Saturday, January 12, 2013

အဖြူ၊အပြာတွေ ပွင့်ကျနေတဲ့ အတိတ်





အဆောင်က ထွက်လာတော့ ၇နာရီခွဲပြီ။ ဒီဇင်ဘာ၏ မန္တလေးနံနက်ခင်းသည် အေးစိမ့်မှုန်သီစွာ မျက်မှောင်ကုပ်ထားသည်။ ဂျာကင်ဇစ်ကို ခပ်တင်းတင်းစေ့ထားသော်လည်း ရှူသွင်းလိုက်သောလေထုထဲတွင် ဆောင်း၏ရနံ့ကို ဖမ်းမိနိုင်သည်။ နှာသီးဖျားထိပ်တို့က ထုံကျဉ်နေ၍ လက်ဖြင့် မကြာခဏသပ်သပ်ပေးရသည်။ ၂၆လမ်းမကြီးပေါ်မှာ ကားအသွားအလာသိပ်မရှိသေး။ စည်ပင်အကျီင်္ဝတ်ထားသောအဒေါ်ကြီးများက တံမြက်စည်းကိုကိုင်လျက်၊ အမှိုက်ပုံးကိုဆွဲလျက်။ အိပဲ့အိပဲ့ချက်ပလက်ကြီးကိုကျော်ရန် အအေးဓာတ်ကို မမှုဟန်ပြု၍ လီဗာကိုတင်လိုက်သည်။ ကားပေါ်မှာတော့ ကျွန်တော့်လို ယူနီဖောင်းတွေနှင့်။  နန်းရှေ့၆၆လမ်းကို ချိုးကွေ့အပြီး လမ်းမတစ်လျှောက်မျှော်ကြည့်မိ၏။ မန္တလေးတောင်ကြီးကား နှင်းမှုန်မှုန်မကွဲတကွဲကြားမှာ ထီးထီးတည်လျက်။

တောင်ခြေလမ်းလေးအတိုင်း ပတ်စီးလာပြီးမကြာခင် ကျောင်းကိုရောက်သည်။ ဂိတ်ဝမှာ ဆိုင်ကယ်ကိုဆင်းတွန်းရင်း၊ ကျောင်းသားကဒ်ကိုမြင်သာအောင် ထုတ်ဆွဲရင်း ၊ ကျွန်တော်ဖတ်ဖူးမှတ်ဖူးစိတ်ကူးခဲ့ဖူးသော တက္ကသိုလ်ရဲ့အရသာဆိုတာ ဒါများလားဟု ဆန်းစစ်ကြည့်မိသည်။ ကြာကြာစဉ်းစားချိန်မရ။ ဆိုင်ကယ်အပ်သည့်နေရာမှ ကိုယ့်အခန်းဆီရောက်ဖို့ ၁၀မိနစ်ခန့် လျှောက်ရဦးမည်။ ပထမဆုံးအချိန်က Physics ။ ၈နာရီ၁၅မိနစ်တွင် စမည်။ လုံးဝနောက်ကျလို့မဖြစ်။ ဆရာမက သူအတန်းထဲရောက်ရောက်ချင်း roll call ခေါ်တတ်သည်။ သူ့ထက်နောက်ကျမှ ၀င်လာလျှင်မပေး။ ဆယ်တန်းတုန်းကတော့ ငါတက္ကသိုလ်ရောက်ရင် လွတ်လွတ်လပ်လပ်စာသင်နိုင်မည်။ အနည်းငယ်အတန်းနောက်ကျလျှင်လည်း ဘာမှမဖြစ်နိုင်ဟု တွေးခဲ့မိပုံတွေ ပြန်စဉ်းစားရင်းပြုံးမိလာသည်။ "မောင်ဟိန်း၊ ဘာတွေပြုံးနေတာလဲဟ" .. အသံကြားလို့လှမ်းကြည့်လိုက်တော့ ထင်ကျော်ဦး၊ အားလုံးက ထင်ကြီး လို့ပဲခေါ်သည်။ ကျောင်းတက်တာ တစ်လစွန်းစွန်း၊ မေဂျာခွဲပြီးတာ တစ်လခွဲခန့်ဆိုတော့လည်း သူငယ်ချင်းတွေရလာသည်။ မေဂျာတွေမခွဲခင် အားလုံးပေါင်းပြီးတက်ရသည့်အတန်းတွေမှာ ခင်ခဲ့တဲ့သူတွေလည်း မေဂျာခွဲတော့ တချို့ပြန်ပါလာသည်။

