Thursday, January 10, 2013

စတိတ်ရှိုးသွားကြည့်ခြင်း ◄ဂျက်ကွမ်းခြံကုန်း►

အနှီရက်ပိုင်းကလေးများအတွင်းဆီက ကျွန်ုပ်ဆရာကြီးဂျက်မှီတင်းနေထိုင်ရာ သပွတ်အူကျေးရွာကလေးရှိ သပွတ်အူသူ သပွတ်အူသားအပေါင်းတို့၏ သွားလာပုံနေထိုင်ပုံ ပြောပုံဆိုပုံများကို ကြည့်ပြီး ရွာ၏ သရုပ်အသွင်ကို ကနုတ်မင်ဖြင့် ရေးခြစ်ရဘိသည်ရှိလေသော် "သပွတ်အူသည်ရွ၏။ သပွတ်အူသည် ထ၏။ သပွတ်အူသည် ကြွ၏" ဟူ၍သာလျှင် ရေးခြစ်ရတော့လေမည်လား မသိတတ်နိုင်တော့ပါပေ။ မှန်ပါသည်။ ထိုတလောလေးဆီက အဖို့ရာမှာမူကား ကျွန်ုပ်တို့၏ သပွတ်အူသည် အရွဆုံး၊ အကြွဆုံး၊ အထဆုံးကာလများဟုတ်ပင် ဆိုရလောက်သည့် အခြေအနေဖြစ်ပါသည်။ လူမွဲ လူကြွယ် လူငယ် လူထီး လူမရှိသမျှ အစုံ ရွ၊ကြွ၊ထ ကြပါပေကုန်၏။ ဘဇာကြောင့်ပေနည်း။


ဟုတ်ကဲ့...အမေးရှိသော် အဖြေရှိရချေမည်တည့်။ ကျွန်ုပ်တို့၏ သပွတ်အူတစ်ရွာလုံး ရွမဆုံး ကြွမဆုံး ထမဆုံး ဖြစ်နေကြရသည့် အကြောင်းရင်းမှာကား ကျွန်ုပ်တို့၏ သပွတ်အူမှ အတန်ငယ်လှမ်းလှမ်းတွင် တည်ရှိသော ဗရွတ်ရွှတ်တ ရွှေမြို့တော်မှ ခေတ်ပေါ်တီးဝိုင်းတစ်ခုသည် သပွတ်အူကျေးရွာ ဘုန်းတော်ကြီးကျောင်း၏ ကွက်လပ်ကြီးထဲတွင် လာရောက်ဖျော်ဖြေတော့မည် ဟူသော သတင်းကြောင့်ပေတည်း။ မှန်ပါသည်။ ခေတ်ပေါ် Stage Show များ၏ အရသာကို ခံစားလိုပါသည်ဆိုသော သပွတ်အူကျေးရွာ လူငယ်များ၏ တတွတ်တွတ်တောင်းဆို ပူဆာမှုများကြောင့် သင်းကလေးတို့၏ အလိုကို လိုက်ကာ ရွာ့မိရွာ့ဖများက ပဲကလေး နှမ်းကလေးလှိုင်လှိုင် ပေါ်စ နွေဦးပွင့်လွတွင် Stage Show သွင်းရန် စီစဉ်ပေးခဲ့ကြခြင်း ဖြစ်ချေပေသည် တစ်မုံ့။ သို့နှင့် အနို့သာပဲပေါ့။ အချုပ်ကို ဆိုရသည်ရှိသော် ဘုန်းတော်ကြီးကျောင်းရှေ့ ကွက်လပ်ကြီးထဲတွင် စတိတ်ခုံကြီးတစ်ခု ပေါ်လာပေ၏။ ပရိသတ်ကြီးထိုင်ရန်အတွက် ကျေးရွာမူလတန်းကျောင်းက သွားငှားထားသော စာသင်ခုံတွေ အစီအရီရောက်လာ၏။ စတိတ်၏ နောက်ဘက်နံ၇ံတွင်မူ လေးခွများနှင့်လက်လုပ်ပန်းများ ဟူ၍ Music Band ၏ အမည်ကို ဖော်ပြထား၏။ သေနတ်များနှင့် နှင်းဆီပန်းဟူသည့် အဖွဲ့ကို ကြိုက်၍ထင့်။ သပွတ်အူရှိလူငယ်လူရွယ်များမှာလည်း ဘောင်းဘီရှည်တဖားဖား ၀တ်သူဝတ်ကြ၊ နားကွင်းဆွဲသူ ဆွဲကြ၊ ဆံပင်ရှည်တွေ သရေကွင်းနှင့် စည်းသူစည်းကြ၊ ထဘီတွေ ဖြဲသူဖြဲကြ နှင့် ရွကာကြွကာထကာ နေကြပေတော့၏။


