Thursday, January 24, 2013

စာရေးဆရာဟုခေါ်ကြပါသတဲ့ဗျား ◄ဂျက်ကွမ်းခြံကုန်း►

ဆောင်းလေရူးသည် သုန်သုန်ဝှေ့ဝှေ့ ဝေ့ဝေ့၀ိုက်ဝိုက်တိုက်ခတ်လျက်ရှိခဲ့ချေသည်တကား။ ပုဏ္ဏမီ သော်တာလ၀န်းကလေးကမူ နတ်တော်ည၏ ဟောဟို မဟော်ဂနီပင်ကြီးရဲ့ သစ်ကိုင်းထိပ်ဝယ်တန်းလန်းကလေး ချိတ်ဆွဲ၊ တွယ်ကပ်၊ ငြိစွန်းလျက်သာရှိတော့ဘိချေသည်တည့်။ ကျွန်ုပ်ကား မရောက်တာ အတော်ကြာပြီဖြစ်ချေသည့် သပွတ်အူမွေးဌာနေဆီဝယ် ခေတ္တယာယီ ဆိုက်ကပ်ခိုနားလျက်သာ ရှိတော့ပေချေသည် တမုံ့။ အနို့ဖြစ်ရာ အနှီညချမ်းကမူ ကျွန်ုပ်နှင့် သပွတ်အူရွာသား ဘုတ်အုပ်စာပေသမားများဟု ဆိုသူကလေးများသည် ကွပ်ပျစ်ကလေးတစ်ခုပေါ်တွင် အကြမ်းတစ်အိုးနှင့် ဒေသထွက်ပစ္စည်းများဖြစ်ကုန်သည့် ငါးရံ့ခြောက်ဆီဆမ်း၊ ဆတ်သားခြောက်ဆီစိမ်၊ မြေပဲပြုတ် ပူပူနွေးနွေးတို့ကို ၀ိုင်းအလယ်၌ တည်ခင်းထားရစ်ကြကာ မြန်မာစာပေအကြောင်း သောင်းပြောင်းထွေလာ ပြောဆို၍သာနေခဲ့ကြချေသည် တမုံ့တကား။

                                                                     ♦♦♦

အကယ်တန္တု ကျွန်ုပ်သပွတ်အူသို့ မရောက်သည်မှာ ကာလအတန်ကြာခဲ့ပါပြီ။ ယင်းမှာ မွေးမြေသို့ စိတ်နာကြည်းမှုတစ်ခုကြောင့်ဟု ဆိုသော်ရစကောင်းထင်ပါ၏။ သပွတ်အူကား ဤမှာဘက်နှစ်ပိုင်းများဆီ၌ အနုသုခုမစာပေဘက်ဆီ၌ အတော်ကလေးကို ဆုတ်ယုတ်ယိုယွင်းလျက်ရှိချေရာ မွေးဌာနေပေါ်တွင် အားမလိုအားမရဖြစ်မှုကို အရင်းတည်လျက် သွားမှုလာမှုကို ဆိုင်းငံ့ထားလိုက်ကာ ဂျက်ကွမ်းခြံကုန်းကြီးစိတ်ကောက်ခြင်းဟုဆိုသော် ရစကောင်းထင်ပါ၏။ သို့နှင့် ယခုမူ မွေးမြေသို့သွားရန် အကြောင်းက ဖန်လာပြန်ချေသည်။ သပွတ်အူအခြေစိုက် ကျောင်းဆရာကလေးမောင်ဝင်းခိုင်က ယခုတလောတွင် သပွတ်အူ၌ စာပေပုရစ်ဖူးကလေးတချို့ ထွက်ပြူ၍လာကြချေပြီဖြစ်ရာ အားတက်ဖွယ် သပွတ်အူဖြစ်သဖြင့် ခါတစ်လှည့်လာခဲ့ပါ့ ကျုပ်တို့ရွာဟု ဆိုချေ၍ရောက်ခဲ့ခြင်းပင်ဖြစ်ပါ၏။
ကွမ်းခြံကုန်းဟူသောမြို့ကလေးမှ မင်းသုဝဏ်ထွက်၏။ ကျိုက်လတ်ဟူသော မြို့ကလေးမှ ဒဂုန်တာရာထွက်၏။ ဖျာပုံဟူသောမြို့ကလေးမှ ဇော်ဂျီထွက်၏။ မြိုင်ဟူသောမြို့ကလေးမှ မြသန်းတင့်ထွက်၏။ ဘုတလင်ဟူသောမြို့ကလေးမှ သိန်းဖေမြင့်ထွက်၏။ လပ္ပတ္တာဟူသောမြို့ကလေးမှ မောင်ထင်ထွက်၏။ ယခု သပွတ်အူတွင် ထွက်ရန်အသင့် ပုရစ်ဖူးတို့ပြူတစ်ကြလေပြီဟုဆိုရာ ဇာတိမာန်ထက်သန်သူ ဆရာကြီးဂျက်စိတ်ဆန္ဒတက်ကြွကာသပွတ်အူသို့ရောက်ရှိသွားရာက ကျောင်းဆရာကလေးမောင်ဝင်းခိုင်
စုစည်းစီစဉ်သည့် ညချမ်းလက်ဖက်ရည် အကြမ်းဝိုင်းကလေးဝယ် အနှီစာရေးဆရာလုလုကလေးများနှင့် တွေ့ဆုံသမှုပြုခဲ့ရခြင်းပင် ဖြစ်တော့ဘိချေပါသည်တမုံ့။

