Thursday, January 10, 2013

အသက်ဆိုတာ ရှုပြီးတော့သွင်းရတာ

(တစ်)
အောက်ဆီဂျင်ဘား (Oxygen Bar)တဲ့။ ဆိုင်နာမည်ကို ကြားရုံမျှနှင့် ယနေ့ကမ္ဘာကြီး ဘာဖြစ်နေပြီလဲဆိုတာကို ရိပ်စားမိနိုင်သော အနေအထားပင် ဖြစ်ပါသည်။

ဟုတ်ပါသည်။ အောက်ဆီဂျင်ဘား။ အသက်ရှူမ၀သည့် ကမ္ဘာကြီး၊ အသက်ရှူကျပ်သည့် ကမ္ဘာကြီး၊ အသက်ရှူမဖြောင့်သည့် ကမ္ဘာကြီးအတွက် ၀န်ဆောင်မှုပေးသော အောက်ဆီဂျင်ဘားကလေးတွေ ကမ္ဘာ့တချို့နေရာများ၌ ပေါ်ပေါက်စ ပြုလာကြပြီဖြစ်ပါသည်။

နာမည်ကျော်ပေါ့ပ် (Pop) အဆိုတော် ဘရစ်တနီစပီးယား (Britney Spears)ကို ထိုအောက်ဆီဂျင်ဘား၌ တွေ့နိုင်သည်ဟု ဆိုပါ၏။ I am Not a Girl တို့ Toxic တို့ Baby One More Time တို့လို သီချင်းများဖြင့် အထူးထင်ရှားသူ အဆိုတော်မကလေး ဘရစ်တနီစပီးယားသည် အောက်ဆီဂျင်ဘားများ၏ ဖောက်သည်ဟု ဆိုပါ၏။




နောက် ဂျူလီယာရောဘတ် (Julia Roberts) ။ ဟောလိဝုဒ်၏ နာမည်ကျော်မင်းသမီး။ Pretty Woman တို့၊ Notting Hill တို့၊ Monalisa Smile တို့လို ရုပ်ရှင်ကားများဖြင့် နာမည်ကျော်ခဲ့သည့် မင်းသမီး။ သူကလည်း အောက်ဆီဂျင်ဘားများတွင် ထိုင်တတ်သူဟု ဆိုပါ၏။

အော်... လေကောင်းလေသန့်ခေါ် အောက်ဆီဂျင်ကို စိတ်တိုင်းကျ ရှူရန်အတွက် ဖွင့်လှစ်ထားသည့် ဆိုင်ကလေးများ။ ဆိုင်ထဲသို့ ၀င်ရောက်သွားပြီးနောက် ဘားကောင်တာရှိရာ၌ အသာကလေး ၀င်ထိုက်လိုက်ရပါသည်။

ထို့နောက် ဓာတ်ငွေ့ပိုက်ကို အသာကလေး ဆွဲယူလိုက်ရပါ၏။ ပြီးသော် ရှူပေတော့။ တစ်မိနစ်ကို စင်ကာပူဒေါ်လာ တစ်ဒေါ်လာလောက်နှင့် ရှူကြရကြောင်းဆိုရာ ပြုံးချင်စရာ ဖြစ်ပါသည်။
ကမ္ဘာ ကမ္ဘာ။ ကျွန်တော်တို့ မှီတင်းနေထိုင်ကြရာ ဤကမ္ဘာ။ ကျွန်တော်တို့ ချစ်မြတ်နိုးရာ သည်ကမ္ဘာ။ အသက်ကိုတောင် စိတ်ချလက်ချရှူဖို့ ခက်ခဲလာပြီတဲ့လား။

(နှစ်)
လူသားအပါအ၀င် သက်ရှိသတ္တ၀ါများ၊ ထို့နောက် အပင်များကအစ အသက်ဆက်ရှင်သန်နေဖို့ အရေးမှာ အောက်ဆီဂျင်လိုပါသည်။  ထိုအောက်ဆီဂျင်ကို ရှူသွင်းကြရပါသည်။ သို့သော် အောက်ဆီဂျင်က လေထဲ၌ ၂၁ ရာခိုင်နှုန်းခန့်သာ ပါသည်ဟု ဆိုပါသည်။ ဒါဆို ကျွန်တော်တို့အတွက် မလိုအပ်သော ဓာတ်ငွေ့တွေ ၇၉ ရာခိုင်နှုန်းတောင် ပါဝင်နေသည်ဆိုသည့် သဘောပဲပေါ့။ အင်း..မြွေပူရာ ကင်းမှောင့်ဆိုသလို အောက်ဆီဂျင် ၂၁ ရာခိုင်နှုန်း ၀န်းကျင်ခန့်သာပါသည့် လေထဲ၌ အခြားအခြားသော မလိုလားအပ်သည့် အဆိပ်အတောက် အငွေ့တွေပါ ထပ်ရောပါလာမှဖြင့်။ ယခု ရက်ပိုင်းတွေထဲတွင် ထွက်ရှိသည့် သတင်းစာတစ်နေရာ၌ တစ်ဆင့်ခံ စီးကရက်မီးခိုးငွေ့ကို ရှူရှိုက်ရသည့်အတွက် အမေရိကန်နိုင်ငံသား ၄၂,၀၀၀ ၀န်းကျင် နှစ်စဉ်သေဆုံးနေရပါကြောင်း ဆန်ဖရန်စစ္စကိုအခြေစိုက် ကယ်လီဖိုးနီးယားတက္ကသိုလ်၏ လေ့လာဆန်းစစ်မှုတစ်ရပ်က ဖော်ပြထားသည်ကို ဖတ်လိုက်ရပါသည်။