သဘောကျဖို့တော့ကောင်းပါသည်။ Electronic and Communication ပထမနှစ်အတန်း(အတိုကောက်တော့ 1GEC အတန်း)လို့သာပြောသည်။ ပန်ကာတွေက တစ်ခုမှမလည်၊ ဆောင်းတွင်းကကိစ္စမရှိ၊ မန္တလေးမြို့သည် အမြဲဆောင်းတွင်းဖြစ်နေမှာမဟုတ်။ မီးချောင်းတွေက နှစ်ချောင်းကြီးများတောင် လင်းသည်။ စာသင်ခန်းသည် အမြဲလင်းကျင်းနေမှာမဟုတ်။ ရာသီဥတုအုံ့မှိုင်းသောအခါများတွင် မည်သို့စီစဉ်မည်မသိ။ ထားပါ။ ကျောင်းသားအများစုသည် အထက်တန်းကျောင်းက ပုံစံများအတိုင်း သွားလာနေထိုင်ပြောဆိုကြသည်။ ကျွန်တော်က သဘောမကျ၊ လွတ်လွတ်လပ်လပ်နေချင်သည်။ သည်အချက်ကြောင့်လည်း ကျွန်တော့်တွင် ၀ါသနာတူ၊စရိုက်တူ၊ပေါင်းရသင်းရအဆင်ပြေသော သူငယ်ချင်းအသစ်များရရှိခဲ့လေသည်။ ပျော့ပြောင်းနူးညံ့စိုစွတ်သော ရွှံ့တို့မှာ အလွယ်တကူပုံသွင်းယူနိုင်သော်လည်း မာကျောခြောက်သွေ့သောမြေစိုင်ခဲတို့မှာ အလွယ်တကူပုံသွင်းမယူနိုင်။ ကျွန်တော်တို့သူငယ်ချင်းတစ်စုသည် မြေစိုင်ခဲများသာဖြစ်သည်။ ကျောင်းသားအများစုမှာ ပုံစံခွက်အတွင်းနှစ်လိုဟန်ရှိသော်လည်း ကျွန်တော်တို့မှာ ကျောင်းလာချိန် ခေါင်းငိုက်စိုက်ချတုန်း၊ ယူနီဖောင်းကိုခပ်ညစ်ညစ်ဝတ်တုန်း၊ စာသင်ချိန်အတွင်း တာရာမင်းဝေဖတ်တုန်း၊ ရော့ခ်သီချင်းများအပေါ် ရူးသွပ်မက်မောတုန်း။ ပုံစံခွက်နှင့်အသားမကျ။

ပွင့်ပွင့်လင်းလင်းပြောရလျှင် နေ့စဉ်ကျောင်းလာ၊ roll call ယူ၊ အတန်းတက်၊ ဒီပုံစံခွက်ကိုမကြိုက်။ ကျွန်တော်တို့အများစုမှာ နယ်မှလာသူတွေ။ မန္တလေးမြို့ကိုရောက်တာ နှစ်လပင်မပြည့်သေး။ လည်ချင်ပတ်ချင်သည်၊ စူးစမ်းလေ့လာချင်သည်၊ ရူးချင်မူးချင်သည်၊ စာသင်ရတာကလွဲလျှင် တက္ကသိုလ်ကျောင်းသားအရသာခံစားချင်သည်။ ထိုသို့မျှော်လင့်နေစဉ်မှာပင် သတင်းကောင်းတစ်ခုကြောင့် ခေါက်ရိုးကျိုးနေ့ရက်များထံမှ ကျွန်တော်တို့သူငယ်ချင်းတစ်စု ထွက်ပြေးလွတ်မြောက်ခဲ့ရလေသည်။

"ဇန်န၀ါရီလထဲမှာ ငါတို့ EC က မောင်မယ်သစ်လွင်ကြိုဆိုပွဲရှိတယ်ဟေ့"
ဒီသတင်းကို ကြားတော့ ကျွန်တော်တို့စိတ်ဝင်စားသည်။ အဘယ့်ကြောင့်ဆိုသော် ဒီပွဲမှာ သီချင်းပါမည်၊ ပြဇာတ်ပါမည်၊ သံချပ်ပါမည်၊ King,Queen ရွေးပွဲပါမည်၊ ဂိမ်းကစားပွဲများပါမည်၊ သည်ပွဲမှာ ပထမနှစ်ကျောင်းသားများအဖြစ် ကျွန်တော်တို့တစ်ခုခုလုပ်ချင်သည်။ နေ့လည်အတန်းနားတော့ BEတန်းမှ အကိုကြီးတွေ၊အမကြီးတွေရောက်လာသည်။ သူတို့က အသေးစိတ်ပြောပြသည်။ "ငါ့ညီတို့ထဲက တီးဝိုင်းတစ်ဝိုင်းရနိုင်မလား" ။ ကျွန်တော်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရပြီ၊ ဖြစ်မလားပေါ့။ ကိုလွင်မိုးသူဆီမေးငေါ့သည်။ Reapter ကျောင်းသား။ မနှစ်ကလည်း သူပဲတီးသည်ဟုကြားသည်။ သည်တော့ သူ့သာပုံချလိုက်သည်။ သူက အတူတူကျောင်းတက်လာတာ တစ်လကျော်ပြီဆိုတော့ ရလောက်မည်ထင်သည့်လူတွေကိုမေးသည်။

 "မောင်ဟိန်း..ရတယ်မလား။ ဘာချမလဲ။"
 "အင်း..ရလောက်ပါတယ်။ ကျွန်တော်ဘေ့စ်ပဲချပါ့မယ်"
"ဖြိုးငြိမ်းရော" "သီချင်းပဲဆိုမယ်ဗျာ"
"ဒရမ်က...မြတ်ကို၊ မင်းဖြစ်မလားဟေ့ကောင်၊ လေ့ကျင့်ချိန်ရှိပါသေးတယ်ကွ၊လုပ်လိုက်ကွာ၊ အပျော်ပေါ့" "ကီးဘုတ်လိုနေတယ်၊လုပ်ဦးဟ" ကိစ္စမရှိ၊ ဖြိုးငြိမ်းက သူမဆိုတဲ့အချိန်တီးပေးမည်။ ဆိုရင်းတော့ မတီးနိုင်ပါတဲ့။ တယောသမားလည်းရှိသည်။ ဘရန်ဆိုင်း။ "အိုကေ၊ ဒါဆိုရပြီ" ဟုလူရွေးပွဲပြီးသွားတော့သည်။

