Sunday, January 13, 2013

ဟစ်စထွီထဲမှာ ဂျက်ကိုထားရစ်ခဲ့

စာပေအနုပညာသုခုမတည်းဟူသော ဘာသာရပ်အပေါ်၌ ကျွန်ုပ်ဆရာကြီးဂျက်ကဲ့သို့ပင်ကြိုးစားဖတ်ရှုပြုစုရေးသား ဈာန်ဝင်စားလျက်ရှိကြကုန်သည့် ကျွန်ုပ်၏ ရေးဖော်တွေးဖော် ဆွေးဖော်အပေါင်းတို့အား လက်ဦးမဆွ ကျွန်ုပ်မေးထည့်ချလိုက်ချင်သော မေးခွန်းမှာကား ခင်ဗျားတို့တစ်တွေ ဘယ်အချိန်လောက်ကတည်းက ဖြစ်နေကြပြီလဲဟူသော မေးခွန်းပင်တည်း။ မှန်ချေသည်။ စကားပြောသောအခါ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ပင် ဘွင်းဘွင်းကြီးပြောချတတ်ချေသော အကျွန်ုပ်က သို့ကလိုသာလျှင် ဘွင်းဘွင်းကြီးတုတ်ထိုးအိုးပေါက် မေးထည့်လိုက်ချင်တော့ပါသည်။ ခင်ဗျားတို့တတွေ ဘယ်အချိန်လောက်မှာတုန်းက ဖြစ်နေကြပါပြီလဲ။

ဂျက်၏မိတ်ဆွေ စာရေးဆရာမောင်တင်ဆင့်ကမူကား မဟေသီမဂ္ဂဇင်း၏ စာမျက်နှာများပေါ်မှနေ၍ အနှီအချိန်က စိုးမြင့်လတ်ကားမဖြစ်သေးချေ။ မောင်ခိုင်မာကား ဖြစ်ချေပြီ။ နေ၀င်းမြင့်ကား ဖြစ်လုဖြစ်လု၊ သဲအိမ်မောင်နေ၀ါကား ဖြစ်တော့မလို တန်းလန်း၊ မိမိ မောင်တင်ဆင့်ကား ဖြစ်နှင့်ပြီ၊ ကိုဖေမြင့်လည်း မိမိနှယ်ဖြစ်ဖို့ အားယူနေပါပြီ။ စသည် စသည်ဖြင့် အနှီဖြစ်သည် မဖြစ်သည်များကို အထူးပင် စိတ်ဝင်တစား ရေးသားမှတ်တမ်းတင်လျက်ရှိပါ၏။ မောင်တင်ဆင့်၏ ပုံမနှိပ်ရသေးသော စာပေသုံးဝေါဟာရများ အဘိဓာန်အလိုအရ '' ဖြစ်သည် '' ဟူသည်မှာ '' စာပေလောက၌ နေရာတစ်နေရာရသွားခြင်း '' ဟူ၍ အနက်ထွက်နေဟန် တူပါသည်။ အနို့ကြောင့် ကျွန်ုပ်က အနှီဝေါဟာရကို အကြောင်းပြုကာ ခင်ဗျားတို့တတွေ ဘယ်အချိန်လောက်မှာတုန်းက ဖြစ်နေကြပြီလဲဟူ၍ မေးထည့်လိုက်ခြင်း ဖြစ်ဘိပါ၏။ ဟုတ်ကဲ့ ။ ခင်ဗျားတို့၏ ချစ်မိတ်ဆွေ ကျွန်ုပ်ဆရာကြီးဂျက် တစ်ယောက်ကတော့ ဟိုးတော်တော် စောစောတုန်းကတည်းကပင် ဖြစ်နေခဲ့သူ ဖြစ်ချေလေတော့သည်တမုံ့။

