Sunday, January 13, 2013

All About My Wife (Review) ◄ဇွဲလွင်►



All about My Wife
Directed by- Min Kyu Dong
Written by- Heo Sung-Hye, Min Kyu Dong
Starring- Im Soo-Jung, Lee Sun-Gyun, Ryoo Seung-Ryong

ကိုရီးယား ရုပ်ရှင်တွေနဲ့ အနည်းငယ် ဝေးကွာသလို ဖြစ်နေပေမယ့် ကြည့်မိလိုက်ရတဲ့ ဇာတ်ကားတစ်ကားက မမျှော်လင့်ထားပဲနှင့် စိတ်ကို ထိရှနိုင်ခဲ့တာကြောင့် ရေးမိသွားခြင်းဖြစ်ပါတယ်။ အချစ်ဟာသ ရိုမန့်လေးပါပဲ လို့ ခပ်ပေါ့ပေါ့တွက်ဆထားသော်လည်း ဇာတ်ဆောင်မင်းသမီးရဲ့ အဆိုးမြင်ဝါဒီ ပွစိပွစိ စရို်က်ကလေးက ချစ်စရာကောင်းလွန်းလို့ပဲ  ဒီကားကြည့်ရတာ တော်တော်တန်သွားခဲ့ပါရဲ့။


ဇာတ်ကားအစမှာ မြေငလျင်တစ်ခုကြောင့် ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ကိုရီးယားလူမျိုး အင်ဂျင်နီယာ ဒူဟွန်း ( Lee Sun-Gyun) နဲ့ အချက်အပြုတ်ပညာလာသင်တဲ့ ဂျန်အင်း ( Im Soo-Jung) တို့ စတင်တွေ့ ဆုံကြပါတယ်။ မြေငလျင်က ဖန်တီးပေးတဲ့ ဖူးစာလို့လည်း ဆိုနိုင်တာပေါ့။ဂျပန်က မြေငလျင်ကို သွေးပျက်အောင် ကြောက်လန့်နေတဲ့ မိန်းကလေးကို ကိုယ့်လူမျိုးအချင်းချင်း ဒူဟွန်းက အကူအညီပေးခဲ့ပါတယ်။ ဖြစ်ချင်တော့ ဂျန်အင်းက ဂျပန်မှာ နေသမျှ ဂျပန်စကားပဲ ပြောမယ်။ မိခင်ကိုရီးယားစကားလုံးဝမပြောဘူးလို့ သန္ဓိဌာန်ချထားတာပါ။



အကျွမ်းကျင်ကြီးမဟုတ်တဲ့ ဂျပန်စကားကို မျက်လုံးလေးပေကလပ်နဲ့ ဖြည်းဆိုင်းဆိုင်း ပြောနေတဲ့ မိန်းမချောလေးကို ဒူဟွန်းက ချက်ချင်း သဘောကျသွားခဲ့တာပါ။ တကယ်တော့ ဂျန်အင်းက စကားကို ကရားရေလွှတ် အဆက်မပြတ်ပြောနိုင်ပြီး ချက်ကျလက်ကျနဲ့ ကတ်ကတ်လန် ရန်တွေ့ တတ်သေးတာ၊ သူမျက်စိထဲ အချိုးမပြေသမျှ ပွစိပွစိလုပ်တတ်တဲ့သူဖြစ်နေပေမယ့် ဂျပန်စကားသိပ်မကျွမ်းကျင်လို့သာ စကားနည်းနေရတာကို ဒူဟွန်းမသိလိုက်တာကိုပါပဲ။( ဒါရိုက်တာရဲ့ အဲဒီလှည့်ကွက်ကလေးကိုတော့ ကျနော် နောက်မှ ရုပ်ရှင်အကြောင်း လိုက်ရှာဖတ်ရင်းနဲ့မှ သဘောပေါက်ခဲ့တာပါ။)
လက်ထပ်ပြီးတော့ ကိုရီးယားမှာ ပြန်အချေခြတော့မှ ဂျန်အင်းတစ်ယောက် အကြောင်း သေချာသိသွားတဲ့ ဒူဟွန်းတစ်ယောက် ငါးပါးမှောက်တာပါပဲ။ ဂျန်အင်းက ဘာအလုပ်မှ မလုပ်တော့ပဲ ယောက်ျားယူပြီး မိသားစုဘဝပဲ ထူထောင်တော့မယ် ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ ခုနှစ်နှစ်သာကြာရော ကလေးမရခဲ့ဘူး။ ကလေးလည်းမရှိ၊ ဝင်ငွေလည်း ရှာစရာမလိုတဲ့ ဂျန်အင်းအတွက် ယောက်ျားဖြစ်သူ ဒူဟွန်းကပဲ သူ့ ကမ္ဘာဖြစ်သွားတော့တာ။

