လှည့်ဆရာကလည်း ရယ်ရတယ်
ဟောဒီမှာကြည့်
ကျောက်သံပတ္တမြား
ဒီမှာ လျှပ်စစ်ဓာတ်အား
ဒီမှာ သဘာဝဓာတ်ငွေ့
ဒီမှာ ရေမြေတောတောင်
တစ်ခုပြီးတစ်ခုဖျောက်ပြတယ်
အံ့သြစရာ မကောင်းဘူးလား

သံသရာကို မကြောက်ရင်
ချားရဟတ်ကြီးလည်း စီးလို့ရတယ်ဆိုပဲ
အကြွေစေ့ ဆော့အုန်းမလား
တစ်ရာဖိုးထိုးရင် တစ်ထောင်ပြန်ရတယ်
ပြီးရင် ဆယ်ဘ၀လောက်ပြန်စားတယ်

အမှတ်တရ ဓာတ်ပုံလေးတွေနော်
ရှိတုန်းရိုက်ထား ဆုံတုန်းရိုက်သွား
လက်ပံတောင်း နောက်ခံ
ဖားကန့် နောက်ခံ
ဧရာဝတီ နောက်ခံ
အင်းလေး နောက်ခံ
မြန်မာ့သစ်တောကြီးတွေ နောက်ခံ

သရီးဒီရုပ်ရှင်လည်းကြည့်မယ်
မျက်မှန်တော့တပ်ထား
မကြောက်နဲ့ မတုန်လှုပ်နဲ့
ကျည်ဆံတွေဟာ တကယ်ပစ်နေသလို
ယောင်ယောင်ပြီး ရှောင်နေတယ်မလား
လူဆိုးတွေ အကုန်မသေသေးဘူး
အပိုင်း ( ၂ ) မျှော်ပေါ့

ကလေးတွေ
အဲဒီပိုက်လိုင်းကြီးပေါ် တက်တက်မဆော့နဲ့လေ
ပြုတ်ကျရင်
ရင်ဘတ်မှာ ကန့်လန့်ဖြတ်ဒဏ်ရာကြီးနဲ့
နောက်ဘဝ ရုပ်ဆိုးမှာမကြောက်ဘူးလား

ကဲ မိုးလည်းချုပ်ပြီ
ပြန်ကြစို့နော်
အိမ်အပြန်လမ်းဟာ အမြဲမှောင်တယ်
ကြောင်ရုပ်ကြီးသနားပါတယ် မေမေရာ
ရောင်စုံမီးရောင်အောက်မှာ
လက်ယပ်ခေါ်နေတုန်း
ဝင်လာမစဲ တသဲသဲ ။ ။

မိုးရင့်ကြယ်

လှိုင်းသစ်မဂ္ဂဇင်း
မေလ၊ ၂၀၁၄ ။

No comments:

Post a Comment