Thursday, January 10, 2013

ဂန္ဓာလရာဇ်ဈေးတန်းကို ဖြတ်သန်းခြင်း

(တစ်)
ကွန်မြူနစ်ပါတီ ကြီးစိုးသော တရုတ်ပြည်ကြီး၌ နိုင်ငံကို စီးပွားရေးအရ ခေတ်မီရန် ကြိုးစားကာ “To get rich is glorious” ချမ်းသာတာဟာ ဂုဏ်ရှိတာပေါ့ဟု ဆိုလိုက်သဖြင့် အံ့သြစရာ ကွန်မြူနစ်တစ်ယောက်အဖြစ် ကမ္ဘာက လှမ်းကြည့်ရသူမှာကား တိန့်ရှောင်ဖိန်ပင် ဖြစ်ပါသည်။ “Deng Xinoping” သို့မဟုတ် “Teng Hsiao-Ping”ဟု စာလုံးပေါင်းသူ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်နှင့် ၀န်ကြီးချုပ်။ ခုတော့ဖြင့် သူလည်း ဤကမ္ဘာမြေပေါ်၌ သက်ရှိထင်ရှား မရှိတော့ပါလေပြီ။

သို့သော် သူ့နှုတ်မြွက်စကား “To get rich is glorious”ဆိုသည့် သြ၀ါဒအတိုင်း ချမ်းသာခြင်းကို ဂုဏ်အဖြစ် ခံယူလျက် တရုတ်တစ်ပြည်လုံး ချမ်းသာဖို့ တစ်နည်းအားဖြင့် ပိုက်ဆံရဖို့ ကြိုးစားရာက စီးပွားရေးအရ မဟာအင်အားကြီး နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည်မှာလည်း အများအသိပင် ဖြစ်ပါသည်။




ချမ်းသာဖို့ (သို့မဟုတ်) ပိုက်ဆံရဖို့ ကြိုးစားကြခြင်းက ကောင်းပါသည်။ သို့သော် တစ်ခုစဉ်းစားဖို့ ကောင်းသည်က ဘယ်လိုနည်းနှင့် ချမ်းသာအောင် လုပ်ကြမှာလဲ၊ ပိုက်ဆံရအောင် လုပ်ကြမှာလဲဟူသည့် ကိစ္စဖြစ်ပါသည်။ တစ်လောကလုံး ဘာပဲဖြစ်နေဖြစ်နေဟုဆိုကာ ငွေမျက်နှာတစ်ခုတည်းကို ကြည့်ရုံမျှနှင့်တော့ အလုပ်ဖြစ်နိုင်လိမ့်မည် မဟုတ်ပါ။ ဂုဏ်ကျက်သရေလည်း ရှိနိုင်လိမ့်မည် မဟုတ်ပါ။ စိနရဋ္ဌ၊ စိန့်တိုင်း၊ ဂန္ဓာလရာဇ် စသည်ဖြင့် အမျိုးမျိုး ခေါ်ဝေါ်ခဲ့ကြသော တရုတ်ပြည်ကြီးဘက်က ၀င်ရောက်လာသည့် ပိုက်ဆံနောက်သို့ လိုက်ကြပုံ သတင်းတွေကဖြင့် ကြက်သီးထစရာ ကောင်းလှပါဘိ။

(နှစ်)
ပထမ ကျွန်တော် အမှတ်ရမိသည်က နို့မှုန့်ပြဿနာဖြစ်ပါသည်။ နို့မှုန့်ထဲသို့ မယ်လမင်းထည့်သည့် ကိစ္စ။ ပလတ်စတစ် ထုတ်လုပ်ရာ၌ ပါဝင်သည့် မယ်လမင်း ဓာတုပစ္စည်းသည် ကုန်ကျစရိတ် အထူးသက်သာသဖြင့် နို့မှုန့်ထဲသို့ ထည့်သွင်းထုတ်လုပ်ခဲ့လေရာ ၂၀၀၇ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း နို့မှုန့်တန်ချိန် ၇၀၀ ဟု ဆိုပါ၏။ ယင်းနို့မှုန့်ကို သောက်သုံးသည့် ကလေးများ ဆီးလမ်းကြောင်းနှင့် ပတ်သက်သည့် ရောဂါဖြစ်တော့မှ နို့မှုန့်ထဲသို့ မယ်လမင်း ထည့်ထားကြောင်း စစ်ဆေးတွေ့ရှိကာ ဆန်းလုနို့ထွက်ပစ္စည်းကုမ္ပဏီက တာဝန်ရှိသူ ဂျန်ဂျီပင်းနှင့် ဇန်ယူဂျင်းတို့အား သေဒဏ်ချမှတ်ခဲ့ရခြင်း ဖြစ်ပါသည်။ ဒါက ဆင်ဟွာ (Xinhua) သတင်း။