တချိန်လုံး ဗြစ်တောက် ဗြစ်တောက်ပြောနေတတ်တဲ့၊ နေရာတကာ အတွန့်တက်လွန်းတဲ့ ဂျန်အင်းကြောင့် စိတ်ဖိစီးနေရတဲ့ ဒူဟွန်းဟာ ပတ်ဝန်းကျင်က ခင်ဗျားက ချောလည်းချော အချက်အပြုတ်လည်းကောင်းတဲ့ မိန်းမကို ရထားတာ ကံကောင်းလိုက်တာဆိုတိုင်း အရွဲ့ တိုက်နေတာလို့သာ မြင်မိပါတော့တယ်။
ကွာရှင်းဖို့ကလည်း ပါးစပ်က လွတ်ခနဲထွက်သွားတာတောင် အသေအလဲ တောင်းပန်ဖြေရှင်းယူရအောင် စိတ်ဒုက္ခပြန်ပေးလို့ နောက်နောင် အရိပ်အမြွက်တောင် မဟရဲတော့။ ဒီတော့ နယ်ပြောင်းခွင့်ရအောင် အတင်းကြံစည်ပြီး တစ်ယောက်တည်းနေမယ့် ကြိုးစားသော်လည်း ယောက်ျားဖြစ်သူအံ့သြသွားအောင် အိမ်ကို တိတ်တိတ်လေးရောက်နေတဲ့ မိန်းမကြောင့် အကြံအစည်ပျက်ခဲ့ရပြန်ပါတယ်။ တိုက်ဆိုင်ချင်တော အိမ်နီးနားချင်း မိန်းမကျမ်းကျေလွန်းသူကြီးလို့ နာမည်ရတဲ့ ဆွန်းကီ (Ryoo Seung-Ryong) ကို  လူမျိုးစုံ ပျိုပျိုအိုအိုအရွယ်စုံက အသေအလဲတွယ်ကပ်နေကြတာမြင်ရင်း ဒူဟွန်း စဉ်းစားမိလာပါတယ်။ တကယ်လို့ ဂျန်အင်းကသာ ဒီလူပွေလူရှုပ်ကြီးနောက်ကို ကောက်ကောက်ပါသွားရင် သူ ကွာရှင်းဖို့ စပြောစရာမလိုပဲ အဆင်ပြေနိုင်တယ်ဆိုကာ ဆွန်းကီကို ရှိခိုးဦးတင် အကူအညီတောင်းပါတယ်။



ဆွန်းကီ နောက်ပိုးလုပ်ရ အဆင်ပြေဖို့ မြို့ လေးရဲ့ ရေဒီယိုရုံမှာ ဂျန်အင်း အသံလွှင့်တဲ့ အလုပ်ရအောင် လခကို သူက ပေးပါမယ်ဆိုကာ လာဘ်ထိုးလို့ ကြံစည်ပြန်ပါတယ်။ ဒီမှာတင်ပဲ မထင်မှတ်ထားတာတွေ ဖြစ်လာတော့တာပါ။ ဂျန်အင်းရဲ့ လောကကြီးရဲ့ မကောင်းကွက်တွေ ရွေးမြင် အတွန့်တက်လွန်းတဲ့ အကျင့်ဟာ အစပိုင်းမှာ အောင့်သက်သက်ဖြစ်ပေမယ့် လူတွေက နားမထောင်ရမနေနိုင်။ သူပြောတာလည်း ဟုတ်တာပဲနော်လို့ ဆိုလာကြရဲ့။ တချို့ လူတွေ မပြောရဲလို့ အောင့်ခံနေရတာတွေဟာ သူနဲ့ကြမှ လေလှိုင်းပေါ်ရောက်သွားလို့ ပြောရဲဆိုရဲ ဂျန်အင်းကို လူတွေ အားပေးလာကြတော့တာ။ မြို့ နယ်ရေဒီယိုရုံးလေးကနေ တစ်နိုင်ငံလုံးကို လွှင့်တဲ့အထိကို ဂျန်အင်းက ပေါက်မြောက်လာတော့တာပါ။
အလုပ်မှာ အောင်မြင်လာလေလေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပြန်ရလာပြီး ဆွဲဆောင်မှုတွေ ရှိလာတဲ့ ဂျန်အင်းကို  ယောကျာ်းကော ၊ မြာပွေသူကြီးကပါ စွဲလမ်းလာကြပါတယ်။ ဒီမှာတင်ပဲ အချစ်လွန်ဆွဲပွဲတွေ စရတော့တာပေါ့။

