Tuesday, January 15, 2013

ကျွန်တော်တို့ရဲ့ ကောင်းကင်သစ်

ကျွန်မတို့ ရွာကို မိုးပေါ်က ပတ္တမြားကြီး တစ်လုံး ပြုတ်ကျလာတယ်။
ဒါဟာ ဗြဟ္မာကြီး တစ်ဦး
ဒါဟာ နောက်ထပ်ဂြိုဟ်
အသစ် တစ်လုံးလည်းဖြစ်မယ်
အသံထဲက သမိုင်း
သမိုင်းထဲက အသံသာကြားဖူးတဲ့
ပြည်တန်တဲ့ ပတ္တမြားကြီး။
ဘယ်နေရာမဆို စိမ့်ဝင် စီးသွားနိုင်တဲ့
ကမ္ဘာကျော် ဧရာမ ပုလဲလုံးကြီး။
သူလာမယ် ဆိုလို့ ရေချိုးခန်းနဲ့ ထမင်းစားခန်းတွေ ပြင်နေတယ်။

သူလာမယ်ဆိုလို့
ဧည့်ခန်းနဲ့ ဘုရားစင်ကို
အလှပဆုံး ထုံမွမ်းနေတယ်။
သူလာမယ်ဆိုလို့
ပန်းရန်နဲ့ လက်သမားဆရာတွေက
ဂစ်တာတွေ စန္ဒရားတွေ
ပတ်ကားရှင်းတွေတီးခတ်နေသလို
အိမ်ကို သလို့။
တကယ်တော့
ကျွန်မတို့က ဒီအိမ်ကလေးကို
တစ်လကြာအောင် မဆောက်ခဲ့ရပါဘူး။
ဒါပေမဲ့ သူက သူမရဲ့ယုံကြည်မှုကိုတော့
တစ်ဘ၀ကြာအောင် စောင့်ခဲ့ရတယ်။
ကျွန်မတို့ ရက် ၂၀ လောက်နဲ့
ဒီအိမ်လေးကို သူ့အတွက်ပြင်ဆင်ပေးနိုင်ခဲ့ပေမဲ့
သူကတော့ ကျွန်မတို့ တိုင်းရင်းသားတွေ
အတူတကွ နေထိုင်မယ့် အိမ်တစ်လုံးအတွက်
နှစ် ၂၀ ကျော် အမှောင်ထဲ၊ သူ ယုံကြည်မှုကို
ကျောက်သားနံရံတွေကို ဖြဲလို့
ခရီးကြမ်းတစ်ခုကို ထွင်းထုပြီး ထမ်းထွက်ခဲ့ရတယ်။
သူက နတ်သမီးတစ်ပါးလား
ဂျာနယ်၊ ရေဒီယိုနဲ့ အိပ်မက်ထဲမှာ
ကျွန်မတို့ရဲ့ နှလုံးခုန်သံကို မြန်စေသူ။
ဂန္ထ၀င် သမိုင်းမျိုးဆက်ကြီး တစ်ခုထဲက
ဆက်လက်စီးဆင်းလာသောမြစ်
မဟာနဲ့ ဒဏ္ဍာရီဆန်လေသူ။
သမားကိုမြင်ရုံနဲ့ ရောဂါတစ်ဝက်ပျောက်ခဲ့သလို
သူ့ကိုမြင်ရုံနဲ့ ကျွန်မတို့
နေပူထဲ မိုးရွာထဲ ဆောင်းခဲခဲ
ထွက်ရဲလိုက်ရဲခဲ့ကြတယ်။
အထင်မလွဲလိုက်ပါနဲ့
ပတ္တမြားမှန်လို့ နွံမနစ်ခဲ့တာပါ။
သူဟာ နွံထဲက ကျွံထွက်လာတဲ့ကြာပေါ့။
ခု သူ ကျွန်မတို့ အိမ်မှာ အိပ်မယ်တဲ့
ဒါဟာ ကျွန်မတို့အတွက်
ဘယ်လောက် အိပ်မက်ဆန်တဲ့ အိပ်မက်လဲ။
ဒါဟာ သူ့ ကိုယ်ရောင်ကိုယ်ဝါက
ကျွန်မတို့ တောသူတောင်သား
တိုင်းရင်းသားတွေ အပေါ်
စတင်ခြိမ်းလိုက်တဲ့ မိုးခြိမ်းသံတစ်ခုပဲ။
ဒါဆို ကျွန်မတို့မြို့ကလေးပေါ်
စတင်ရွာချမဲ့မိုးက
ကမ္ဘာပြုမိုးပေါ့။
သူက ကျွန်မတို့အပြောင်းအလဲတစ်ခုအတွက်
အနာဂတ်ကို “ချိန်း”လိုက်ခဲ့ပြီပေါ့။
ရှင်တို့က မေးတယ်
သူ့ကို ဘာတွေချက်ကျွေးမှာလဲတဲ့
အော်၊ ဒါများ ကြက်သား၊ ၀က်သား
သူ့အတွက် တကယ့်ကို လျှာလည်သွားစေမဲ့
ကျွန်မတို့ရဲ့ တစ်ယောက်စီက “မဲတစ်ပြား”စီပေါ့။
ဒါဟာ သူ့အတွက် တိုင်းရင်းသား
ဟင်းလျာကောင်းတစ်ခုဖြစ်မှာပေါ့။
သူကတော့
ကျွန်မတို့အတွက်