ဒုတိယ ကျွန်တော် အမှတ်ရမိသည်က အစားအစာနှင့် အိမ်သုံးဆေးဝါး သတင်းဖြစ်ပါသည်။ “KongLiyuam Group”က ဆေး ၂၇၇ မျိုး ထုတ်ပါသည်။ ထိုဆေးများကို အမှန်တကယ် အရည်အသွေး မပြည့်မီဘဲ ပြည့်မီကြောင်း ထောက်ခံပေးခဲ့သူက စားသောက်ကုန်နှင့် ဆေးဝါးစစ်ဆေးရေး အကြီးအကဲ “Zheng Xiaoyu” ဖြစ်ပါ၏။ သူက ထောက်ခံပေးခ ယွမ်ငွေ ၆ ဒသမ ၅ သန်း ယူသည်။ ဤတွင် စစ်ဆေးတွေ့ရှိကာ ဂျူရီလူကြီးတို့က သေဒဏ်ချမှတ်ခဲ့ရခြင်း ဖြစ်ပါသည်။ ထိုသူ “Zheng Xiaoyu” လိုင်စင်ချပေးထားခဲ့သော အစားအစာနှင့် ဆေးဝါးလုပ်ငန်းပေါင်း ၁၇၀,၀၀၀ ကို ပြန်လည်စစ်ဆေးမည်ဟုဆိုရာ ကြောက်ခမန်းလိလိ ကိန်းဂဏန်းများပင် ဖြစ်ပါ၏။ ဒါက ၂၀၀၇ ခုနှစ် မေလ ၂၉ ရက် ဘီဘီစီသတင်း။

တတိယ ကျွန်တော် သတိရမိပြန်တာက စားသုံးဆီသတင်း ဖြစ်ပါသည်။ စားသောက်ဆိုင်တို့က စွန့်ပစ်လိုက်သည့် ဆီများ၊ ရေမြောင်းထဲသို့ စွန့်ပစ်လိုက်သည့် ဆီကြွင်းဆီကျန်များ စသည် စသည်တို့ကို လိုက်လံစုဆောင်းကာ ဆီပြန်ချက်ပြီး ရောင်းသည်မှာ တစ်နှစ်ကို တန်ချိန်နှစ်သန်းမှ သုံးသန်းအထိ ရှိလေသတဲ့။ ဇီကျန်ပြည်နယ်၊ ရှန်တုန်ပြည်နယ်၊ ဟီနန်ပြည်နယ်တို့၌ ဆီကျန်ပြန်ချက်သူ ၃၂ ဦးကို ဖမ်းမိထားကြောင်း ဖော်ပြထားရာ ဒါကလည်း ကြောက်ခမန်းလိလိ သတင်းပဲ ဖြစ်ပါသည်။ ၂၀၁၁ ခု စက်တင်ဘာ ၁၃ ရက် ဘေဂျင်းအခြေစိုက် အေအက်ဖ်ပီသတင်း။

စတုတ္ထ ကျွန်တော် သတိရမိပြန်သည်က အစားအသောက်နှင့် ကြွက်သတ်ဆေးသတင်း ဖြစ်ပါသည်။ ကြွက်သတ်ဆေးခတ်သူက မုန့်ဆိုင်ပိုင်ရှင် ချင်ဇင်ပင်း။ သူက နန်ကျင်းမြို့ရှိ ရှင်ဝူးမုန့်တိုက်ပိုင်ရှင်ကို လုပ်ငန်းပြိုင်ဖြစ်၍ မုန်းသည်။ ထို့ကြောင့် နို့ပြောင်းဖူးမုန့်၊ ကောက်ညှင်းမုန့်၊ နှမ်းကိတ်မုန့်များထဲ၌ ကြွက်သတ်ဆေးထည့်ကာ ကြားလူကတစ်ဆင့် ရှင်ဝူးမုန့်တိုက်၌ သွားရောက်၍ တင်ထားခဲ့ရာ ထိုမုန့်များကို စားမိသူ ကလေး ၄၂ ယောက်သေ၊ ကလေး ၃၀၀ ဆေးရုံရောက်ဟု ဆိုပါ၏။ ၂၀၀၂ ခု စက်တင်ဘာ ၁၃ က ဖြစ်ပွားခဲ့သောအဖြစ် ဖြစ်ပါသည်။ မုန့်ထဲသို့ ကြွက်သတ်ဆေးခတ်သူ ချင်ဇင်ပင်းကိုကား ၂၀၀၂ ခု စက်တင်ဘာ ၃၀ ၌ သေဒဏ်ချမှတ်လိုက်ပါသည်။ ဒါက ၂၀၀၂ အောက်တိုဘာ ၁ ရက် အေအက်ဖ်ပီသတင်း။