စာရင်းချုပ်သော် -

ကိုလွင်မိုးသူ - Lead Guitar
(ဂိမ်းသမား၊ အရက်နံ့ရလျှင် ဘာကိုမှအာရုံမစိုက်နိုင်၊ ခေါင်းမူးတတ်သူ၊ သူ့အိမ်က အရက်ဆိုင်ဖွင့်ထားသဖြင့် မိဘများ၏အလိုအရ ပယောဂဆရာထံတွင် အရက်မတည့်ဆေးထိုးထားသူ။ ထိုဆေးကြောင့် အရက်နံ့ကိုမခံနိုင်ဟုဆိုသည်။ ဟုတ်မဟုတ်တော့မသိ။ သူကိုယ်တိုင်လည်း အရက်ကိုစနစ်တကျရှောင်ကြဉ်သူဖြစ်သည်။)

မြတ်ကို - Drummer
(ရိုးရိုးဆေးပေါ့လိပ်ကို မျက်လုံးများမှေးစင်းဖွာရှိုက်ပြပြီး ဟိုဟာပါတာလိုလို၊ ဒီဟာထည့်ထားတာလိုလို လူရှိန်အောင်သရုပ်ဆောင်တတ်သည်။ သဘောကောင်း၍နှစ်လိုဖွယ်ရှိသည်။ ဂီတကို လမ်းကြုံစိတ်ဝင်စားသည်။)

ဘရန်ဆိုင်း - Violin
(အသင့်ရေးထားသော ရည်းစားစာများကို ဆောင်ထားလေ့ရှိသည်။ သူ့တယောလိုပင် အသံက ချွဲချွဲနွဲ့နွဲ့။ ဘုရားကျောင်းတွင် သင်တန်းလက်ထောက်ဆရာ။ ပဲနည်းနည်းများသည်မှလွဲ၍ ပေါင်းလို့သင်းလို့ရသည်။)

မောင်ဟိန်း - Bass Guitar
(လူစုံလျှင် သောက်ကြစို့ဟု ဆော်သြတတ်ပြီး အားလုံးဒေါင်းသွားချိန်တွင် ယောင်ချာချာကျန်ခဲ့လေ့ရှိသူ၊ အရှိုက်ကို အွတ်ခနဲမြည်အောင်ထိုးလိုက်သောလက်သီးလို ၀ရုန်းသုန်းကားပြောတတ်သော်လည်း ကျေနပ်လောက်အောင်ချော့မော့လျှောချတတ်သည်။ ဘာကိုမှ သေချာမသိသော်လည်း ဟိုယောင်ယောင်ဒီယောင်ယောင် ကျွမ်းကျင်အဆင့်။)

ဖြိုးငြိမ်း - Keyboard
(ဖဲရှုံးလျှင် ကျောင်းမလာတတ်။ တစ်နေကုန်အိပ်တတ်သည်။ ဖဲကိုစီးပွားရေးလုပ်ငန်းတစ်ခုလိုအောင်မြင်အောင် စွမ်းဆောင်နိုင်သူ။ အနိုင်များသောနေ့များတွင် သူငယ်ချင်းအားလုံးကို စိတ်ကြိုက်ခွဲဝေသုံးစွဲခွင့်ပြုသူ၊ ဘရန်ဆိုင်းနှင့်တွေ့လျှင် ဖွန်ကြောင်ကာ၊ လွင်မိုးသူနှင့်တွေ့လျှင် ဂိမ်းနှိပ်ပြီး၊ ကျွန်တော်နှင့်တွေ့လျှင် အရက်သောက်တတ်သူ။ ဆေးစက်ကျရာ(အရုပ်ထင်မဟုတ်) ညစ်ပတ်သည်။

ဌေးကြီး - Second Lead
(လူလိုသဖြင့် MP မေဂျာမှ ခေါ်ထားရသူ။ လွင်မိုးသူ၏ သူငယ်ချင်း၊ သူ့လိုပင်တစ်နှစ်ကျထားသည်။ မျက်မှန်ပါဝါ ၇၀၀ နှင့် Reapter ရုပ်မပေါက်သူ။ မျက်မှန်ကို လက်မဖြင့် ၁မိနစ်လျှင် အကြိမ် လေးဆယ်ခန့် တွန်းတွန်းတင်နေတတ်သည်။ အမြဲတမ်းလွမ်းလွမ်းဆွေးဆွေးမျက်လုံးများဖြင့် စာဖတ်နာသူ။)


တီးဝိုင်းအဖွဲ့ကြီးကား အောင်မြင်စွာဖွဲ့စည်းပြီးချေပြီ။ တီးဝိုင်းကိစ္စပြီးသဖြင့် အဆိုတော်ကိစ္စက ရောက်လာသည်။ အဖွဲ့သားအားလုံးဆုံပြီး တစ်ပုဒ်လောက်တီးပြလိုက်သောအခါ အကိုတွေအမတွေအားလုံးက သဘောကျကြသည်။ အဆိုတော်ရွေးမည့်ကိစ္စလည်း ညီလေးတို့ပဲလုပ်ပေးပါဟုဆိုလာသည်။ ရတာပေါ့။ စာမသင်ရရင် ပြီးရောမဟုတ်လား။
ကျောင်းရှေ့တည့်တည့်ရှိဘုရားဝင်းထဲတွင် အသံစမ်းမည်။ အကတိုက်မည်။ roll call များအား စာရွက်တစ်ရွက်ဖြင့် သီးသန့်ရေးပေးမည်။ အတန်းမတက်သော်လည်း roll call ပေးရန်ပေါ့။ အဲ့သဘောကို ရုံးစာဆန်ဆန်ရေးပြီးသကာလ ဌာနမှူးထံတင်ပြသောအခါ လုပ်ပါဟု ခွင့်ပြုချက်ကျလာသည်။ ဤသို့ဖြင့် တရားဝင်ကျောင်းပြေးခဲ့ကြလေသည်။