ဗရွတ်ရွှတ်တမြို့မှ လေးခွများနှင့်လက်ခုပ်ပန်းများအဖွဲ့လာရောက်သီဆိုကြသောညက သပွတ်အူဘုန်းတော်ကြီးကျောင်း ကွက်လပ်အနှံ့တွင် လူတွေဖြင့် ကြဲပြန့်၍နေပေ၏။ ရှေးဦးစွာ ပိန်ညောင်ညောင်နှင့် အဆိုတော်တစ်ယောက် ထွက်လာ၏။ အနှီပုဂ္ဂိုလ်က အဆိုတော် ရင်ဂို ၏ တောင်ပံပါရင် မင်းဆီကို သီချင်းကို သူသီဆိုမည်ဖြစ်ကြောင်း ကြေညာ၏။ သြော်....ကောင်းစွ။ ဂျက်၏ ရင်ကို ထိရှခဲ့လေသော သီချင်းတစ်ပုဒ်ကို ဂျက်နားထောင်လိုလှပါ၏။ ဂျက်နားစွင့်ဆဲမှာပင် Intro နောက်မှ သီချင်းသံ ကပ်ပါလာ၏။ "မင်းမရှိတဲ့ညတွေ...ကိုယ်တစ်ယောက်တည်းမေရယ်....လွမ်းရက်များလည်းကွယ် ... ကြာရှည်လွန်းခဲ့ပါတယ်" ။ တောင်ငူသားကလေးရင်ဂိုနှယ်ပင် အသံပါးပါးချိုချိုကလေးသည် ဂျက်၏ ရင်ကိုလာ၍စူး၏။ သို့သော်....အနို့သော်လည်းပေါ့၊ ၄င်းအဆိုတော်သည် ဤနေရာမှာပင် ရပ်ထားလိုက်ကာ ပရိတ်သတ်ဘက်ကို မိုက်လှည့်ပေးလိုက်ပြီး လုပ်ပါ ... လုပ်ပါ ... ဆိုကြပါ ဟု အော်လိုက်ရာ ပရိတ်သတ်ကြီးမှ သီချင်းကို ဆက်၍ဆိုနေကြပါတော့၏။ ဆိုသမှ " မျှော်ကာမှိုင်ငေးဆဲ အမြန်ပြေးတွေ့လိုက်ချင် တိမ်လွှာပြင်တွေ ကျော်လွှားမယ်" မှစကာ နောက်ဆုံး "တောင်ပံပါရင် မင်းအနားကို" ဟူသည့် သီချင်းအဆုံးထိပင်ဖြစ်ပါ၏။ အနှီအဆိုတော်ကမူ ပရိတ်သတ်ကြီးသီဆိုနေစဉ်အတောအတွင်း စတိတ်ပေါ်မှ အတီးသမားများနှင့် စကားသွားပြောနေကာ သီချင်းဆုံးတော့မှ ကပျာကယာစင်ရှေ့ပြေးလာကာ သိုင်းခရူး(Thank You) ဟု အော်ပြီးအဆုံးသတ်သွားလေ၏။ ပရိတ်သတ်ကား လက်ခုပ်သံတဖြောင်းဖြောင်း။ အို...ဘယ့်နှယ့်ပါလိမ့်။ သူလည်းမဆိုဘဲ သူ့ကိုကား လက်ခုပ်တီးပေးနေရတဲ့ဘ၀။ ခက်ကပြီ။