ဒီကားက အရှေ့တိုင်းသားတွေရဲ့ စံနဲ့ တန်ဖိုးကို သွေဖည်ထားတာမျိုး မရှိလို့ ကြည့်ရအဆင်ပြေမှာပါ။ ဇာတ်လမ်းအစပိုင်းမှာ ယောက်ျားကို စိုးမိုးချုပ်ချယ်ချင်တဲ့  ဂျန်အင်းရဲ့ အပြုအမူတွေကို ကြည့်နေရရင်းနဲ့ ရုပ်ကလေးလှသလောက် တဖြည်းဖြည်း ကြောက်လာရတော့ပါတယ်။ ထက်ထက်မြက်မြက်ရှိပေမယ့် မိသားစုကိုပဲ ထူထောင်မယ်လို့ ကိုယ်ပိုင်အိပ်မက်တွေကို စွန့်ပယ်လိုက်သော်လည်း ခုနှစ်နှစ်ကြာတောင် အကောင်အထည်မပေါ်လာတာမို့ ပတ်ဝန်းကျင်နဲ့လည်း အဆင်မပြေ၊ ယောက်ျားနဲလည်း အဆင်မပြေတော့။ “နှစ်ကာလကြာအောင် ပေါင်းလာတဲ့လူတွေဆိုမို့ တစ်ယောက်အကြောင်း တစ်ယောက်အကုန်သိနေပြီဆိုတာ မဟုတ်ပါဘူး။ လူတစ်ယောက်က တခြားတစ်ယောက်အကြောင်းကို အကုန်နားလည်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် စကားပြောကြပါ။ အိမ်ထောင် သက်ကြာလာပေမယ့်လည်း စကားပြောကြပါ”  စကားမပြောရင် နားလည်မှုတွေ ပျောက်ဆုံးကုန်တဲ့ အကြောင်းကို ဂျန်အင်းက ပြောခဲ့ပါတယ်။

ဝက်သားကင်ဆိုင်ရဲ့ ဆိုင်းဘုတ်မှာ ဝက်ပျိုမလေးက ဝက်သားကင်ဘန်းလေး ကိုင်ပြီး မီးတောက်တွေကြားမှာ ကနေတဲ့ ပုံကို သုံးထားတာတွေ့ တော့ ဂျန်အင်းက “ ကျွန်မလည်း သတ်သတ်လွတ်သမားမဟုတ်ပါဘူး။ အသားကြိုက်တာပေါ့။ ဒါပေမယ့် ဝက်တွေကိုလည်း respect ပေးဖို့ မကောင်းဘူးလား” လို့ မီးတောက်တွေကြားထဲမှာ သူ့ အဖော်တွေရဲ့ အသားဘန်းကို ကိုင်ပြီးကနေတဲ့ ဝက်မလေးပုံကို ဆိုင်းဘုတ်တင်ထားတာ လူသားမဆန်တာပဲလို့ ဂျန်အင်းက ထောက်ပြခဲ့ပါတယ်။
သိုးတွေကို အစာကျွေးလို့ရ သိုးနဲ့ဆိုင်တဲ့ ဆက်စပ်ပစ္စည်းတွေပါ တခါတည်းရောင်းချနေတဲ့ ခြံတစ်ခြံမှာ သိုးသားကိုပါ တွဲရောင်းချထားလို့ ဂျန်အင်းက ထောက်ပြပြန်ပါတယ်။ သူလောကကြီးအပေါ် အစာမကျေဘူးဆိုတဲ့ အရာတော်တော်များများဟာ ကျနော်တို့ အမှတ်တမဲ့ ဖြစ်နေတတ်တဲ့ သိနေပြန်ရင်လည်း မသိချင်ယောင်ဆောင်မိနေတတ်တဲ့ ကိစ္စလေးတွေပါ။ ဒါတင်မကတော့ပဲ ဂျန်အင်းက မနှစ်သက်နိုင်သော်လည်း အောင့်ကာမြိုသိပ်နေရတဲ့ လူတွေရဲ့ အသံဖြစ်ဖို့ပါ ကြိုးစားပုံလေးတွေက တကယ် နှစ်သက်ပျော်မြူးစရာကောင်းလှပါတယ်။