အမှန်မှာ ဂစ်တာတစ်လက်တည်းဖြင့် အသံစစ်၊ကီးချိန်လျှင်ရပြီ။ အတီးသမားတစ်ယောက်သာလိုသည်။ သို့သော်လက်ရှိတွင်မူ အတီးသမားအားလုံး သစ်ပင်အောက်တွင်မိန့်မိန့်ကြီးထိုင်နေကြသည်။ လွင်မိုးသူက တီး၊တစ်ယောက်ပြီးတစ်ယောက်လာဆိုပြစေ။ ထိုအချိန်က မိန်းကလေးအဖွဲ့များခေတ်ထနေရာ၊ စင်ပေါ်တက်ရတာလည်းအဖော်ရှိ၊ ကိုယ့်အသံမပြည့်တာလည်း လူမသိ ဖြစ်ရလေအောင် နှစ်ယောက်တွဲသုံးယောက်တွဲ ဆိုကြဖို့ စာရင်းပေးသူကောင်မလေးတွေများသည်။ မင်းမချစ်ရင်ကောင်းမယ်တို့(No အဖွဲ့ထင်သည်)၊ ကမ္ဘာကျော်တဲ့မင်းသားလေးလည်းမတွဲချင်ပါဘူးအစချီ(Blueberryr မှတ်သည်) တို့လို ပျင်းစရာသီချင်းများသာများသည်။

ယောက်ျားလေးတွေထဲကတော့ "ပန်ဆင်ဖို့ ပန်းလေးလိုပွင့်လန်းနေ၊ မပန်ချင်လည်းနှလုံးသားကို ခြွေလိုက်လေ"။ ဒါပဲထပ်နေသည်။ ဇော်ပိုင်သီချင်းကလည်း တစ်နိုင်ငံလုံးပျံ့နှံ့စီးဝင်ချိန်။ ဒီသီချင်းကိုပင် သုံးယောက်လုနေသဖြင့် မဲနှိုက်ပြီးရွေးပေးလိုက်ရသည်။ အားလုံးအဆင်ပြေသည်။ အမှန်အတိုင်းဝန်ခံရလျှင် ခက်ခက်ခဲခဲတီးပေးရမည့်သီချင်းတွေ မပါ။
သာမန်တွေသာဖြစ်သည်။ တကယ်တီးကြကြေးဆိုလျှင် လတ်တလောကောက်ဖွဲ့လိုက်သောကျွန်တော်တို့အဖွဲ့မှာ အဆင်မပြေနိုင်။ ဒါတောင် Korn သီချင်းဆိုချင်လို့ဟူသောငနဲအား တောင်းပန်၍ထားရသည်။

"မလုပ်ပါနဲ့ကွာ၊ တစ်ပုဒ်လုံးမပြောနဲ့ တစ်ဘားတောင်တီးလို့ရမှာမဟုတ်ပါဘူး။ ကျန်တာလုပ်ပါဟ"ဟု ဆိုလိုက်သဖြင့် သူ့ခမျာ Big Bag သတိရရဲ့လားဖြင့် ကျေနပ်သွားရရှာသည်။ အားလုံးပြီးပြီ၊ သီချင်းတိုက်ရန်သာရှိသည်။ ဒီတော့သီချင်းတိုက်ရန် ကုန်ကျစရိတ်အတွက် စီစဉ်သူများကို ပြောရပြန်သည်။ ဘတ်ဂျတ်အခြေအနေက မဆိုးလှ။ ECကျောင်းသားတစ်ဦးလျှင် ၂၀၀၀ စီကောက်သည်။ ဒံပေါက်ကျွေးမည်။ အအေးတိုက်မည်။ မြို့တော်ခန်းမမှာလုပ်မည်။ တီးဝိုင်းပစ္စည်းအပါအ၀င် ခန်းမကြေးက သိပ်မရှိ။ အအေးကလည်း "အာရှ"မှ စပွန်ဆာပေးမည်။ တုံ့ပြန်ချက်အနေဖြင့် နောက်ခံပိတ်ကားတွင် သူတို့တံဆိပ်တပ်ပေးရမည်။ သံချပ်အဖွဲ့က သူတို့နာမည်ပါ တီရှပ်များဝတ်ပေးရမည်။ ဒါပဲဖြစ်သည်။ သီချင်းတိုက်ဖို့နေရာက ၃၅လမ်းမှာ။ တစ်နာရီ ၃၅၀၀ ၊ မီးမလာလျှင် ၄၅၀၀ ၊ ဒီတော့မြို့ထဲပြန်ထွက်ရမည်။ ထို့ကြောင့်နောက်ပိုင်းရက်များတွင် ကျောင်းလာချိန်ယူနီဖောင်းမ၀တ်ကြတော့။ ဘုရားထဲလာ၊ roll call ရေး၊ မြို့ထဲပြန်ထွက်၊ သီချင်းဆိုမည့် ကောင်မလေးများကို ဆိုင်ကယ်ကိုယ်စီဖြင့်တင်ကာ ရွလျက်၊ ထလျက်၊ ကြွလျက်ရှိကြလေသည်။