ကျွန်ုပ်ဂျက်သည် မည်သည့်အချိန်လောက်တုန်းက မည်သို့မည်ပုံဂျက်ဟူ၍ ဖြစ်ခဲ့လေတုံသနည်းဟူသော အကြောင်းမှာကား အလွန်အင်မတန်မှကိုပင်လျှင် စိတ်ဝင်စားဖွယ်ကောင်းလှသောအချက် ဖြစ်ပါ၏။ ယင်းနှင့်ပက်သက်၍ ပွင့်သစ်လူငယ်တစ်ဦးကပင်လျှင် ဂျက်ဖြစ်လာပုံသမိုင်း ဟူ၍ ကျမ်းတစ်စောင်ပြုစုနေသလိုလို သတင်းသဲ့သဲ့ကြားမိရာ လွန်စွာမှ လျော်ကန်သောအမှုဖြစ်ပါ၏။ ထားတော့။ စကားကိုဆက်ရသော် ဂျက်ဖြစ်လာပုံသည်ကား လွန်စွာမှကို စိတ်ဝင်စားဖွယ် ကောင်းလှပါ၏ ။ ထိုအချိန်များတုန်းဆီက ကျွန်ုပ်သည် မဂ္ဂဇင်းမည်ကာမတ္တလေးတစ်စောင်၌ သုံးကြောင်းကဗျာလေးတစ်ပုဒ်မျှသာလျှင် ပါဝင်ခွင့်ရထားပြီးစ လူမသိသူမသိ ကာလကလေးဖြစ်ပါ၏။ သို့စေကာမူ ကျွန်ုပ်သည်ကား မိမိကိုယ်မိမိ အထင်ကြီးကာ အတင်းကိုပင် ကျယ်ပစ်လိုက်ခဲ့ပါလေ၏ ။

ကျွန်ုပ်သည် စာပေကြောင့်သာလျှင်သာမက ဘ၀နေထိုင်မှု၊ ဘ၀ရပ်တည်မှု၊ ဘ၀တည်ဆောက်မှုများနှင့်ပတ်သက်၍ လူထုအပေါင်း၏ လေးစားခြင်းကို ခံနေကြရပေသော သတင်းစာဆရာ စာရေးဆရာမကြီးအမေလူထုဒေါ်အမာ၊ စာရေးဆရာကဗျာဆရာကြီး ဒဂုန်တာရာ၊ စာရေးဆရာကြီးဆရာပါရဂူ၊ စာရေးဆရာဘာသာပြန်ဆရာကြီး ဆရာမြသန်းတင့်၊ စသည်စသည်တို့၏ အိမ်များကိုဇွတ်ရောအတင်းရောဆိုသလို ၀င်ထွက်သွားလာပစ်လိုက်ခဲ့ပါ၏။ ယင်းသည်ကား ဂျက်ကွမ်းခြံကုန်းဟူသည့်လူတစ်ယောက် ဖြစ်လာစေရန်အတွက် အင်ထရိုဒတ်ရှင်းများပင် ဖြစ်ချေလေသည်တမုံ့။

အခါတစ်ပါးဆီ၌ ကျွန်ုပ်သည် ဆရာဒဂုန်တာရာ နေထိုင်ရာ မှော်ဘီမြို့ကလေးဆီသို့ တစ်ခေါက်ရောက်သွားခဲ့ပါ၏ ။ ထိုစဉ်က ဆရာဒဂုန်တာရာသည် ယခုကဲ့သို့ ကမ္ဘောဇ၌မဟုတ်ဘဲ မှော်ဘီ၌နေထိုင်စဉ် ကာလများဖြစ်ပါ၏။ ကျွန်ုပ်ရောက်သွားသောနေ့သည်ကား ဆရာဒဂုန်တာရာ၏ မွေးနေ့ပွဲကလေး ကျင်းပနေသောကာလလည်း ဖြစ်ပါဘိ၏