ပဉ္စမ ကျွန်တော် သတိရမိပြန်သည်က လူ့ခန္ဓာကိုယ်အစိတ်အပိုင်း မှောင်ခိုဂိုဏ်းများအကြောင်း ဖြစ်ပါသည်။ တရုတ်ပြည်၌ ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို တရားဝင် အရောင်းအ၀ယ် လုပ်ပိုင်ခွင့် ပေးထားသည်များ ရှိပါ၏။ သေဒဏ်ကျသော အကျဉ်းသားများထံက ရသည်နှင့် သေဆုံးသွားသူများဆီက ရသည်မှာ ၆၅ ရာခိုင်နှုန်း ရှိပါ၏။ အသက်ရှိနေသူများက လှူသည်မှာ ၃၅ ရာခိုင်နှုန်း ရှိပါ၏။ သို့သော် မှောင်ခိုဂိုဏ်းများက အင်တာနက်ကို အသုံးပြုကာ ငွေကြေးလိုအပ်သူများကို ကျောက်ကပ်ရောင်းဖို့ အသည်းရောင်းဖို့ မျက်လုံးရောင်းဖို့ အသားရောင်းဖို့ ဆွဲဆောင်နေကြကြောင်း Shanghai Daily သတင်း၌ ဖော်ပြထားခဲ့ဖူးပါသည်။

ဆဋ္ဌမ ကျွန်တော် သတိရမိပြန်သော သတင်းက တရုတ်နိုင်ငံ ဟီနန်ပြည်နယ်ထဲက သတင်းဖြစ်ပါသည်။ ၂၀၀၂ ဇူလိုင်လဆန်း၌ မစ္စတာလီက သူ့သားကလေး လီနှင့်အတူ အခြားညီအစ်ကိုမောင်နှမများ ပါဝင်လျက် မြစ်ဘက်သို့ သွားရာက ကလေးများ ရေဆင်းကူးကြရာ လီကလေး ရေနစ်သည်။ ထိုအခါ လမ်းသွားလမ်းလာ တစ်ယောက်က ဆင်းဆယ်ရန် ဈေးညှိသည်။ ကယ်မည့်သူက ယွမ်နှစ်သောင်းတောင်းသည်။ ဖခင်လီက ငါးထောင်ပေးသည်။ ထို့နောက် တစ်သောင်းနှင့် ဈေးတည့်သည်။ သို့သော် ဆင်းကယ်ချိန်တွင်ကား ကလေး၏ အသက်ကို မမီပါလေတော့။ ဈေးစကားပြောနေချိန်က ကလေး၏အသက်ကို သတ်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားခဲ့ပါသည်။

ယခုရက်ထဲတွင်ကား တရုတ်ပြည်ဖြစ် မော်တော်ကား သတင်းတွေက ဆူညံ၍ နေပြန်ပါသည်။ ချယ်ရီ (Chery)က ထုတ်လုပ်သည့် Chery 13, Sedon နှင့် Chery T ll Suv ကားများ အပါအ၀င် Great Wall တံဆိပ်ပါ ကားများ၌ gasket နှင့် အိတ်ဇောပိုင်းဆိုင်ရာတို့တွင် ကျောက်ဂွမ်းခေါ် ဖိုက်ဘာဓာတ်ပါသည့် Asbestos အမှုန့်များကို ထည့်သုံးထားရာ အဆုတ်ကင်ဆာကို အကြီးအကျယ်ဖြစ်စေသော ဓာတုပစ္စည်းများဖြစ်သဖြင့် သြစတြေးလျနိုင်ငံမှ ကားအစီး ၂၃,၀၀၀ ပြန်သိမ်းကြောင်း၊ ဥရုဂွေး၊ ဘရာဇီး၊ ချီလီ၊ စင်ကာပူ၊ အာဂျင်တီးနားတို့မှ ကားအစီး ၁၈,၈၇၅ ပြန်သိမ်းကြောင်းတို့ကို The Straits Time နှင့် International Business Time တို့က ဖော်ပြလာခဲ့ကြပါသည်။

အင်း...စိတ်မောစရာကြီးပါလား။ သည်လို နို့မှုန့်တွေ၊ သည်လို အိမ်သုံးဆေးဝါးတွေ၊ သည်လို စားသုံးဆီတွေ၊ သည်လို ကြွက်သတ်ဆေး ခတ်ထားတဲ့ မုန့်တွေ၊ သည်လို အဆုတ်ကင်ဆာဖြစ်စေတဲ့ ကားတွေ ကျွန်တော်တို့ဆီ ထိုးဖောက်ဝင်ရောက်လာမှဖြင့်။ လူ့ခန္ဓာကိုယ်ကိုလှီးထုတ်ဖြတ်တောက် ရောင်းဝယ်တာကလည်း  ငွေကြောင့်။ ရေနစ်နေတဲ့ကလေးကို ဆင်းဆယ်၊ မဆယ်ကလည်း ငွေကြောင့်။

“To get rich is glorious”ဟု ဆိုသော်လည်း ငွေကြေး (သို့မဟုတ်) အသပြာ (သို့မဟုတ်) ပိုက်ဆံ၏မျက်ခွက် တစ်ခုတည်းကို ကြည့်ကာ ဈေးကွက်ထဲသို့ ၀င်ရောက်လာလျှင်ဖြင့် စားသုံးသူတို့အတွက် အန္တရာယ်ကြီးလွန်းလှပါသည်။ ကိုယ့်စားသုံးသူ ပြည်သူလူထု အန္တရာယ်မကျရောက်ရလေအောင် အစောင့်အနေ ထူထပ်ကြပ်မတ် သင့်လှပါသည်။        ။



မောင်သာချို

No comments:

Post a Comment