သီချင်းအားလုံး ၂၃ ပုဒ်လောက်ရှိမည်ထင်သည်။ သည်လိုနဲ့ရက်က တဖြည်းဖြည်းနီးလာသည်။ ၅ရက်၊တစ်ပတ်သာလိုတော့သည်။ ဒီမှာပြဿနာကစသည်။ မျိုးသိန်းတို့ သံချပ်အဖွဲ့က ပြဇာတ်ပါတာဝန်ယူထားသည်။ အခုမှ မရဟုဆိုလာသည်။ ပြဇာတ်ကို မလုပ်နိုင်၊ရေး၍မရပါ တဲ့။ စီစဉ်သူတွေက ထည့်စေချင်သည်။ နှစ်စဉ်အစဉ်အလာလည်းဖြစ်သည်။ ပြီးတော့ဇာတ်တော်ကြီးတွေလည်းမဟုတ်။ ဟာသဖြင့် အမှားများကို ဝေဖန်ထောက်ပြစေချင်သောပုံစံဖြစ်သည် တဲ့။ သည်တော့ဘယ်သူရေးနိုင်မလဟု ဟိုပုတ်ဒီပုတ်လုပ်ရင်း ကျွန်တော့်ဆီရောက်လာသည်။မတတ်နိုင်တော့။ တတ်ယောင်ကားကျွန်တော့်မှာ သူများတွေသီချင်းတိုက်နားနေချိန် တကုပ်ကုပ်ရေးရပြီ။
 "မင်းကမအားလို့ မခေါ်တော့ဘူးနော်။ နားချိန်လေးအအေးသွားသောက်ဦးမယ်ဟ" ဟုဆိုကာ ကောင်မလေးနှစ်ယောက်စီတင်လျက်ထွက်သွားသော ဖြိုးငြိမ်းနှင့် ဘရန်ဆိုင်းကိုသာ နားရင်းတွေ ပစ်ပစ်ကျွေးချင်စိတ်တဖွားဖွားဖြစ်ရပြန်သည်။


မနက် ၇နာရီခွဲလောက်ကျောင်းကိုလာ၊ မြို့ထဲပြန်သွားသီချင်းတိုက်၊ ထမင်းစား၊ နေ့လည်ပိုင်းကျောင်းပြန်လာ၊ ဘုရားဝင်းထဲသွား၊ ပြဇာတ်တိုက်၊ ကျောင်းဆင်းချိန်ပြန်လာ၊ မြို့ထဲမှာစီစဉ်သူတွေနဲ့တွေ့၊ လိုအပ်တာတွေဆွေးနွေးကြ။ ဒီလိုနဲ့ ကျွန်တော့်မှာမအားနိုင်။ ရက်က တဖြည်းဖြည်းနီးကပ်လာတော့ ခန်းမက ၂ရက်ကြိုတင်အစမ်းလေ့ကျင့်ခွင့်ပေးသည်။ ပွဲကျင်းပမည့်ရက်က တနင်္ဂနွေဖြစ်နေသဖြင့် ကျန်မေဂျာများမှ သူငယ်ချင်းများကိုလည်း ဖိတ်စာတွေရောင်းရသေးသည်။ တခြားကျောင်းများကိုလည်း ကြေငြာထားသည်။ ကွန်ပြူတာတို့၊ တိုင်းရင်းဆေးတို့၊ ဆေးကျောင်းတို့၊ UFL တို့။

ဒီလိုနဲ့ စနေနေ့ရောက်လာ၏။ အားလုံးအခက်အခဲမရှိအိုကေ။ တီးဝိုင်းပစ္စည်းတွေလည်းစင်ပေါ်မှာရောက်နေပြီ။ နောက်ခံစာတန်းဘာညာ အကုန်ရယ်ဒီဖြစ်ပြီ။ မော်ဒယ်လ်ရှိုးအတွက် နောက်ဆုံးလေ့ကျင့်မှုလုပ်နေသော မမကြီးတွေကို ထိုင်ငေးနေလိုက်သည်။ ထိုအချိန်တွင် BEတန်းမှ ကိုဇင်ကိုကပြောသည်။"ညဒီမှာအိပ်မလား၊ငါတို့ကအိပ်ကြမှာ၊ လူနည်းနေလို့မင်းတို့လည်းအိပ်ပါလား" လွင်မိုးသူကမရ အိမ်ပြန်ရမည်။ ကျွန်တော်တို့သောက်မှာသိသဖြင့်ပြေးခြင်းလည်းဖြစ်နိုင်သည်။ ဖြိုးငြိမ်း၊ ကျွန်တော်၊ ဘရန်ဆိုင်း၊ ဌေးကြီးတို့က အဆောင်နေများမို့ရသည်။