ကျွန်ုပ်တို့ကား ထိုပွဲ၌ ကံအားလျော်စွာ ဆရာဒဂုန်တာရာနှင့် တစ်ဝိုင်းတည်း ထမင်းစားခွင့်ရခဲ့ပါ၏။ ထိုအခါ ဆရာဒဂုန်တာရာနှင့် တစ်ခွန်းစနှစ်ခွန်းစ ဆိုသလို စကားပြောခွင့်ရရှိလိုက်ပါသည်။
►ဆရာ တရုတ်ပြည်ကို သွားဖူးတယ်နော်
☼ဟုတ်ကဲ့
►ဆိုဗီယက်ကိုလည်းရောက်ဖူးတယ်မို့လား
☼ဟုတ်တယ်ဗျာ
►အေးမယ်နော်ဆရာ
☼အေးတယ်ဗျ
ဒါပဲဖြစ်ပါသည်။ ဆရာနှင့်ပြောခွင့်ရလိုက်သည်မှာ ဤမျှသာဖြစ်ပါသည်။ ကျွန်ုပ်ကား နောက်တစ်လတွင် မဂ္ဂဇင်းတစ်စောင်၌ ဆောင်းပါးတစ်ပုဒ် ရေးချေသည်တည့်။ ကျွန်ုပ်သည်ဆရာဒဂုန်တာရာ၏ မွေးနေ့ပွဲသို့ရောက်ရှိသွားပြီး ဆရာက အတင်းဇွတ်ခေါ်နေသဖြင့် ဆရာ့ထမင်းဝိုင်းမှာပင်ဝင်ထိုင်လိုက်ရပါသည်။ ဆရာက ကျွန်ုပ်နှင့်စကားပြောလိုဟန် တူ၏။ ဘာပဲဖြစ်ဖြစ် တကယ့်တကယ် ပြောဖြစ်ကြပြန်တော့လည်း စကားဝိုင်းမှာ မပြတ်နိုင်တော့။ တရုတ်ပြည်၏ အခြေအနေ၊ ဆိုဗီယက်၏ လက်ရှိအနေအထားများကို ကမ္ဘာ့ရာသီဥတု အခြေအနေများနှင့်ပါ နှိုင်းယှဉ်ဆက်စပ်ပြီး သုံးသပ်မိကြခြင်းဖြစ်ပါသည်။ ယင်းတို့သည်ကား ကျွန်ုပ်၏ဆောင်းပါးမှ အချို့သော အရေးအသားများပေတည်း။ စာဖတ်ပရိသတ်သည်ကား ကျွန်ုပ်ကိုဖြုံသွားဘိချေသည်။ ဆရာဒဂုန်တာရာနှင့်ပင် သို့ကလိုဆွေးနွေးနေလေသည် ဆိုလေတော့ မခေသော ဂျက်ပေပေါ့။ ဂျက်ကား အနည်းငယ်ဖြစ်၍ သွားခဲ့ချေလေသည်။

ဂျက်သည် တခါကလည်း မန္တလေးရွှေမြို့တော်ကြီးသို့ ရောက်ရှိသွားခဲ့ပါသေးသည်။ အမေလူထုဒေါ်အမာ၏ မွေးနေ့ပွဲသို့ သွားရောက်ခဲ့ခြင်း ဖြစ်ပါ၏။ ကျွန်ုပ်က တွေ့တွေ့ချင်းမှာပင် အမေ့အား စတင်နှုတ်ဆက်ခဲ့ပါသည်။
►အမေ နေကောင်းတယ်နော်
☼အေးကွယ် သားတို့ကျန်းမာရေးဂရုစိုက်နော်
ဒါပဲဖြစ်ပါသည်။ တစ်ခါမျှမဆုံဘူးသော ဂျက်လို သာမညသုံးကြောင်း ကဗျာရှင်လေးကို အမေလူထုဒေါ်အမာက သည့်ထက်ပို၍ ပြောစရာအကြောင်း မရှိပါ။ သို့သော် ဂျက်ကား နောက်တစ်လမှာပင် ဆောင်းပါးကြီးကို ရေးချေတော့လေသည်။ မိမိထင်ထားသည့်အတိုင်းပင် ဖြစ်ပါ၏။ အမေလူထုဒေါ်အမာက မိမိကိုတွေ့သည်နှင့် မိမိ၏ ကျန်းမာရေးကိုပင် အဓိကထား၍ မေးလာခဲ့ပေပြီ။ မိမိကား စားချင်မှစား၊ အိပ်ချင်မှအိပ်၊ အရက်ကို မိုးလင်းမိုးချုပ်သောက်၊ စာကို ဖြစ်မြောက်အောင်မရေး။ ဒါကို လူကြီးတွေက အားမလိုအားမရဖြစ်ဟန် တူသည်။ မိမိတစ်ယောက် ပန်းကောင်းအညွှန့်ကျိုးဖြစ်မည်ကို စိုးရိမ်နေဟန် တူသည်။ ဒါကြောင့်လည်း အမေက ကျန်းမာရေး ဂရုစိုက်ဖို့ အထူးသတိပေးလိုက်ခြင်း ဖြစ်သည်။ မိမိကား အမေ့ကို ဘာမှပြန်မပြောတော့ဘ်ဲလစဉ်လတိုင်း သားကဗျာတွေ စာတွေကို မဂ္ဂဇင်းတွေအတွက် ကြိုးစားရေးပေးပါ့မယ်အမေရယ်ဟု စိတ်ထဲတွင် တီးတိုးရေရွတ်လျက်။
အနှီသို့ ဤသို့များဖြင့် ဂျက်က စွတ်ရွတ် ရေးချလိုက်လေသောအခါ လူတွေက ဂျက်ကို ရှိန်သွားကြပြန်ပါသည်။ အမေလူထုဒေါ်အမာလို ဆရာမကြီးကတောင် သူ့ကျန်းမာရေးကို ဂရုထားရတဲ့ ဂျက်ကွ ဘာညာနှင့်။ ဂျက်ကွမ်းခြံကုန်းကား ဖြစ်နေခဲ့ပါလေပြီ။