သို့နှင့်...အနို့သာပဲပေါ့။ စင်ပေါ်တွင် နောက်ထပ်အဆိုတော်တစ်ဦးက ရောက်၍လာပြန်ပါချေ၏။ သူကမူ လူကောင်ထွားထွားကြီး၊ စွပ်ကျယ်ချိုင်းပြတ်ကြီးနှင့် ဘောင်းဘီတိုနှင့် ဆံပင်အရှည်နှင့်။ ကြေငြာလိုက်သည်က ဂျက်၏ အကြိုက်ကိုပဲ သိနေသလိုလို။ လေးဖြူ၏ အသည်းကွဲသီချင်းသစ် သီဆိုပါမတဲ့။
" မင်းရက်စက်မှာကို ကြိုတင်မတားနိုင်...မင်းနှုတ်ဆက်ခြင်းမှာထားရစ်ခဲ့တော့ "
တကယ့်ကိုပင် လေးဖြူဟု ထင်ရလောက်အောင်ကို အသံပါဝါကောင်းသူဖြစ်ပါ၏။ သို့သော်လည်းလေ၊ သူကလည်း အရင်လူကဲ့သို့ပင် ဖြစ်ပါ၏။ နားထောင်ကောင်းဆဲမှာပင် ဆက်မဆိုတော့ပဲ ပရိတ်သတ်ဘက်ကို မိုက်ခွက်လှည့်ပေးကာ အိုကေ....ဘော်ဒါ လုပ်စမ်းပါ ဟု ခပ်ညှစ်ညှစ်အော်ချေ၏။ သနားစဖွယ် သပွတ်အူတို့ လူငယ်အပေါင်းတို့သည်ကား အားရပါးရပင် ဆက်၍ဆိုပေးနေကြရှာ၏။ ကျွန်ုပ်ဆရာကြီးဂျက်သည်ပင်လျှင် စိတ်ကိုတင်းထားသည့်ကြားက "ဘယ်လိုနေရမလဲ အသည်းများခွဲသွား အလူးအလဲနဲ့ခံစား ဘယ်လိုရင်ဆိုင်နေနိုင်မလဲ" ... စသည့်နေရာများအရောက်တွင် လိုက်၍အော်မိနေချေ၏။ အမောင့်သကောင့်သားကမူ စင်ပေါ်တွင် စီးကရက်ထိုင်သောက်နေခဲ့ပြီး တစ်ချီတစ်ချီမှသာ မိုက်တယ်ကွာ၊ မိုက်တယ်ကွာနှင့် အော်ပေးနေကာ သီချင်းဆုံးလေသော်မှ သိုင်းခရူး(Thank You) နှုတ်ဆက်ကာ ဆင်းသွား၏။ ထုံးစံအတိုင်းပင် လက်ခုပ်သံက တဖြောင်းဖြောင်း။ သြော်.... ကိုယ့်ဘာသာကိုယ်ဆိုပြီး လက်ခုပ်တီးပေးနေရသောဘ၀။

နောက်ထပ်တက်လာပြန်သူကမူ မျက်မှန်ထူထူ၊ ဆံပင်ကောက်တိကောက်ကွေးနှင့် စတက်လာကတည်းက အအေးဘူးကိုကိုင်ကာတက်လာပြီး ထူးအိမ်သင်ဆိုထားသော "ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ" ကိုဆိုရန် ကြော်ငြာပြီး ဘုရားစူးမိုးကြိုးပစ် " မွေးမြေရပ်ကို အမြန်ရထားဆိုက်ရောက်ချိန်" တစ်ကြောင်းသာဆိုကာ အအေးသောက်နေ၏။ ဆိုရပြန်သပေါ့။ ကျွန်ုပ်တို့ သပွတ်အူရွာသားတွေမှာဖြင့် ။ ရထားပေါ်ကအဆင်း နှင်းကြားမှာတို့။ ကြိုသူမရှိ တစ်ဦးတည်းရပ်နေရင်းတို့...။ အသည်းခွဲခဲ့တဲ့ အမေ့ရဲ့သားလေးပြန်လာပြီတို့။ သူကသာ သီချင်းလည်းဆုံး အအေးလည်းကုန်၊ သိုင်းကျူးလေးတောင် ပြောမသွားတော့။

ဆိုရချေသော် ထိုနေ့ညက စတိတ်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တက်ကြလေကုန်သော အဆိုတော်များသည် ဘယ်သူမှ သီချင်းကို အစအဆုံးမဆိုလေကြ။ တစ်ကြောင်းဆို၊ နှစ်ကြောင်းဆိုနှင့် ရပ်သွားကြပြီး သပွတ်အူသားများကသာ အဆုံးအထိ ဆိုပေးကြရ၏။ အနို့ဆိုလျှင် ပိုက်ဆံတော့ ဘာကြောင့် အကုန်ယူကြသနည်း။ ခေတ်ဆိုတော့လည်း ဂျက်မှာမပြောသာတော့။

အေးလေ။ ပန်းချီဆရာတွေကလည်း တစ်ချက်လောက်ခြစ်ပြီး ခင်ဗျားတို့ဘာသာ ဆက်ဆွဲကြဟုဆိုကာ သိုင်းကျူးလုပ်ကြ၊ စာရေးဆရာတွေလည်း တစ်ကြောင်းလောက်ရေးကာ ခင်ဗျားတို့ဘာသာဆက်ရေးကြဟုဆိုကာ သိုင်းကျူးလုပ်ကြသော် ကောင်းလေမလားမသိ။ သို့သော် အနို့သော်လည်းပေါ့။

ကျွန်ုပ်ကမူ အနှီဆောင်းပါးကိုဆုံးအောင် ရေးပေးလိုက်ပါသည်။

သိုင်းကျူးးးး

ဂျက်ကွမ်းခြံကုန်း

No comments:

Post a Comment