မြတ်ကိုက အိမ်မှာနေသော်လည်း ပြောလျှင်ရမည်။ သီချင်းဆိုမည့်ထဲက ကိုဇင်ကို၊ ထင်ကြီး၊ ငချမ်း၊ ထူးမောင်၊ ဇွဲညီ အိပ်ကြမည်။ ပြဇာတ်၊သံချပ်အဖွဲ့က မျိုးသိန်းတို့၊ ပြောင်ကြီးတို့လည်းအိပ်မည်။ တကယ်တမ်းအိပ်ကြမည့်အဖွဲ့က ၁၅ယောက်လောက်ဖြစ်သွားသည်။ သည်တော့ ကိုဇင်ကိုက နည်းနည်းအင်တင်တင်။ "ခန်းမမှူးက ရပါ့မလားမသိဘူးကွ၊ သူ့ကိုခွင့်တောင်းရမှာ သူကအိပ်ဆိုအိပ်ကြတာပေါ့"

ခန်းမမှူးဆီ ကျွန်တော်အပါအ၀င် ၄ယောက်လောက်ချီတက်ကြ၏။ သူ့ရုံးခန်းထဲဝင်ပြီး ဒီညခန်းမမှာ ၁၅ယောက်လောက်အိပ်မည့်အကြောင်းပြောလိုက်သည်။ ခန်းမမှူးက ဘာမှမပြော၊ တစ်ခွန်းတည်းမေး၏။ "မင်းတို့သောက်မှာလား"။ ကျွန်တော်တို့မှာမဖြေနိုင်ပြီ။ သောက်လျှင်မအိပ်ရဟူသည့်လေသံ။ အခုအိပ်မည့် ၁၅ယောက်မှာ ၁၅ယောက်လောက်က အသောက်သမားတွေဆိုတော့ အဖြေကားရှာသည်၊မတွေ့ဟုပင်ဆိုရမလိုလို။ သူကဆက်ပြောသည်။ "မင်းတို့သောက်မယ်ဆို ဒီမှာပဲသောက်ကြ၊ အပြင်မထွက်နဲ့လို့ပြောမလို့ပါ။ ၁၅ယောက်တောင်ဆိုတော့ တစ်ခုခုဖြစ်မှာစိုးလို့"။ ကျွန်တော်တို့မျက်လုံးများမှ တဖျတ်ဖျတ်လင်းလာသောအရောင်သည် မြို့တော်ခန်းမကြီးတစ်ခုလုံး၏ လင်းထိန်နေသော မီးအလှများကို ကျော်သွားမတတ်ပင်။

မျှော်လင့်ချက်ကြီးလွန်းလျှင် အချိန်တို့ကုန်ခဲလှ၏။ ပုလင်းသွားဝယ်သောကိုဇင်ကိုတို့မရောက်သေး။ ကျွန်တော်တို့မှာ ခန်းမအတွင်းရှိရှေ့ဆုံးတန်းဆိုဖာများပေါ်တွင်ထိုင်လျက် စင်အနောက်ခံကားလိပ်ကြီးကိုလည်းကောင်း၊ စင်ပေါ်တွင်ခင်းထားသော ကတ္တီပါကောဇောကြီးကိုလည်းကောင်း၊ စင်ရှေ့တွင် ထိုးထားသော အလှပန်းအိုးကြီးများကိုလည်းကောင်း စိတ်ကူးတည့်ရာငေးမောလျက် ကားသံကိုသာစောင့်မျှော်နေမိကြ၏။ များမကြာမီပင် မြို့တော်ခန်းမ၀င်းအတွင်းသို့ ကားဝင်လာသံကြားရလေသည်။

ပစ္စည်းများအားအပြေးအလွှားချသောအခါ Grand Royal ၀ီစကီရွှေပတ် ၁၀တောင့်၊ Mandalay 12years Rum ၅တောင့်၊ မြန်မာဘီယာ ၁ဖာ၊ အာရှပင်မှည့် ၂ဖာတို့ကို အားပါးတရတွေ့ရလေသည်။ အမြည်းမှာလည်း စုံစွာ။ ငါးသံပုရာပေါင်း၊ကြက်ကင်မှသည် နေကြာစေ့၊ဦးဦးမရမ်းပေါင်းအထိ။
မှန်လေးမှန်နှင့်ကိုက်ညီလေပြီ။ အချိန်မှန်၊ လူမှန်၊ နေရာမှန်၊ ပစ္စည်းမှန်။

ဇာတ်လမ်းကားအသေးစိတ်စရာမလိုတော့။ ရုပ်ရှင်တွေထဲကလို ၂နာရီခန့်ကြာသော်ဟု စာတန်းထိုးရမည်လားမသိ။ ၀ီစကီတို့မှာပြောင်ပြီ။ ရမ်တို့ကိုလည်းဖွင့်နေပြီ။ ပလပ်ကျွတ်သလိုလို၊ ခဲလွတ်သလိုလို၊ ဆားကစ်ပျက်သလိုလို အမူအရာများကိုလည်း စတင်တွေ့ရှိရလေ၏။ ဤနေရာတွင် အထူးဧည့်သည်တော်ကြီးအား မိတ်ဆက်ပေးလို၏။ အခြားမဟုတ်။ ခန်းမမှူးပင်။ "အပြင်သွားသောက်ရင်တစ်ခုခုဖြစ်မှာစိုးလို့"ဟူသော စကားသည် သူပါရောယောင်၍ သောက်ချင်သဖြင့်လီဆယ်ကြောင်းသိရသော်လည်း အသိနောက်ကျလေပြီ။ အပြစ်တင်စကားလည်းမဆိုရက်။ အရက်သည် အသောက်သမားအချင်းချင်း အလွန်အမင်းချစ်ခင်ရင်းနှီးစေသည်မဟုတ်ပါလော။ ခန်းမမှူးမှာ အခံလည်းရှိထားပုံရသည်။ ခဲလွတ်သည့်အဆင့်မဟုတ်၊ ဒိုင်အုပ် လဲရမည့်အခြေအနေဖြစ်နေလေသည်။ စတိတ်ရှိုးတွင်သုံးသော အပေါ်ပင့်မီးများ၊ မာကျူရီမီးများကို ထဖွင့်သည်။ ငါ့ညီလေးတွေ ခြင်ကိုက်နေမှာစိုးလို့ ဟူသောစကားဖြင့် ကျွန်တော်တို့မှာ မျက်နှာများပူစပ်ပူလောင်ဖြင့် ခွက်ကိုမော့ရလေ၏။