                                                                     ♦♦♦

"ကိုင်း ... အဆွေ မောင်ဝင်းခိုင်
အဆွေကသာ ဦးဆောင်ပြီး
စာရေးဆရာ ပွင့်သစ်များနှင့်
မိတ်ဆက်သမှု ပြုပါလင့်"

သပွတ်အူ၏ ညရိပ်ချမ်းချမ်း၌ ကျွန်ုပ်က အနို့ကလိုဆိုလိုက်သည်နှင့် မောင်ဝင်းခိုင်က အဟမ်းဟု ချောင်းတစ်ချက်ဟန့်လိုက်ကာ မိတ်ဆက်သမှုပြုရန် ဟန်ပြင်လိုက်သည်တွင် စာရေးဆရာလုလုကလေးတို့သည် သောက်လက်စလက်ဖက်ရည်ကြမ်း၊ စားလက်စ အမြီးကလေးတို့ကို လက်စသတ်လိုက်ကြကာကျွန်ုပ်၏မျက်နှာ တည်တည်ခန့်ခန့်ကြီးကို ရှုငေးလျက်သာနေကြပေလေ၏။
"ဟောသဟာက ... သပွတ်အူလူထက်ပါ ဆရာကြီးဂျက် ..
အမှုတစ်ရာဂျာနယ်မှာ နွားသူခိုးတွေကိုမိပြီ ဆိုတဲ့ဆောင်းပါးရေးခဲ့သူပါ"