စက်ရုံကြီးများ မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ မီးရထား၊ မီးသင်္ဘော စသည် စသည်တို့က မီးခိုးငွေ့များကို ထုတ်လွှတ်ပါသည်။ ရေခဲသေတ္တာလို လေအေးပေးစက်လို လူ့အသုံးအဆောင်ပစ္စည်းများက ဓာတ်တုအငွေ့အသက်တို့ကို ထုတ်လွှတ်ပါသည်။ ထိုအငွေ့ပေါင်းစုံတို့သည် လေထဲက ဆာလ်ဖာအမှုန့်များနှင့် ပေါင်းစပ်လိုက်သောအခါ ညစ်ညမ်းတိမ်တောင်ကြီးများ ဖြစ်ပေါ်လာကြသည်ဟု ဆိုပါသည်။

၁၉၉၄ မှ ၂၀၀၅ ခုအတွင်း ကောင်းကင်အာဇဋာ၌ ညစ်ညမ်းတိမ်တောင် ၂၀ ရာခိုင်နှုန်းမှသည် ၅၀ ရာခိုင်နှုန်းအထိ တိုးတက် များပြားလာခဲ့ပါကြောင်း အမေရိကန်နိုင်ငံ တက္ကဆက်တက္ကသိုလ် ပါမောက္ခရိန်နီဇန်နှင့်အဖွဲ့က ထုတ်ပြန်ပေးခဲ့ဖူးပါသည်။

ပါကစ္စတန်တွင် လေသန့်သန့်ကို မရှူရှိုက်ရသဖြင့် ရရှိလာသော ရောဂါများကြောင့် နှစ်စဉ် လူနှစ်သောင်းခန့် အသက်ဆုံးရှုံးရကြောင်းနှင့် ရူပီးငွေ ၆၅ ဘီလီယံခန့် ကုန်ဆုံးကြောင်း ထုတ်ပြန်ခဲ့ပါ၏။

အီရန်နိုင်ငံ၏မြို့တော် တီဟီရန်သည်လည်း လေထုအလွန် ညစ်ညမ်းပေရာ တစ်လလျှင် လူ ၃၀၀၀ ၀န်းကျင်ခန့် သေဆုံးရကြောင်းနှင့် ၂၀၀၅ နှင့် ၂၀၀၆ နှစ်များတွင် လေထုအညစ်အညမ်းကို ရှူသွင်းရမှုကြောင့် လူ ၉၉၀၀ သေခဲ့ရကြောင်း သတင်းတစ်ရပ်က ဆိုခဲ့ပြန်ပါသည်။

မသန့်သောလေကို ရှူသဖြင့် အာရှမြို့ကြီးများ၌ တစ်နှစ်လျှင် လူငါးသိန်းသေသည်။ အရွယ်မတိုင်မီ သေဆုံးသူ တစ်နှစ် ၅၃၀,၀၀၀ ဦး အာရှတိုက်၌ ရှိသည်။ ပါရီ၊ လန်ဒန်၊ နယူးယောက် စသော မြို့ကြီးများထက် အာရှက ငါးဆပိုဆိုးသည် စသည်စသည်ဖြင့်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ထုတ်ပြန်ကြေညာထားခဲ့ပြီး ဖြစ်ပါသည်။ ကြောက်ခမန်းလိလိ ကိန်းဂဏန်းတွေပါလား။

