ဒီကောင်ကြီးကို စခေါ်လာတာက ကဗျာဆရာ ...
မင်းကိုကြည့်ရင်း ကဗျာတွေးရင် အတော်မိုက်မယ်ကွ .. လိုက်ခဲ့ကွာ တဲ့ ။
သူလည်း တစ်ရွာမပြောင်း သူကောင်းမဖြစ် ၊
တုံးတိုက်တိုက် ကျားကိုက်ကိုက်
မီးသွေးခဲမို့ မည်း သကိုပေါ့ ။ လိုက်ချလာတယ် ။
ဝါရင့်လက်သည်မကြီးကတော့ ပွစိပွစိကျိန်ဆဲနေတယ်။
ဒါမျိုး ... အရပ်ထဲ ကို .. မ၀င်သင့်ပါဘူးတော် ... ။
တစ်နေရာဆီက တိုးတိုးလေးကြားတယ် ။
“ကျည်ဆန်တွေ အစား ပန်းများပွင့်စေ ” တဲ့ ။
ဒီကောင် သူ့ကိုယ်သူ ပြန်ကြည့်ရင်း
ချိုးချပေးခဲ့ဖူးတဲ့ ... အကိုင်းတွေကို သတိရတယ် ။
ကွယ်ပေးခဲ့ဖူးတဲ့ ... ကျောင်းသူလေးကို သတိရတယ် ။
ခွာချပေးခဲ့ဖူးတဲ့ ... အခေါက်တွေကို သတိရတယ် ။
နေစရာပေးခဲ့ဖူးတဲ့ ... အကောင်ပလောင်လေးတွေကို သတိရတယ် ။
တစ်လုံး .. ၁၆ သိန်းလောက်တန်တဲ့ လက်နက်ကြီးကျည်တွေ
ထိဖူးတဲ့နေရာကို လျှာနဲ့ လျက်ရင်း .. ပန်းတွေပွင့်လာတော့
အလဲ့ .. မိုက်သဟ .. လို့ ဒီကောင်အသံထွက်မိတယ် ။
လယ်ပိုင်ရှင်ကတော့ သူ့အလှူကျရင် ဒါကြီးကို ဂျစ်ကားပေါ်တင်ပြီး
လှည့်ချင်တယ်ဆိုလားပဲ ။
ကာလသားတွေကတော့ အံတကြိတ်ကြိတ်ပေါ့
သူတို့က သူတို့ ခြင်းဝိုင်းနားမှာ ထားချင်တာမဟုတ်လား ။
မက်လည်း မက်လောက်စရာပဲ ။ တစ်ခါတစ်ခါ ဒီကောင်ကြီးက
*♪♫ Imagine all the people living life is peace ♫♪လို့
ထ ... အော်ချင် အော်နေတာ ။
အသားထဲက လောက်ထွက်တာတွေ
စကောလောက်မှ ဇောက်မနက်တာတွေ
ဒီကောင်သိတာ မဟုတ်ဘူး ။
ပြောရင်းဆိုရင်း မိုးလေး တစ်ပေါက်နှစ်ပေါက်ကျလာတော့
သူ့ကိုယ်ပေါ်က မည်းမည်းအရည်တွေ ငိုချတယ်
ကျက်သရေတုံးတဲ့ အရည်တွေ ဆိုပါတော့ ။
ကလေးတွေက ခဲနဲ့ ၀ိုင်းပစ်တယ် ။ ထိတယ် ။ ထပ် ပစ်ကြတယ်။ ထိတယ် ။
သူလည်း ငိုတုန်းပဲ ။
ဆယ်အိမ်ခေါင်းက ထွီခနဲ .. ထွမ်ခနဲ .. တံတွေးနဲ့ နှစ်ချက်ဝင်ထွေးတယ် ။
ခွေးတွေက စူးစူးဝါးဝါး ထိုးဟောင်တယ် ။
နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်တွေက မျက်နှာလွှဲတယ် ။
ဝုန်းဆို အမူးသမားက ရဲတင်းနဲ့ ပြေးခုတ်တယ် ။
ဘယ်သူမှ တားဖို့မကြိုးစားဘူး ။ ရင်ဘတ်ဟက်တက်ပွင့်သွားတယ်။
ဝတ်ရွတ်အဖွဲ့က ပရိတ်ကြီး စာအုပ်တပြင်ပြင်နဲ့ .... ။
လက်ဝှေ့ကျော်က ကျား .. ခနဲ အော်ပြီး
ဒူး၊တံတောင် တစ်စုံ ၀င်ကျွေးတယ် ။
မိန်းမတွေက ထဘီတွေ လှန်ပြကြတယ် ။
အိမ်ပေါ်က မဆင်းနိုင်တဲ့ အဘိုးအိုတွေက ဂွ နဲ့ လှမ်းပစ်တယ်။
ဒီကောင်ဟာ မီးရောင် အကျီင်္ကို ၀တ်ဆင်ထားတာဖြစ်ကြောင်း
သိရှိနားလည်သွားကြလို့ပေါ့ ... ။
စ ခေါ်လာတဲ့ ကဗျာဆရာကတော့ ခေါင်းတရမ်းရမ်း နဲ့ ... ။
ဟိန်း (21.9.12)
phoezaw.bass0@gmail.com
* = ဂျွန်လင်နွန် ... Imagine သီချင်းမှ
No comments:
Post a Comment