ထိုအချိန်တွင် စတိတ်စင်ဘေး၊ အ၀တ်လဲခန်းအတွင်းမှ ခွမ်းခနဲကြားလိုက်ရာ ကျွန်တော်တို့အပြေးအလွှားသွားကြည့်လေသည်။ အ၀တ်လဲခန်းအတွင်းမှ ဘိုထိုင်အိမ်သာပေါ်တွင် မြတ်ကိုမှာ ငုတ်တုတ်ကြီးထိုင်လျက်၊ အီးပါရင်းအိပ်ပျော်နေသည်။ အိမ်သာတံခါးက မပိတ်၊ ဘိုထိုင်ခွက်ရေကန်အဖုံးမှာ နံဘေးကြမ်းပြင်တွင်ကြေမွလျက်။ မျက်နှာကို အိမ်သာရေနှင့်ပက်လိုက်မှ အူကြောင်ကြောင်ဖြင့် ထသွားဖို့လုပ်သည်။ တံခါးကို အမြန်တွန်းပိတ်ပြီး "ဟေ့ကောင်၊ မင်းအီးပါနေတာမလား၊ မထွက်ခဲ့နဲ့၊သေချာလုပ်ပြီးမှထွက်ခဲ့"ဟုအော်ရသည်။ စိတ်ချရအောင်အပြင်က ကလန့်ထိုးထားလိုက်၏။ ပြောင်ကြီးကိုလည်းကြည့်ပါ။ ဆိုဖာပေါ်တွင် စက္ကူတစ်ရွက်ကိုလုံးချေမွ၍ ပစ်ထားသလို ခွေခေါက်စုတ်ပြတ်နေ၏။ အသက်မှရှိသေးရဲ့လားဟု အတွေးဖြင့် အနားကပ်ခါမှ ခြင်အပေါင်းတို့သည် ခိုအုပ်ကြီးထပျံသလို ၀ုန်းခနဲပြန်သွား၏။
သနားသောအားဖြင့် နံဘေးရှိထောင်ထားသော ဖယောင်းပုဆိုးလိပ်ဖြင့် ပတ်ပေးခဲ့ရလေသည်။

စတိတ်စင်ပေါ်ပြန်ထွက်လာတော့ ကိုဇင်ကိုတို့က ရမ်နောက်တစ်လုံးထပ်ဖွင့်ပြီ။ ခန်းမမှူးကား ဒရမ်ရိုက်နေ၏။ ည ၁၁နာရီခန့်၊ ဟောခန်းကြီးထဲတွင် အမူးသမားတစ်ယောက်၏ ဒရမ်လက်သံကိုနားထောင်ဖူးပါသလော။ ကျွန်တော်တို့လည်း နားဒုက္ခကိုမေ့လျော့စေရန် ရမ်နောက်တစ်လုံးဖွင့်၏။ ဘီယာတစ်ဖာမှာ ၃လုံးလားကျန်တော့သည်။ ငချမ်းကားလက်ဖက်သုပ်ပန်းကန်ကို ကတ္တီပါကောဇောကြီးပေါ် မှောက်ပစ်လိုက်သည်။"ငါ့ကို ခွင့်မလွှတ်ပါနဲ့ သူငယ်ချင်းတို့ရာ"ဟု အော်ပြီး ခြင်ဆေးခွေများကို ၀ါး၏။ ဖြိုးငြိမ်းက စိတ်တိုသဖြင့်နံဘေးရှိ ဟော်လိုဂစ်တာတစ်လုံးကိုလွှင့်ပစ်လိုက်၏။ ဌေးကြီးက ကြိုးနှစ်ချောင်းပြတ်သွားသောဂစ်တာကို ပြန်ကောက်ရင်း"မနက်ကျလိုသေးတယ်ဟ၊ကြိုးဝယ်ချိန်မရနိင်ဘူး"ဟု ဆိုကာ နောက်ခံကန့်လန့်ကာတွင်စာလုံးများစီ၍တန်းထားသောစတီးကြိုးများကို သွားဖြုတ်သည်။ အရက်ဝိုင်းဆီပြန်အလာတွင် ငါးသံပုရာပေါင်းပန်းကန်ကိုနင်းမိသဖြင့် အရိုးစူး၍ပြေးရာ ဆောင်းဘောက်ကိုဝင်တိုက်၍မျက်မှန်ကွဲ၏။ ဇွဲညီက ထူးမောင်အားဆေးလိပ်တောင်းရာမပေးသဖြင့် ဘီယာဖြင့်လှမ်းပက်၏။ ထူးမောင်မှာ ပြန်မလုပ်နိုင်၊ ပေပွနေသော အန်ဖတ်တို့ကိုသာ ကတ္တီပါကောဇောကြီးဖြင့် ပွတ်သုတ်နေလေသည်။ ဘရန်ဆိုင်းမှာကား ဖုန်းတစ်လုံးဖြင့် တွေ့ကရာနံပါတ်တို့ကိုနှိပ်ကာ အိပ်ပြီလား၊အိပ်ပြီလား လုပ်နေ၏။ မျိုးသိန်းမှာတော့ ခြေထောက်ကို ရေခဲဘူးထဲနှစ်လျက် ဟောင်ပင်ဟောက်နေပြီ။ ကျွန်တော့်မှာ အတော်ကြီးမူးနေလျက်ကပင် အရိုးစူးချင်သလိုလို၊ ရူးချင်သလိုလို၊ အီးပါချင်သလိုလို၊ အန်ချင်သလိုလို၊ ဒရမ်ရိုက်ချင်သလိုလို၊ ဖုန်းဆက်ချင်သလိုလို၊ ခြင်ဆေးခွေစားချင်သလိုလို ဖြစ်၍နေပေ၏။


