Thursday, January 10, 2013

ကတ္တီပါဖိနပ်စီးကာ ရွှေထီးဆောင်းထားသည့် အရိုင်းအစိုင်းများ

(တစ်)
ထိုသူတို့သည်ကား သူတို့၏ လက်ထဲ၌ ဓားလှံလက်နက် ကျောက်တုံး၊ ကျောက်ခဲများကို ကိုင်ဆောင်ထားခြင်း မရှိပါ။ ထို့ပြင် သစ်ရွက်သစ်ခက်များဖြင့်လည်း သူတို့၏အရှက်ကို ဖုံးကွယ်ထားခြင်း မရှိပါ။ သူတို့၏ လည်ပင်း၊ သူတို့၏နားရွက်၊ သူတို့၏လက် စသည်များတွင်လည်း တိရစ္ဆာန်တို့၏ ဦးချိုများ အရိုးများကို အဆောင်အယောင်အဖြစ် ၀တ်ဆင်ထားခြင်း မရှိပါ။ သူတို့၏ လက်ထဲတွင် ဗုံတွေဘာတွေ မရှိ။ သူတို့၏ နံဘေးနားမှာကလည်း မီးပုံတွေဘာတွေ မရှိ။ သို့သော် သူတို့နှင့် ထိတွေ့ဆက်စပ်ရသော သူတိုင်းက သူတို့ကို အရိုင်းအစိုင်းတွေပါလားဟူသော အဓိပ္ပာယ်ဖြင့် လှမ်းကြည့်ကြရစမြဲ ဖြစ်ပါသည်။

ထိုသူတို့သည်ကား အင်္ကျီအကောင်းစားတွေကိုလည်း ၀တ်ချင်ဝတ်ထားတတ်ပါ၏။ ပုဆိုး (သို့မဟုတ်) ဘောင်းဘီအပျံစားတွေကိုလည်း ၀တ်ချင်ဝတ်ထားတတ်ပါ၏။ ဖိနပ်ကအစ နာရီအဆုံး လက်ကိုင်ဖုန်း အပါအ၀င် ကွန့်နိုင်သမျှကွန့် ညွန့်နိုင်သမျှညွန့်ကာ မည်သို့ပင် ခေတ်သစ်၏ လူသားဟန်ဆောင်သော်လည်း တော၏ ဥပဒေသ(Jungle Law)ကြီးစိုးရာ ကျောက်ခေတ်က လူသားများအတိုင်း ရိုင်းစိုင်းလျက်ရှိသည်ကို တွေ့ရနိုင်မည် ဖြစ်ပါသည်။




အဝေးကြီးမဟုတ်ပါ။ သင်တို့ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၌ သည်လို အဆင်အကွက် များစွာကို နိစ္စဓူဝ တွေ့နေကြရပါသည်။ မြို့ပြ၏ ပလက်ဖောင်းများပေါ်မှာ၊ စားသောက်ဆိုင်ထဲမှာ၊ ကားတွေ၊ ရထားတွေပေါ်မှာ၊ လေဆိပ်ထဲမှာ၊ အများဆုံး သန့်စင်ခန်းထဲမှာ။ အရိုင်းတွေ အစိုင်းတွေ။ ကတ္တီပါဖိနပ်ကြီးများတောင် စီးလို့။  ရွှေထီးကြီးများတောင် ဆောင်းလို့။

(နှစ်)
မြို့တော်၏ ပလက်ဖောင်း တစ်နေရာရာဟု ဆိုကြပါစို့။ လူနှစ်ယောက် ပခုံးချင်းတိုက်မိသည်ဟုပဲ ဆိုကြပါစို့။ အခုနောက်ပိုင်း တစ်ယောက်ကိုတစ်ယောက် အားတုံ့အားနာဖြစ်စွာဖြင့် ဆောရီး(သို့မဟုတ်) မတော်လို့ဗျာ(သို့မဟုတ်) ကန်တော့နော် စသော စကားလုံးများဖြင့် တောင်းပန်သမှု ပြုသည်မျိုးတွေက ရှားပါးသထက် ရှားပါးလာသည်ကို သတိပြုမိပါသည်။ ခပ်တည်တည်ဖြင့် ကိုယ့်လမ်းကိုယ် ဆက်လျှောက်သွားလျှင်လည်း ဆက်လျှောက်သွား၊ ဒါမှမဟုတ်  တစ်ယောက်ကို တစ်ယောက် ဘုကြည့် ကြည့်လျှင်လည်းကြည့် စသည်ဖြင့်သာ ကိစ္စပြီးသွားကြသည်က များပါသည်။ မတော်တဆ ဖြစ်မှုအတွက် တောင်းပန်လိုက်ဖို့ဆိုသော ယဉ်ကျေးဖွယ်ရာသည့် စိတ်မျိုး မဖွံ့ဖြိုးကြပါပေတော့။