(သုံး)
ကျွန်တော်စိတ်ပျက်ရသည့်အထဲ၌ အမွှေးတိုင်ပါပါသည်။ ပိုလီဆိုင်ကလစ် အာရိုမက်တစ် ဟိုက်ဒရိုကာဗွန်ဟု ဓာတ်တုဗေဒအမည်ရှိပြီး ဓာတုသင်္ကေတဖြင့် PAH5 ဟု ရေးသည့် ထိုအငွေ့က အဆုတ်ကင်ဆာဖြစ်စေသော အငွေ့တဲ့။ သည်အဆိပ်ငွေ့က မော်တော်ကား လမ်းဆုံတွေမှာထက် တရုတ်ဘုရားကျောင်းထဲမှာ ပိုများလေသတဲ့။ သည်အမွှေးတိုင် အငွေ့ထဲမှာ ကာစင်နိုဂျင်းနစ် ဓာတ်ပေါင်းပါတဲ့ ဘင်ဇိုပိုင်ရင်းလည်း ပါသတဲ့။ အဆုတ်ကင်ဆာဖြစ်စေတဲ့ အဆိပ်ငွေ့တဲ့။ စီးကရက်ငွေ့ထက် ၄၅ ဆ ပိုပြီးညစ်ပတ်သတဲ့။ ဘုရားရင်ပြင်တော်ပေါ်မှာ၊  ဆိုင်ခန်းကျဉ်းကျဉ်းကလေးတွေထဲမှာ၊ ဧည့်ခန်းထဲမှာ၊ ဘုရားစင်ရှေ့မှာ၊ နတ်စင်ရှေ့မှာ ရှေးဆန်သည့် ဘတ်စ်ကားထဲမှာ လက်ဖက်ရည်ဆိုင်ထဲမှာ၊ ငှက်သမ္ဗာန်ကလေးရဲ့ဦးဖျားမှာ တလူလူထွက်နေသော အငွေ့များက ရှောင်၍မလွတ်နိုင်ပါ။

ထို့နောက် စိတ်ပျက်ရပြန်သည်က ခြင်ဆေးခွေ။ ခြင်လုံသံဆန်ခါ မတပ်ထားနိုင်သော အိမ်တိုင်း၌ ခြင်ဆေးခွေနှင့် မကင်းနိုင်ပါ။ ခြင်ဆေးခွေက ထွက်နေသည့် ဖော်မယ်ဒီဟိုက် အဆိပ်ငွေ့ထဲတွင် PAH5 ခေါ် ပိုလီဆိုင်ကလစ် အာရိုမက်တစ် ဟိုက်ဒရိုကာဘွန်လည်း ပါသတဲ့။ ကာဗွန်ဓာတ်ရော ဖော်မယ်ဒီဟိုက်နဲ့ အက်ဆီတယ်ဒီဟိုက်လည်း ပါသတဲ့။ အငွေ့ပျံစေတဲ့ အော်ဂဲနစ်ဓာတ်ရော ဘင်ဇင်းလည်း ပါသတဲ့။ ခြင်ဆေးတစ်ခွေရဲ့ အငွေ့ဟာ စီးကရက် ၅၁ လိပ်ရဲ့အငွေ့နဲ့ ညီသတဲ့။ အဆုတ်ကိုထိုးနှက်သည့် အဆိပ်ငွေ့။

ခြုံ၍ပြောရလျှင် မီးခိုးငွေ့များ၊ လောင်စာငွေ့များ၊ စီးကရက်ငွေ့များ၊ အမွှေးတိုင်ငွေ့များ၊ ခြင်ဆေးငွေ့များ၊ ကတ္တရာငွေ့များ၊ စားဖိုဆောင်က ထွက်လာသည့် အငွေ့များ စသည်စသည်တို့၏ အကြား၌ လေက မည်သို့မှ မသန့်စင်နိုင်တော့ပါ။ သို့သော် မမြင်ရသော လေထဲက မမြင်ရသည့် အန္တရာယ်များကို မြန်မာတို့ ရှူသွင်းနေမိကြပါသည်။ မျက်ကန်းတစ္ဆေမကြောက် ခုချက်ချင်းလဲ သေသွားတာမှ မဟုတ်တာဟူသော အတွေးမျိုးဖြင့် ခပ်တည်တည်ပဲ အသက်ကို ရှူဖြစ်နေခဲ့ကြပါသည်။

အစားအစာကို သန့်သန့်စားဖို့လိုသလို ရေကိုလည်း သန့်သန့်သောက်မှ ဆိုသည့် အသိမျိုးကတော့ လူတော်တော်များများ၌ ရှိနေကြပြီဟု ဆိုရပါမည်။ သို့သော် လေကိုလည်း သန့်သန့်ရှူမှဆိုသည့် အသိမျိုးကတော့ အားနည်းနေကြပါသေးသည်။ လူသည် ကိုယ့်ပတ်ဝန်းကျင်က လေထုကိုလည်း ကိုယ်စောင့်ရှောက်ဖို့ လိုပါသည်။ သို့မဟုတ်လျှင်ဖြင့် ကျွန်တော်တို့သည်လည်း အောက်ဆီဂျင်ဘားများ ရှိရာသို့သွား၍ အသက်ကို ရှူသွင်းကြရုံသာ။    ။



မောင်သာချို

No comments:

Post a Comment