"အွန်း....ဘယ့်နှာဆောင်းပါးပါကလိမ့်"
"သလိုပါ .. တမြန်နှစ်လောက်က ရွာဘက်မှာ နွားတွေခဏခဏပျောက်တာကို ရဲက ခြေရာခံမိပြီး လိုက်ရာက မိသွားတဲ့အမှုကို လက်စွမ်းပြရေးခဲ့သူပါ"
"သြော်...သြော်"
"ဟောသဟာကတော့ ရွှေပွတ်မြေ၀ဋ္ဌာစိုးပါ ငါးသလောက်အမြန်ပေါင်းလိုသော် ဆိုတဲ့ဆောင်းပါးကို မဖုရားမဂ္ဂဇင်းမှာရေးရာက စာရေးဆရာဖြစ်လာသူပါ"
"သြော်...သြော်"
"အဲ...သဟာကဖြင့် စူးရှရဲရင့်ကလောင်နဲ့ ကျန်ခဲ့တဲ့လက သိုက်နန်းရှင်မဂ္ဂဇင်းမှာ ဖားကမြွေကိုမြိုခြင်း ဆိုတဲ့ဆောင်းပါးကို ဓာတ်ပုံနဲ့တကွ ရိုက်ကူးဖော်ပြရေးသားခဲ့တဲ့စာရေးဆရာပါ"
ဤနေရာ၌ ကျွန်ုပ်ကသြော်သြော်ဟု မမြည်တမ်းရသေးမီကလေးမှာပင်လျှင် အနှီစာရေးဆရာဟုဆိုသူ စူးရှရဲရင့်က စကားအနည်းငယ်ဝင်ပြောလာချေ၏။
"ဟုတ်ပါတယ်...ဆရာကြီးဂျက် တကယ့်ကို ရှားရှားပါးပါးဗျာ..ဖားနှယ်ဗျာ.. မချိမဆန့်ကြီးကိုဖြစ်လို့ အဲ... ရှေ့အပတ်ထွက်မယ့် ဥစ္စာစောင့်ဂျာနယ်မှာတော့ ခွေးပေါက်စကလေးတစ်ကောင်ကို နို့တိုက်နေတဲ့ကြောင်မကြီးတစ်ကောင်ရဲ့ ပုံကိုရိုက်ပြီး မိဖြူမှာလည်းအသည်းနဲ့ပါ ဆိုတဲ့ ဆောင်းပါးရေးထားပါသေးတယ်။ လာမယ့်အပတ်ထဲမှာတော့ ဟိုဘက်နှာခေါင်းချောင်းရွာဘက်သွားပြီး ဓာတ်ပုံရိုက်စရာရှိသေးတယ်... သင်္ဘောပင်တစ်ပင်ဗျာ ထူးထူးဆန်းဆန်း သင်္ဘောသီးအမြွာပူးကြီးသီးနေလို့တဲ့ ... "
ကျွန်ုပ်ကား စာရေးဆရာဆိုသူ စူးရှရဲရင့်ကို ကြောင်၍ကြည့်နေမိချေ၏။ အနို့နောက်တွင်ကား စာရေးဆရာဆိုသူတို့က မိမိတို့ကိုယ်မိမိတို့ ဆက်လက်မိတ်ဆက်ကြတော့ချေသည်တည့်။
"ကျွန်တော်က အရေပြားပေါ်မှာအဖြေရှာ ဆိုတဲ့ လုံးချင်းတစ်အုပ်ထုတ်ပြီးပါပြီ ဆရာကြီးဂျက်၊ လွမ်းထာဝစဉ်(သပွတ်အူ) နာမည်နဲ့ပါ။ မှဲ့တို့၊ ညှင်းတို့၊ လက်သည်းပွင့်တာတို့ကိုကြည့်ပြီး လူတစ်ယောက်ကို နိမိတ်ဖတ်တဲ့ နည်းတွေပါ။ ဥပမာဗျာ-မျက်ရည်ခံမှဲ့ရှိတဲ့သူနဲ့လက်ဆက်ရင် ဘာဖြစ်မယ် .... ဟ၀ှာမှာမှဲ့ရှိရင်ဘာဖြစ်မယ် .. အနာဂတ်ဟောကိန်းကလေးတွေပေါ့"
"သြော်...သြော်"
"အိမ်ရှင်မတို့ဖတ်ကြဖို့ ဆိုတဲ့စာအုပ်လေးဖတ်ဖူးမလားပဲ။ ဆောင်းပါးပေါင်းချုပ်ကလေးပါ။ မုန့်ဟင်းခါးချက်ရင် ငှက်ပျောအူဖတ်တွေမည်းမသွားအောင် ရေထဲမှာ နနွင်းမှုန့်ထည့်ပြီး စိမ်ရမယ်ဆိုတာတို့. .. မုန်လာဥချဉ်ဖတ်ကို ရှာလကာရည်နဲ့ လုပ်မယ်ဆိုရင် မည်းမသွားရအောင် ရိုးရိုးဆားပဲသုံး၊ အိုင်အိုဒင်းဆားမသုံးနဲ့ ဆိုတာတို့ အဲသဟာတွေကို ရေးတဲ့ နွေဦးတင်ဇာ ဆိုတာ တို့များပါ"
ကျွန်ုပ်ကား တို့များပါဟုဆိုသူစာရေးဆရာခပ်နွဲ့နွဲ့ကိုကြည့်လျက် ရေနွေးကြမ်းပူပူတစ်ခွက်ကိုသာ
မော့လျက်သောက်ချလိုက်မိချေတော့ပေသည်တမုံ့။

                                                                     ♦♦♦

အနို့နှင့် သပွတ်အူမှအပြန် မော်တော်ဆိပ်သို့ လိုက်ပို့သူဆရာကလေးမောင်ဝင်းခိုင်ကို ကျွန်ုပ်က စကားတစ်ခွန်းခြွေမိချေ၏။
"အကြင်မောင်ဝင်းခိုင် .. ဂျပန်စာရေးဆရာကြီးကာဝါဘတာအား နိုဘယ်လ်ဆုချီးမြှင့်၏။ ၀တ္ထုအနုပညာကြောင့် ဖြစ်ပါ၏။ အိန္ဒိယစာရေးဆရာကြီး ရာဘင်ဒြာနတ်တဂိုးအား နိုဘယ်လ်ဆုချီးမြင့်၏။ ကဗျာအနုပညာကြောင့် ဖြစ်ပါ၏။ စာရေးဆရာဟူသည် အဘယ်နည်းစဉ်းစားလော့ မောင်ဝင်းခိုင်ငယ်။ သပွတ်အူမွေးဌာနေမှ ငါတို့၏ ပုရစ်ပြူထွက်စ အဖူးကလေးတို့ကား ... ဘဇာတွေမှန်းမသိ၊ ရေးမိရေးရာတွေရေးကာ .. စာရေးဆရာအမည်ခံကြချေ၏။ စာရေးတိုင်း စာရေးဆရာမဟုတ်ချေကို အကြင်မောင်ဝင်းခိုင်မှတ်လော့စေသား"

ဂျက်ကွမ်းခြံကုန်း

No comments:

Post a Comment