ကျွန်တော် နိုင်ငံခြားသားများနှင့် မကြာခဏဆိုသလို ဆုံတွေ့ရပါသည်။ အထူးသဖြင့် လေဆိပ်ဝန်းကျင် အရပ်ဒေသများမှာပဲ ဖြစ်ပါသည်။ လေဆိပ်ခန်းမနှင့် လေယာဉ်ဆီသို့ အကြိုအပို့လုပ်ပေးသည့် ဘတ်စ်ကားတွေပေါ်မှာ၊ ကားအတက်အဆင်း လေယာဉ်အတက်အဆင်းတွေမှာ၊ သူတို့တစ်တွေ ဘယ်တုန်းကမှ လုယက်တက်နေသည်မျိုးကို ကျွန်တော် မတွေ့ခဲ့ရဖူးပါ။ ကားပေါ်သို့ တက်ရန် (သို့မဟုတ်) လေယာဉ်ပေါ်သို့ တက်ရန် နှစ်ဦးသား ဆုံစည်းနေကြသော အခါမျိုး၌ သူတို့လုပ်ပုံက ပထမလူကို ကြည့်မည်။ ထို့နောက် ပြုံးပြမည်။ ၎င်းနောက် ကိုယ်ကို နည်းနည်းကလေးယို့ကာ အရှေ့က တက်ပါဟူသော အဓိပ္ပာယ်ဖြင့် လက်ဟန်အမူအရာ ပြမည်။ ဒါပဲ ဖြစ်ပါသည်။ နေရာတိုင်းမှာ ငါသာအရင်၊ ငါသာပထမ၊ ငါ့စိတ်ကြိုက်၊ ငါ့သဘောဆိုသည့် ကျွန်တော်တို့ဆီက အချို့အချို့တို့၏ စိတ်မျိုးတွေကို လျော့ပါးအောင် သူတို့ လေ့ကျင့်ထားကြပုံ ရပါသည်။

တစ်ခါက အဝေးပြေး ဘတ်စ်ကားတစ်စီးဖြင့် ခရီးသွားစဉ် ကားပေါ်၌ စီးကရက်သောက်သုံးသူတစ်ဦး လိုက်ပါလာပါသည်။ သူက ကားရှေ့ပိုင်း ခပ်ကျကျနေရာ၌ လိုက်ပါခဲ့ပြီး စီးကရက်ကို တော်တော်ကလေး ကြိုက်ဟန်တူရာ တော်ကြာနေ တစ်လိပ်သောက်လိုက်၊ တော်ကြာနေ တစ်လိပ်သောက်လိုက်နှင့် လုပ်လာခဲ့ရာ တစ်ခါမှာတော့ ဆေးလိပ်နံ့ မခံနိုင်သူတစ်ဦးက စီးကရက်မသောက်ဖို့ ပြောပါသည်။ ဤနေရာ၌ စိတ်ယဉ်ကျေးမှု မြင့်မားသူတစ်ဦးသာဆိုလျှင် တောင်းပန်စကားဆိုကာ ဆေးလိပ်ကို မီးငြှိမ်းသတ်ဖို့ ဖြစ်သော်လည်း ထိုသူက ရန်စကားပင် ဆိုနေပြန်ပါသေးသည်။

ထမင်းဆိုင်ကြီးများ စားသောက်ဆိုင်ကြီးများ ရှိရာဆီသို့ ၀င်သွားမိသော အခါ၌လည်း သည်အတိုင်းပဲ ဖြစ်ပါသည်။ ဘေးတွင်ချထားသည့် အမှိုက်ပုံးထဲသို့ နှပ်ချေးတွေ ညှစ်ချလိုက်၊ သလိပ်တွေ ဟပ်ကာထွေးချလိုက်နှင့် လုပ်နေသော သူများကို မကြာခဏ ကျွန်တော်တို့ တွေ့ကြရလေ့ရှိပါသည်။ အများသောက်ရန် ချထားသည့် ၀ိုင်းအလယ်ခေါင်က ဟင်းချိုခွက်ကိုပင်လျှင် ကိုယ့်ပါးစပ်အောက်သို့ ဆွဲယူကာ အရည်တွေ တတောက်တောက် ကျအောင် တရှူးရှူး တရှဲရှဲ သောက်ပြီးမှ ၀ိုင်းအလယ်သို့ ပြန်တွန်းပို့လိုက်သည့် သူတွေကိုလည်း ကျွန်တော်တို့ တွေ့ကြရမြဲဖြစ်ပါသည်။