ကျွန်မတို့ သဘောမတူရင်
ကျွန်မတို့ အရိပ်တောင် နင်းခွင့်မရှိတဲ့၊
ကျွန်မတို့ သဘောမတူရင်
ကျွန်မတို့ရဲ့ ကျွဲ၊ နွား စားကျက်မြေတွေ
မပျောက်ရတော့မဲ့
ကျွန်မတို့သဘောမတူရင်
ကျွန်မတို့ရဲ့ လယ်ယာမြေနဲ့
ကျွန်မတို့ရဲ့ သားသမီးမြေးမြစ်တွေ
မဆုံးရှုံးတော့မဲ့
လောကသစ်တစ်ခုပြန်ပေးလိမ့်မယ်။
သူကပြောရင် လူတွေက
စနေ၊ တနင်္ဂနွေမဟုတ်လည်း
လမ်းပေါ်မှာ ပြန့်ကျဲနေတဲ့သစ်ရွက်တွေနဲ့
ကြမ်း/ကျမ်းပေါ်မှာ
ပြန့်ကျဲနေတဲ့ကျည်ဆန်တွေကို
လိုက်ကောက်ကြလိမ့်မယ်။
သူက လူတွေကို ငြိမ်းချမ်းစေချင်တယ်
ဘယ်လောက်လဲဆိုညဘက်အိပ်နေရင်လည်း
အန္တရာယ်အငွေ့အသက်ကင်း
အိပ်ခြင်းမှာ ငြိမ်းချမ်းစေရမယ်။
နေ့ခင်းဆိုရင်လည်း
စားဝတ်နေရေး သားရေးသမီးရေး
တိုင်းရေးပြည်ရေး
ဘာသာရေးမကျန်ငြိမ်းချမ်းစေရမယ်။
ဒီလို။
ရှင် သိပါတယ်။
ခုဆို သူ့အရှိန်နဲ့
တောတွေ တောင်တွေကြားက
ချိုးငှက်တွေ တောင်ပံခတ်
တွန်ကျုးကုန်ကြပြီ။
ရှင် သိပါတယ်။
ခုဆို သူ့အရှိန်နဲ့ နှစ်ပေါင်းများစွာ
အိမ်တွေနဲ့ တိမ်တွေကို ပျောက်ဆုံးခဲ့ကြတဲ့
ယုံကြည်သူများ ပြန်ရောက်လာကြပြီ။
ခုဆို သူအရှိန်နဲ့
အာရှတိုက်ကြီး ပွင့်သွားပြီ
ဥရောပတိုက်ကြီး ပွင့်သွားပြီ
သြစတြေးလျတိုက်ကြီး ပွင့်သွားပြီ
လက်တင်အမေရိကန်နဲ့
တောင်အာဖရိကတိုက်များဆီအထိ
ငါတို့ ပွင့်သွားပြီ။ သူ့ကြောင့် ငါတို့
မျက်လုံးတွေ၊ နားတွေ၊ ပါးစပ်တွေ
တံခါးတွေ ပွင့်သွားခဲ့ကြပေါ့။
ခုဆို သူ့အရှိန်နဲ့
Sanction  ဆိုတဲ့ကျောက်တုံးဟာ
အသားတုံးတစ်ခုအဖြစ် ပြောင်းလဲလာနေပြီ။
ဒါနတ်သုဒ္ဓါဖြစ်မယ်
ဒါ ဟင်းခွက် ၃၀၀ ထဲက
ပြန်အန်ထွက်ကျလာတဲ့
ကျွန်မတို့ရဲ့ ရှေးဟောင်းအမွေအနှစ်
ဝေစုများဖြစ်တယ်။
ကျွန်မ ယောက်ျားက သေပြီ
ကျွန်မမှာ သားသမီး ၉ ယောက်ရှိတယ်
ကျွန်မနဲ့ဆို ၁၀ ယောက်
ခု သူမ ကျွန်မတို့ဆီရောက်လာရင် ၁၁ ယောက်ပေါ့
ဒါဆို ကျွန်မတို့ ၁၁ မီးငြိမ်းပြီပေါ့။
ခုဆို  ကျွန်မတို့ရဲ့ ဆေးပေးမီးယူ လက်တွေပြန်ရလို့၊
ကျွန်လို အစေခံလို ၀ဋ်နာကံနာလို
ကျွန်မတို့ကို ထိန်းချုပ်ထားတဲ့ ယန္တရားကြီး
ထီးနန်းကျသွားပြီဆိုတာ မြင်ရလို့။
ခုကျွန်မတို့ဟာ အခေါင်အထွတ်မှာ
ခွပ်ဒေါင်းပုံကို ချိတ်လို့
ကြယ်ဖြူတစ်ပွင့်ကို ခေါင်း၌ပန်လို့
ကြိုနေတယ်။
ဘယ်နေရာမဆို သူမကို လူတွေက
ကျဲကျဲတောက်နေထဲ ရောက်နေလည်း
ပုသိမ်ထီးကိုဆောင်း ဦးရွှေရိုးအကနဲ့
ဒီမှာတော့ ရိုးရာရင်ငွေ့ဆန်စွာ
ကရင်ဒုံးယိမ်း အကနဲ့။


ခရမ်းပြာထက်လူ
၂၀၁၂

No comments:

Post a Comment