အခါတစ်ပါး၌မူ ဂျက်တစ်ယောက် ဆရာမြသန်းတင့်နှင့် ဆုံတွေ့ခဲ့ဖူးပါသည်။ ဂျက်တစ်ယောက်တည်းကား မဟုတ်။ ဆရာမြသန်းတင့်နှင့် သိကျွမ်းပြီးဖြစ်သော ကဗျာဆရာသုံးလေးယောက်နှင့်အတူ ဆရာ့ထံ ကပ်လိုက်သွားခြင်း ဖြစ်ပါသည်။ ဆရာက ကျွန်ုပ်တို့အပြန်တွင်
☼လုပ်ကြစမ်းပါဗျာ၊ ခင်ဗျားတို့လူငယ်တွေ ကျွန်တော်အားထားတယ် ဟု ပြောလိုက်ရာ ဂျက်အဖို့ အကွက်ဖြစ်ပါသည်။ သို့ဖြင့် -
ခင်ဗျားကို ကျွန်တော်အားထားတယ်။ ခင်ဗျားကို ကျွန်တော်အားထားတယ်။ ခင်ဗျားကို ကျွန်တော်အားထားတယ်။ ဆရာမြသန်းတင့်၏ စကားဆိုသံကြီးကား ကျွန်ုပ်၏ နောက်ဝယ် အရိပ်သဖွယ်လိုက်၍ နေပါတော့၏။ လက်ဖက်ရည်ဆိုင်ထဲတွင်လည်း ထိုအသံ၊ မူးယစ်ဝေသော နွေမိုးဆောင်းညများတွင်လည်း ထိုအသံ၊ စာရေးစားပွဲတွင်လည်း ထိုအသံ ကပ်ငြိ၍ နေပါသည်။ ခင်ဗျားကို ကျွန်တော်အားထားတယ်တဲ့။ ကျွန်ုပ်ကို ဆရာမြသန်းတင့်က။ ယင်းကား အကြောင်းရှိရပေမည်။စသည်စသည်ဖြင့် ကျွန်ုပ်က မိမိကိုယ်မိမိ သို့နှယ် ခပ်ထွားထွားကလေး ရေးချထည့်လိုက်ရာ လူတို့ ကျွန်ုပ်ကို လန့်သွားကြပြန်ပါသည်။ ဆရာမြသန်းတင့်ကတောင် အားထားရတဲ့ ဂျက်တဲ့ဟ ဘာညာ။ ဂျက်ဖြစ်နေခဲ့ပုံပေါ့။

ယင်းနောက်တစ်ခါသားဆီတွင်လည်း ဆရာပါရဂူရှိရာ လက်ဖက်ရည်ဝိုင်းကလေးတစ်ဝိုင်းတွင် ကျွန်ုပ်အမှတ်မထင် ထိုင်ခွင့်ရခဲ့ပါသည်။ စာပေမိတ်ဆွေတစ်ယောက်က ခေါ်သွား၍ ဖြစ်ပါ၏။ ကျွန်ုပ်ဂျက် ဦးစွာထအပြန် ဆရာပါရဂူက -
☼ပြန်တော့မလို့လား ဟု လူမှုရေးအရ နှုတ်ဆက်ပါသည်။ ကျွန်ုပ်ကား ရေးကွက်ဝင်ခဲ့ပြန်ချေပြီ။
ကျွန်ုပ်ကား မြန်မာစာပေနှင့်ပတ်သက်၍ ပြောလာဆိုလာရပြီဆိုလျှင် ဘယ်တော့မှ အဆုံးမသတ်ချင်တော့။ သို့သော် အခြားစာပေကိစ္စများကြောင့် ပြန်ရန်ပြင်ရပါသည်။ ဒါကို ဆရာပါရဂူကား ကျွန်ုပ်ကို ပြန်စေချင်ပုံမရ။ ကျွန်ုပ်နှင့် စကားပြောရသည်ကို ၀ဟန်မတူ။ ထို့ကြောင့်ပင် ပြန်တော့မလို့လားဟု ဆိုလာခဲ့ပါ၏။ ကျွန်ုပ်ကား အချိန်မပေးနိုင်ပြီ။
ကျွန်ုပ်ကား ဆောင်းပါးတစ်ပုဒ်၌ သို့ကလို ရေးထည့်လွှတ်လိုက်ရာ စာပေလောက၌ ကျွန်ုပ်အား ရွံ့သွားကြပြန်ပါသည်။ ဆရာပါရဂူကတောင် မပြန်ဖို့တားနေရတဲ့ ဂျက်ဟ ဟူ၏။