မနက် ၉ နာရီစမည့်ပွဲအတွက် မနက် ၇နာရီထ၍သန့်ရှင်းရေးလုပ်သော်လည်း မမီပါ။ နေကြာစေ့ခွံတို့ကား စင်ပေါ်တွင်ပြန့်ကျဲလျက်၊ အန်ဖတ်၊ဟင်းအနှစ်၊အရက်၊ဘီယာတို့ကား အခင်းကို အကွက်အကွက်ထစေလျက်၊ ဆေးလိပ်မီး၊ခြင်ဆေးခွေတို့ကား အခင်းကို အပေါက်အပေါက်ဖြစ်စေလျက်။ EC Fresher Welcom ဟူသော စာတန်းကားရွဲ့တိရွဲ့စောင်းတည်ရှိလျက်။ အိမ်သာရေကန်အဖုံးမှာ ကြေမွလျက်။ ခန်းမမှူးကားမတွေ့ရတော့။ ဘယ်မှာပုန်းနေသည်မသိ။ ပြောင်ကြီးမှာ ၀ဲလ်ကမ်းမတက်နိုင်။ နဂိုကပင်အားပြတ်နေသဖြင့် ပုလင်းကြီးချိတ်လိုက်ရသည်ဟုကြားသည်။ ကျွန်တော်တို့အားလုံးအဆောင်ပြန်ရေချိုးသော်လည်း ရုပ်ထွက်များက ဘယ်လိုမှမသားနား။ မျက်နှာများမှာ နီစပ်စပ်၊ ပွစိစိ၊ ပြောင်စပ်စပ်ဖြစ်နေ၏။ အတီးပိုင်းတွင်လည်းအဆင်မပြေ၊ ဒရမ်ကျူနင်များက မမှန်၊ ညက ခန်းမမှူးလက်ချက်ကြောင့် သားရေတို့မှာလျော့နေလေပြီ။ ဘတ်ဘတ် သာထွက်၏။ ပြဇာတ်တွင်လည်း ကျွန်တော်က ခပ်စပ်စပ်လေးလုပ်ထားလိုက်သည်။ ကျောင်းကားတွေအရမ်းနှေးသည့်အကြောင်း၊ ကျောင်းတံခါးကြီးက ကျောင်းတက်ချိန်ဆိုလျှင်စောစောပိတ်၍ ကျောင်းဆင်းချိန်ဆိုလျှင် နောက်ကျသည့်အကြောင်း၊ ကွန်ပြူတာပရိုဂရမ်းမင်းန်ဘာသာရပ်ကို ဘလက်ဘုတ်ပေါ်မှာ သင်ရသည့်အကြောင်း၊ အိမ်သာတွေရေမရှိသည့်အကြောင်း၊ လက်တွေ့ခန်းမှာ တစ်ပတ်တစ်ခါပင်မ၀င်ရသည့်အကြောင်း၊ တတ်နိုင်သလောက်ထောက်ပြထားရာ ကျောင်းမှလူကြီးအချို့က ဘာကိုစိတ်ဆိုးသည်မသိ။ ပြီးအောင်ပင်မကြည့် ထပြန်သွားကြလေသည်။ အရေးထဲမော်ဒယ်လ်ရှိုးမှ ကောင်မလေးကြီးငယ်တစ်သိုက်ကလည်း မျက်စောင်းတခဲခဲ။ ခြေထောက်တွေ နေကြာစေ့ခွံစူးလို့ဖြစ်မည်။

ဇာတ်ပေါင်းသော် မန္တလေးနည်းပညာတက္ကသိုလ် ၂၀၀၇-၂၀၀၈ သမိုင်းတွင် Black List စာရင်းဝင်များရှိခဲ့ဖူးကြောင်း၊ မန္တလေးမြို့တော်ခန်းမသမိုင်းတွင်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ ညအိပ်လက်မခံတော့ကြောင်း၊ အတူဆိုးခဲ့ပေခဲ့တေခဲ့ရူးခဲ့မူးခဲ့သောသူငယ်ချင်းများကို ပြန်လည်တမ်းတနောင်တမရစွာ လွမ်းဆွတ်နေသော သူငယ်ချင်းတစ်ယောက်ရှိကြောင်း၊လေချဉ်တက်စွာရေးသားလိုက်ရပါသည်။





ဟိန်း



(၁၁.၁.၁၃)

နံနက် ၃း၄၈



No comments:

Post a Comment