နေရာက အများသူငါနှင့် သက်ဆိုင်သည့် ရုံးခန်းလိုနေရာ။ စားပွဲက အများသူငါတို့၏ စားပွဲများကြားက စားပွဲ။ ထိုစားပွဲပေါ်၌ မိမိအိမ်က ယူလာသည့် ရေဒီယို (သို့မဟုတ်) စီဒီစက်ကိုတင်ကာ သီချင်းနားထောင်ရင်း အလုပ်လုပ်နေသည့် သူတစ်ယောက်ကိုလည်း ကျွန်တော်တွေ့ဖူးပါသည်။ အခြားအခြားသော အလုပ်လုပ်နေသူတွေ မကြားချင်ရင် နားသာပိတ်ထားတော့ဟူသည့် သဘော။

ဆူးလေဘုရား လမ်းမကြီးတစ်နေရာတွင် လက်ထဲရှိ ငှက်ပျောခွံနှင့် အအေးဘူးအလွတ်ကို စွန့်ပစ်ရန်အတွက် လမ်းဘေးတစ်လျှောက် မည်သည့်နေရာတွင်များ အမှိုက်ပုံး ရှိပါလေမလဲဟုဆိုကာ ကျီးကန်းတောင်းမှောက် လိုက်လံရှာဖွေနေသည့် ကမ္ဘာလှည့်ခရီးသွားတစ်ယောက်ကို ကြည့်နေမိစဉ်မှာတော့ ဆတ်ခနဲဆို တိုက်ပေါ်က လွှင့်ပစ်၊ ဆတ်ခနဲဆို ကားပေါ်က လွှင့်ပစ်၊ ဆတ်ခနဲဆို ရထားပေါ်က လွှင့်ပစ် လုပ်တတ်ကြသည့် ကျွန်တော်တို့ဆီက အမှိုက်စွန့်ပစ်သူ တချို့ကို ကျွန်တော် သတိရနေမိတတ် ပြန်ပါသည်။

(သုံး)
ကျွန်တော်တို့က ယဉ်ကျေးမှုဆိုသည်ကို ခေါင်းပေါင်းကြီးနှင့်မှ၊ တောင်ရှည်ပုဆိုးကြီးနှင့်မှ၊ ရင်ဖုံးအင်္ကျီနှင့်မှ၊ ထိုင်မသိမ်း ထဘီကြီးနှင့်မှဟု ထင်နေကြပုံရပါသည်။

တကယ့် လူ့အဆင့်အတန်းကို ပြဋ္ဌာန်းသည်က စိတ်ယဉ်ကျေးမှုပဲ ဖြစ်ပါသည်။

ခေတ်ပေါ်အ၀တ်အစားတွေ ဘယ်လောက်ပဲဝတ်ဝတ်၊ ခေတ်ပေါ်အသုံးအဆောင်တွေ ဘယ်လိုပဲသုံးသုံး လူချင်းတိုက်မိလို့မှ တောင်းပန်ဖော်မရ၊ မည်သည့် နေရာတွင်မဆို ကိုယ်ပထမရဖို့ နေရာဦး၊ လူစုလူဝေးအလယ်တွင် စီးကရက်သောက် သီချင်းနားထောင်၊ ဟင်းချိုခွက်ကို ကိုယ့်ဆီယူသောက်၊ နှပ်ချေးညှစ် သလိပ်ဟပ်၊ တွေ့ရာနေရာ အမှိုက်ပစ် စသည်စသည်ဖြင့် ပြုပြုသမျှသော အမူအကျင့်တို့က ကတ္တီပါဖိနပ်ကြီးစီး၍ ရွှေထီးကြီး ဆောင်းထားစေကာမူ အရိုင်းဟာ အရိုင်းပါပဲဟု လှစ်ဟပြနေပြီးသား ဖြစ်ပါသည်။

လက်ကိုင်ဖုန်းကြီး ခါးမှာချိတ်ကာ အပျံစား ဇိမ်ခံကားပေါ်က ဆင်းလာသော်လည်း ကျောက်ဂူထဲကနေ ကျောက်လက်နက် ကိုင်စွဲလျက် ထွက်ချလာသော လူသားထက် ဘာမှမပိုနိုင်ပါလေ။ စိတ်ဓာတ်တည်ဆောက်ပုံ အထားအသို မြင့်မားမှသာ အဆင့်မြင့်လူသား စာရင်းဝင်သည့် လူယဉ်ကျေးဖြစ်နိုင်ကြောင်း သတိထားအပ်ပါသည်။             ။



မောင်သာချို

No comments:

Post a Comment