စကားအရပ်ရပ်ကို ပြန်ချုပ်ရသော် ကျွန်ုပ်ဂျက်သည် သုံးကြောင်းကဗျာလေးတစ်ပုဒ် ပါဖူးရုံမျှသာရှိသေး။ လူကြီးသူမများနှင့် အကျွမ်းဝင်သယောင်ယောင်၊ လူကြီးသူမတွေက မိမိကို လေးစားနေသယောင်ယောင် ဆောင်းပါးတွေ အတွဲလိုက် ရေးလွှတ်ထည့်လိုက်ရာ ဟိုးတော်တော်စောစောကပင် ဂျက် .. ဂျက် နှင့် ဖြစ်သွားခဲ့ပါလေ၏။

အနို့နှင့် တစ်နေ့သောအခါဝယ် ဂျက်ထံသို့ လူလေးငါးယောက်ရောက်ရှိလာပါသည်။ တစ်ယောက်ကား ဂျက်၏လူရင်း သပွတ်အူစိုးမြင့်။

►ဒီမယ် မောင်ရင်ဂျက်၊ ဒီလူတွေကို မြင်ဖူးရဲ့မဟုတ်လား။ မောင်ရင်ဂျက်နဲ့ ဟိုပွဲဒီပွဲတွေမှာ ခဏခဏဆုံတဲ့ စာမွေ့သူတွေလေ ။
ဂျက်ကား အားလုံးသော မျက်နှာသိများကို စေ့ငုကြည့်နေမိဆဲမှာပင် သပွတ်အူစိုးမြင့်က သူ၏စကားကို ဆက်ပေတော့ရာ ရှည်လျားလွန်းစွဘိတကား။
►မောင်ရင်ဂျက်၊ ဆရာဒဂုန်တာရာနဲ့ စကားပြောတုန်းကရော အမေလူထုဒေါ်အမာက မောင်ရင်ဂျက်ကို နှုတ်ဆက်တုန်းကရော ဆရာမြသန်းတင့်တို့၊ ဆရာပါရဂူတို့ဆီ မောင်ရင်ဂျက်သွားတုန်းကရော သည်လူတွေ တစ်ယောက်မဟုတ် တစ်ယောက်ရှိနေကြတာချည်းပဲ။ လူကြီးတွေက မောင်ရင်ဂျက်ကို ဘယ်သူမှန်းတောင် မသိပါဘူး ကိုယ့်ဆရာရယ်။ လူမှုရေးအရ နှုတ်ဆက်လိုက်တာကိုပဲ မောင်ရင်ဂျက်က ဆရာကြီးလေသံဖမ်းပြီး သမိုင်းဝင်ပုဂ္ဂိုလ်စတိုင်လ်နဲ့ ဆောင်းပါးတွေ ရေးနေလိုက်တာ။ စာရေးဆရာ၊ကဗျာဆရာ ဖြစ်ချင်ရင် စာကောင်းကောင်းရေးနိုင်ဖို့ ကြိုးစားရမယ် မောင်ရင်ဂျက်ရဲ့။ ခုဟာက မောင်ရင့်နှယ် ...
ဤနေရာတွင် သပွတ်အူစိုးမြင့်က စကားကို Half timeသဘောမျိုးဖြင့် ခေတ္တရပ်ဆိုင်းထားသည်။ ပြီးမှ
►ကိုယ့်လူက ဆရာကြီးဂျက် ၊ ဆရာကြီးဂျက်နဲ့ ဖြစ်တော့ဖြစ်နေပါတယ်။ ဒါပေမဲ့ ..
ကျွန်ုပ်ကား မအောင့်နိုင်လွန်းသည်ကြောင့် ဒါပေမဲ့ဘာဖြစ်သလဲဗျာတို့ရယ်ဟု အမေးစကားကို အပြေးအလွှား ပြုမိပါချေတော့၏။ ထိုအခါ အားလုံးက -
► သောက်ရူးကြီး ဖြစ်နေတာဗျ
ဟူချေ၏။ တစ်ခါက ဂျက်ဟူ၍ ဖြစ်ခဲ့တုန်းက ဖြစ်ဘိပါချေသည်တည်း။

ဂျက်ကွမ်းခြံကုန်း
၁၉၉၉၊စက်တင်ဘာ

1 comment: