Thursday, January 10, 2013

ခေါင်းမြီးခြုံအိပ်နေ တစ်ရေးနိုးတော့ ပရိုမိုးရှင်း

(တစ်)
လွန်ခဲ့သော အနှစ်နှစ်ဆယ် ၀န်းကျင်လောက်က ဖြစ်ပါ၏။ တမာနံ့သင်းသည့် အညာတက္ကသိုလ် ကျောင်းကလေးထဲ၌ ကျွန်တော်ရှိနေခဲ့စဉ် တစ်နေ့ အမှုထမ်း အရာထမ်းတို့၏ လောကသဘာဝအတိုင်း ပရိုမိုးရှင်း (Promotion)ဟူသည့် ကျွက်ကျွက်ညံစီသည့် အသံများနှင့်အတူ ကွန်ဂရက်ကျူလေးရှင်း (Congratulation) လုပ်သံများပါ ထပ်မံပေါင်းစပ်လျက် တက္ကသိုလ်ဆရာ၊ ဆရာမ အ၀န်းအ၀ိုင်းကလေး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ဖူးပါသည်။

ဟုတ်ပါသည်။ ရာထူးတစ်ဆင့်တိုးတိုင်း ကျွန်တော်တို့ သုံးနှုန်းနေကျ ပရိုမိုးရှင်း (Promotion)ပဲ ဖြစ်ပါသည်။ ရာထူးတိုးတော့ ဂုဏ်ပြုခြင်း၊ ကွန်ဂရက်ကျူလေးရှင်း (Congratulation) လုပ်ခြင်းတွေလည်း ရှိလာခဲ့ပေသပေါ့။ နည်းပြတွေ သရုပ်ပြတွေက လက်ထောက်ကထိကဖြစ်၊ လက်ထောက်ကထိကတွေက ကထိကဖြစ်၊ ကထိကတွေက တွဲဖက်ပါမောက္ခဖြစ် စသည် စသည်။






ဤ၌ ၀ါရင့်ဆရာကြီးတစ်ယောက် လှမ်းပြောလိုက်သော စကားကြောင့် ဆရာ၊ ဆရာမများအားလုံး ၀ါးခနဲ ရယ်မောလိုက်ကြပုံကို ယနေ့တိုင် ကျွန်တော် အမှတ်ရနေမိပါသေးသည်။

    “ခင်ဗျားတို့ ဘာမှမလုပ်ဘဲ

    ခေါင်းမြီးခြုံပြီးအိပ်နေ

    အချိန်တန်ရင် နှိုးပြီးလာပြော

    လိမ့်မယ်...ပရိုမိုးရှင်းလို့”
ဟူ၏။

သည်တုန်းက ကျွန်တော်လည်း ရယ်ခဲ့ပါသည်။ နောက်တော့ ကျွန်တော် မရယ်ဖြစ်တော့။ ရယ်လည်းမရယ်ချင်တော့။ ရယ်စရာ အချက်အလက်ဟူ၍လည်း မမှတ်ထင်တော့။ မောစရာကြီးပါ။

(နှစ်)
ကျွန်တော်တို့နိုင်ငံ၌ အခြားအခြားသော လောကတွေမှာတော့ဖြင့် မည်သို့ရှိလေသည်မသိ။ ပညာရေးလောက၊ အထူးသဖြင့် တက္ကသိုလ်ပညာရေး လောကမှာကတော့ ရာထူးဆိုသည်မှာ အချိန်ပဲဖြစ်ပါသည်။ Time Scale ဟု ကျွန်တော်တို့ လွယ်လွယ်ခေါ်နေသော စနစ်ပင်ဖြစ်ပါ၏။ မည်သူမဆို လုပ်သက်ခုနစ်နှစ် ပြည့်လေသောအခါ နည်းပြ သရုပ်ပြမှသည် လက်ထောက်ကထိကသို့ ရာထူးတက်သွားကြစမြဲ။ နောက်ထပ် လုပ်သက်ငါးနှစ် ပြည့်ပြန်သောအခါ လက်ထောက်ကထိကမှသည် ကထိကသို့ ရာထူးတက်သွားကြစမြဲ။ ပြဿနာတစ်စုံတစ်ရာ မရှိပါက မည်သူမဆို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တစ်ဆင့်မှတစ်ဆင့်သို့ တက်သွားကြစတမ်း။ ဉာဏ်တွေ ပညာတွေ သုတေသန လုပ်ဆောင်ချက်တွေနှင့် လားလားမှမဆိုင်၊ တစိုးတစိမှ မပတ်သက်။ ထို့ကြောင့် ဂုဏ်ပြုလောက်၊ ကွန်ဂရက်ကျူလေးရှင်း (Congratulation) လုပ်လောက်သော ရာထူးတက်ခြင်း ပရိုမိုးရှင်း (Promotion) ဖြစ်ခြင်းမှ ဟုတ်ပါလေစ။

ယင်းကို ရည်ညွှန်းကာ မိတ်ဆွေဆရာကြီးက ခေါင်းမြီးခြုံပြီး အိပ်နေလည်း အချိန်တန်တော့ ရာထူးကတက်မြဲဟု ဆိုလိုက်ခြင်း ဖြစ်ပါသည်။

မြန်မာ့ပညာရေး လောကနှင့်အတူ တက္ကသိုလ်ပညာရေးလောက အသူတစ်ရာချောက်ထဲသို့ ပြုတ်ကျခဲ့ရခြင်း အကြောင်းပေါင်းများစွာထဲ၌ ထို Time Scale နှင့် ရာထူးအနိမ့်အမြင့်ကို ဆုံးဖြတ်ခြင်းကလည်း အချက်တစ်ချက်အဖြစ် ပါဝင်နေပါသည်။

(သုံး)
ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သော နိုင်ငံများရှိ ကမ္ဘာကျော်တက္ကသိုလ်ကြီးများတွင် တက္ကသိုလ် ဆရာ၊ ဆရာမတစ်ယောက်၏ ရာထူးအနိမ့်အမြင့်ကို ဘယ်သောအခါတွင်မှ အချိန်နှင့်မတိုင်းပါ။ အရည်အသွေးနှင့်ပဲ တိုင်းတာဆုံးဖြတ်ပါသည်။ သူ့ဘာသာရပ်အတွက် သူဘယ်လောက် အလုပ်လုပ်သလဲ၊ ဘာသာရပ်ဆိုင်ရာ သုတေသန ဘယ်လောက်လုပ်သလဲ၊ စာတမ်းတွေ ဘယ်လောက်ရေးသလဲ၊ ဘာသာရပ်ထဲမှာ ဘယ်လောက်မွေ့လျော်လို့  ဘယ်လောက်ထည့်သွင်းပါဝင် (Contribution)သလဲ စသည့် ပညာအခြေခံ အကြောင်းတရားများကိုကြည့်ကာ  ရာထူးနှင့်တကွ ခေါ်ယူခန့်ထားကြခြင်း ဖြစ်ပါသည်။

ပညာကို အခြေခံကာ ရာထူးပေးသော စနစ်ဖြစ်သည့်အတွက် ပညာအခြေခံကောင်းသောလူ နေရာရသည်။ ပညာချွန်မွန်သူ နေရာရသည့် ထိုဘာသာရပ် ဖွံ့ဖြိုးသည်။ ဘယ်နှနှစ်ကြာရင် လက်ထောက်ကထိကဖြစ်မယ်လို့ ကထိကဖြစ်မယ်တို့ ဆိုတာမျိုးတွေကို ထိုဂုဏ်သိက္ခာကြီးသော တက္ကသိုလ်ကြီးတွေမှာ ဘယ်သောအခါတွင်မှ မလုပ်။

(လေး)
ပြင်ပကနေ ရောက်ရောက်လာတတ်ကြသည့် တက္ကသိုလ်နယ်ပယ်က ပုဂ္ဂိုလ်များ ကျွန်တော်တို့၏ တက္ကသိုလ်လောကကို အံ့သြကြတာတစ်ခု ရှိပါသေးသည်။

လူတစ်ယောက်က ရာထူးတစ်ခုမှာ အကြာကြီး နေနေတတ်တာမျိုး ဖြစ်ပါသည်။ ဥပမာ ကထိကတစ်ယောက်၊ ပါမောက္ခတစ်ယောက်သည် ပြစ်မှုတစ်စုံတရာ မကျူးလွန်မချင်း ဘယ်တော့မှ မပြုတ်ဘဲ တာဝန်ထမ်းဆောင်နေတာမျိုး ဖြစ်ပါသည်။

သူတို့ဆီ၌ ဒါမျိုးမရပါ။ ဆရာတစ်ယောက်ကို အလုပ်စခန့်ကတည်းက တက္ကသိုလ်က စာချုပ်နှင့်ခန့်ခြင်း ဖြစ်ပါသည်။ တချို့တက္ကသိုလ်တွေက နှစ်နှစ်၊ တချို့ကသုံးနှစ် စသည်။ စတင်ခန့်ထားကတည်းက ကထိကပါမောက္ခ စသည်ဖြင့် ခေါ်ယူခန့်ထား လ\စာညှိနှိုင်းကာ ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ထိုဆရာ၊ ဆရာမ ဘာသာရပ်နှင့် ပတ်သက်၍ မည်မျှအလုပ်လုပ်သလဲ မလုပ်ဘူးလဲကိုကြည့်ကာ သတ်မှတ်ချိန် ကုန်ဆုံးပြီးနောက် ဆက်လက်ခန့်ထားသင့်၊ မခန့်ထားသင့် ဆုံးဖြတ်ကြခြင်း ဖြစ်ပါသည်။ ဘာသာရပ်နှင့်ပတ်သက်၍ အလုပ်ကို ချွန်ချွန်မွန်မွန်လုပ်ကြောင်း စိတ်ကျေနပ်လျှင် ထိုတက္ကသိုလ်က ဆရာ၊ ဆရာမကို အချိန်မစေ့မီကတည်းက ကြိုတင်ကမ်းလှမ်း (Offer)မြဲ ဖြစ်ပါသည်။ နောက်ထပ် စာသင်နှစ် (သို့) Semester ဘယ်နှခု ဆက်သင်ပေးပါ လစာကမည်မျှစသည်။ အော်ဖာ (Offer) မလုပ်တော့ဘူး။ မကမ်းလှမ်းတော့ဘူးဟုဆိုလျှင် စာချုပ်သက်တမ်းကုန်လျှင် နားပေတော့။ အခြားတက္ကသိုလ်တစ်ခုခုသို့ ပြောင်းလျှောက်လိုသော် လျှောက်ပေတော့။ ဆိုလိုသည်မှာ မကြိုးစားသူ မနိုးကြားသူအတွက် ထာဝရရာထူး ရှိမနေပါဘူးဟူသည့် သဘော။

သို့ဖြစ်ရာ ဆရာ၊ ဆရာမ တစ်ယောက်ကို အလုပ်ခန့်ခြင်း၊ မခန့်ခြင်း၊ ရာထူးပေးခြင်း၊ မပေးခြင်း ဆိုသည်မှာ တက္ကသိုလ်၏သဘော။ တက္ကသိုလ်တစ်ခု၏ လွတ်လပ်စွာ စီမံခန့်ခွဲခွင့် (Autonomy)၌ တစ်ခုအပါအ၀င်ဖြစ်သော Staff Autonomy ဆရာ၊ ဆရာမ၀န်ထမ်းကို မိမိတက္ကသိုလ်ကသာ မိမိစိတ်ကြိုက် စီမံခန့်ခွဲနိုင်သည့်သဘောပင် ဖြစ်ပါသည်။

သည်လိုလုပ်လိုက်သည့်အတွက် ဘာဖြစ်သလဲဟု မေးအံ့။ ခို၍မရ။ ကပ်၍မရ။ မှေးနေ၍မရ။ မှိန်းနေ၍မရ။ ဖြီး၍မရ။ ဖြန်း၍မရ။ အာဏာရှင်စတိုင်လ်နှင့် ဒါအမြဲတမ်း ငါ့ထိုင်ခုံလုပ်ထား၍မရ။

တစ်ယောက်က တစ်နေရာကနေ အသံပေးဖူးပါသည်။ ကိုယ့်ဘာသာကိုယ် လွတ်လပ်စွာ စီမံခန့်ခွဲတော့ ၀န်ထမ်းခန့်တာ၊ ရာထူးတိုးပေးတာ၊ ဖြုတ်ပယ်တာတွေမှာ မျက်နှာလိုက်တာမျိုး ရှိမလာနိုင်ဘူးလားတဲ့။

မရှိနိုင်ပါ။ ရှိခဲ့လျှင်လည်း ထိုဌာန ထိုတက္ကသိုလ် မချွန်သော မမွန်သော ကိုယ့်လူများနှင့် မောင်းနှင်နေသည့်အတွက်  ကြာလေလေ  နာမည်ပျက်လေလေနှင့် နောက်ဆုံးတစ်နေ့ ဆိတ်သုဉ်းရမည်သာ။

ပညာရေးကို ပြင်ရာ၌ ကျောင်းသားနှင့် သင်ရိုးကိုသာ ပြင်ရုံမဟုတ်ဘဲ ဆရာ၊ ဆရာမ (Staff)ကိုပါ ပြင်မှရနိုင်ပါသည်။

စာချုပ်နှင့် နှစ်ကန့်သတ်ကာ ခန့်အပ်ခြင်း၊ ဆက်ခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်း၊ လုပ်သက်ကို အခြေခံ၍ ရာထူးမပေးဘဲ စွမ်းဆောင်ရည်ဖြင့် ရာထူးပေးခြင်းတို့သည် ကမ္ဘာသုံးဖြစ်ရာ ထိုလမ်းအတိုင်း မသွားဘဲနှင့်တော့ အားကောင်းမောင်းသန် ပညာရေးလောက ဖြစ်ပေါ်လာရန် အကြောင်းမမြင်ပါလေ။         ။


မောင်သာချို

No comments:

Post a Comment