ဂျန်အင်းအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးဟာ A Tale of Two Sisters တို့  I am a cybrog but it is ok တိုလို ရုပ်ရှင်တွေနဲ့ နာမည်ကြီးပြီးသားဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဟန်ပန်၊ စကားစက်သေနတ်နဲ့ ယောက်ျားကို အနိုင်ယူချင်တတ်တဲ့ အလေ့အထ၊ မှန်တယ်ထင်ရင် ပွင့်ပွင့်လင်းလင်းပြောဖို့ အမှန်တရားကို ပြောဖို့ အကြောက်အလန့်မရှိတဲ့ စရိုက်ကို လှလှပပ ကိုင်တွယ်ပြသွားပါတယ်။ ဇာတ်ကားပြီးတဲ့နောက်တော့ မင်းသမီးကို ရုပ်ရည်လေးချစ်စရာကောင်းသလောက် ပညာသည်တစ်ဦးပါလားလို့ အသိအမှတ်ပြုမိကြမှာပါ။ ဒီဇာတ်ကောင်နဲ့ပဲ ၂၀၁၂ အတွက် Blue Dragon Award ဆုရခဲ့ပါတယ်။ Blue Dragon Award က တောင်ကိုရီးယားမှာ အကျော်ကြားဆုံး ဆုချီးမြှင့်ပွဲ တစ်ခုဖြစ်ပြီးတော့ သူ့ နဲ့အတူကျော်ကြားတာက Grand Bell Awards ဖြစ်ပါတယ်။

မင်းသားတွေကလည်း ကျရာနေရာမှာ ရုပ်တည်တည်တွေနဲ့ ဟာသမြောက်နေခဲ့တာဖြစ်ပါရဲ့။ မြာပွေသူအနေနဲ့ သရုပ်ဆောင်တဲ့ မင်းသားက လင်ရှိမယားကို ပိုးရတဲ့ အခန်းတွေတောင်မှ အမြင်ကပ်စရာမကောင်းအောင် ဟာသစွက်အောင် လုပ်ပြသွားနိုင်ခဲ့တာတွေ့ ရပါတယ်။ နာမည်ကြီး ရုပ်ရှင်ထဲက romantic အဖြစ်ဆုံး ဇာတ်ဝင်ခန်းတွေထဲက အတိုင်း ပုံတူးချပြပြီး ဂျင်အန်းကို နောက်ပြောင် ပျော်ရွင်စေတဲ့အခန်းတွေကလည်း တကယ်ပြုံးချင်စရာကောင်းလှပါတယ်။ ဒီရုပ်ရှင်ဟာ အဖြေတစ်ခုကို ရှာဖို့ ချည်းကပ်ထားတယ်လို့ ဆိုရမယ့် သို့မဟုတ် မေးခွန်းတွေနဲ့ ပြန်စမ်းစစ်ဖို့ ကြိုးစားထားတယ်လို့ ဆိုရမယ့် ရုပ်ရှင်အမျိုးအစားတွေထဲ ပါဝင်နေတာ တွေ့ ရပါတယ်။ ဂျန်အင်းကတော့ အလုပ်မှာ အောင်မြင်လာတာနဲ့အမျှ လောကကြီးအပေါ် အနုတ်လက္ခဏာဆောင်တဲ့ အတွေးအမြင်ရှိတဲ့ လူတစ်ဦးကနေ၊ ဘာကိုမှ အလိုမကျတဲ့ အိမ်တွင်းပုံန်းအဖြစ်ကနေ မပြောရဲမဆိုရဲ မြိုသိပ်နေရတဲ့ လူတွေအပေါ် ကိုယ်ချင်းစာပြီး ကိုယ်စားပြုပေးတဲ့ အသံပိုင်ရှင်တစ်ဦးဖြစ်လာခဲ့ပါတယ်။ ဂျန်အင်းရဲ့ အမြင်နဲ့ ရှူထောင့်တွေကနေ ကျနော်တို့ဟာ ပိုမို နွေးထွေးတဲ့ လူသားဆန်မှုဆီ ပေါ့ပေါ့ပါးပါးချည်းကပ်ကြည့်ဖို့ ထိုက်တန်ပါတယ်လို့ ဆိုပါရစေ။

ဇွဲလွင်




No comments:

Post a Comment