Thursday, January 10, 2013

ထွေးညိုက သေဒဏ်ကိုသိန်းတန်က တစ်သက်တစ်ကျွန်း

(တစ်)
လူတွေဇရာထောင်းလာတော့ ဟို ဆေးခန်းပြ သည်ဆေးခန်းပြ ဟို ဆရာဝန်ဆီဆေးစစ် သည်ဆရာ ၀န်ဆီဆေးစစ် လုပ်လာကြသလို ကျွန်တော်တို့ မှီတင်းနေထိုင်ကြ ရာကမ္ဘာမြေကြီး အိုမင်းယိုယွင်းလာပြီဆိုသည့်အကြောင်း ခပ်ရေးရေး သဘောပေါက်လာကြသောအခါ ဘာ့ကြောင့် သည်လိုဖြစ်ရတယ်ဆိုသော ရောဂါ၏ အရင်းခံအကြောင်းတရားကို ရှာဖွေလာကြသည်နှင့်အမျှ ဘယ်လို ကုသကြရင်ကောင်းမလဲဆိုသည့် ကုထုံးကိုပါ စဉ်းစား၍ လာကြပါသည်။
    မုန်တိုင်းတွေ မကြာခဏ တိုက်သော ကမ္ဘာ၊ ငလျင်တွေ မကြာခဏ လှုပ်သော ကမ္ဘာ၊ နေရာအနှံ့ ရေကြီး၍ ရေလျှံ သောကမ္ဘာ၊ သီးနှံအထွက်နှုန်း ဆွံ့အသော ကမ္ဘာ၊ အပူရှိန် တငွေ့ငွေ့ တက်နေသော ကမ္ဘာ၊ သောက် သုံးရေခန်းခြောက်သော ကမ္ဘာ၊ သဘာဝသယံဇာတ မြုံ၍သွား သောကမ္ဘာ စသည်စသည်ဖြင့် ဒဏ်ရာဒဏ်ချက်တွေက ဗရပွ။
    သည်မှာ အဓိက လက်သည် တရားခံအဖြစ် ကာဗွန်ကို သွား တွေ့ပါသည်။ ရေခဲသေတ္တာတွေ က၊ လေအေးပေးစက်တွေက၊ စက်ရုံအလုပ်ရုံတွေက၊ မော်တော် ကား မော်တော်ဆိုင်ကယ်က၊ လေယာဉ်တွေက၊ သစ်ပင်သစ်တော ပြုန်းတီးမှုတွေက ထုတ်လွှတ်ထွက်ရှိလာသော ကာဗွန်ဟု အဖြေထုတ်ပါသည်။



    ပရင်စတန် တက္ကသိုလ်က   "Princeton University Carbon mitigation initiative"   ဟု အစီအစဉ်တစ်ခု ဆွဲပါသည်။ ကာ ဗွန်သက်သာရေး ဆောင်ရွက်ချက် တဲ့။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တို့ကမူ   Carbon Foot Prints   ခေါ်ကာဗွန် ခြေရာတိုင်းခြင်းဖြင့် မည်သည့် နိုင်ငံက ကာဗွန်အများဆုံး ထုတ် လွှတ်သလဲဟုဆိုကာ အဖြေရှာ ကြပါသည်။ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က လူ ၂ ဒသမ ၂ သန်းကမူ ၂၀၀၇ ခုနှစ်က   Earth hour   ဟုလှုံ့ဆော်ကာ တစ်နာရီတိတိ လျှပ်စစ်မီးများကို ပိတ်ထားခဲ့ဖူးပါသည်။ ၂၀၀၈ ခုနှစ်မှာမူ နိုင်ငံပေါင်း ၃၅ နိုင်ငံက လူပေါင်း သန်း ၅၀ က   Earth Hour   အဖြစ် လှုံ့ဆော်ကာ လျှပ်စစ်မီးများကို တစ်နာရီတိတိ ပိတ်ထားခဲ့ပြန်ပါ သည်။ ၂၀၁၁ ခုနှစ်အတွင်းတွင် မူ စင်ကာပူနိုင်ငံက   First ever Earth hour night work   ဟုဆို ကာလူတစ်ယောက်လျှင် ၁၅ ဒေါ် လာစီထည့်ပြီး ၃၅ ကီလိုမီတာ ရှည်သော ခရီးကို အမှောင်ထဲ၌ တစ်နာရီတိတိ လမ်းလျှောက်ခဲ့ ကြပါသည်။
    ဒါတွေ အားလုံးကို ပြန်ပြီး အနှစ်ချုပ်လိုက်တော့ ပျက်ယွင်းစ ပြုလာသော ကမ္ဘာမြေကို အတတ် နိုင်ဆုံး ပြန်ပြီး ကုသဖို့ဟု အဖြေ ထွက်ပါသည်။

(နှစ်)
    ယခုအခါ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူတို့က ဟောပြောပွဲများ ကျင်းပခြင်း၊ စာတမ်းဖတ်ခြင်း၊ စာ ရေးခြင်း၊ ပန်းချီဓာတ်ပုံပြပွဲများ ကျင်းပခြင်း၊ မှတ်တမ်းရုပ်ရှင်ရိုက် ကူးတင်ပြခြင်း စသည်စသည်ဖြင့်  ကမ္ဘာမြေကို စောင့်ရှောက်ဖို့ နည်း လမ်းပေါင်းစုံဖြင့် ကြိုးပမ်းလာကြ ပါတယ်။ စက်ရုံအလုပ်ရုံတွေ လျှော့ချဖို့၊ ကားသုံးစွဲတာ ခြိုးခြံ ချွေတာဖို့၊ ရေခဲသေတ္တာမသုံးဖို့၊ လေအေးပေးစက် မသုံးဖို့၊ သစ် တောတွေ မခုတ်ဖို့ စသည်စသည် ဖြင့်။ တကယ်တော့ ဒါတွေကို ကျူးလွန်တာက ငွေရှင်ကြေးရှင် လုပ်ငန်းရှင်များကသာ ