Saturday, October 3, 2015

တောင်းတောင်းပန်ပန် ဇာတ်ဝင်ခန်းများ


ကိုယ်ဟာ အကြမ်းထည် သစ်သားတုံးတစ်တုံးပဲ
မင်းခွာချပေးလိုက်တဲ့ အသားစတွေကို ငုံ့ကြည့်ပြီးမှ
ရုပ်လုံးပေါ်လာတဲ့ ဘဝမှာ တန်ဖိုးတစ်ခုရှိခဲ့သူပါ
ကိုယ် မင်းကိုလေ ....
ရေတံခွန်ထိပ်ဖျားက ခုန်ချပြပြီး ပြန်ပေါ်မလာသူတစ်ယောက်လို
သစ္စာပန်းစည်းပေါ်က နှင်းစက်ကလေးတွေကို တို့ထိကြည့်မိသူတစ်ယောက်လို
ထွက်ခွာသွားတဲ့ရထားကို ဘူတာရုံဟောင်းထဲက ငေးကြည့်နေသူလို
ယူကလစ်ရွက်ခြောက်တွေကြွေနေတဲ့ မြက်ခင်းပေါ် လှဲအိပ်ပြီး
ကောင်းကင်ပြာပြာကြီးကို မျက်နှာမူထားသူတစ်ယောက်လို
ဖျော်ဖြေပြချင်လိုက်တာ
အေးချမ်းပြချင်လိုက်တာ
လွမ်းဆွေးပြချင်လိုက်တာ
ပျော်ရွှင်ပြချင်လိုက်တာ
လွတ်လပ်ပြချင်လိုက်တာ
ဒါပေမယ့် ဘဝဆိုတာ
အနှောင့်မှာ ဘာမှရေးမထားတဲ့စာအုပ်တွေအပြည့်နဲ့ စာအုပ်စင်ပါ
ကိုယ်မဖတ်ချင်ဘဲ ဆွဲထုတ်မိတဲ့ စာအုပ်တွေလည်း များခဲ့ပေါ့
တခါတလေကျတော့လည်း
ချစ်ခြင်းမေတ္တာစစ်စစ်ဆိုတာ
မင်းပခုံးသားနုနုလေးကို ကိုယ့်နှုတ်ခမ်းတွေနဲ့ ဖိကပ်စုပ်နမ်းခဲ့တာလောက်တောင်
အရာ ထင်ချင်မှထင်တာ
ပြောရင်းဆိုရင်းနဲ့ အခန်းထဲမှာ ပိုမှောင်လာတယ်
ပြောရင်းဆိုရင်းနဲ့ အခန်းထဲမှာ ရွက်ဆုတ်ပြက္ခဒိန်စာရွက်တွေ ရှုပ်ပွလာတယ်
ပြောရင်းဆိုရင်းနဲ့ အခန်းထဲမှာ အသက်ရှုကြပ်လာတယ်
ကလေးလေးရေ ...
သဲသဲရေ ....
သဲသဲတုံးရေ ....
အချစ်ရေ ....
ပုတုတုလေးရေ ...
ကိုယ် မင်းကို ခေါ်ခဲ့ဖူးသမျှ နာမ်စားတွေနဲ့အခန်းသော့ကို ဖွင့်နေတယ်
နာမ်စားတစ်ခုချင်းစီဟာ အမှတ်တရတွေနဲ့ ပေကျံလို့ ...
လက်ထဲကနေ ချော်ချော်ကျသွားတာကို ရင်ဘတ်နဲ့ မရရအောင် ပြန်ဖမ်းနေမိတယ်
ပိတ်သွားတဲ့ တံခါးအောက် နေရာလွတ်ကလေးကနေ
မင်းရပ်နေတာ မြင်ရသေးတယ်။
မင်းမသွားသေးဘူးဆိုတာ မြင်ရသေးတယ်။
အခန်းသော့ကို ဆက်ဖွင့်နေမယ် ...
ရွှေသော့ငွေသော့တွေနဲ့ မဟုတ်ပါဘူးကွယ်
ကိုယ် မင်းကို ခေါ်ခဲ့ဖူးသမျှ နာမ်စားတွေနဲ့ .... ။

ဟိန်း

1 comment:

  1. "ပျော်ရွှင်ပြချင်လိုက်တာ" အတွက်ရေးဖို့ကျန်ခဲ့တယ်လို့ထင်ပါတယ် ။

    ReplyDelete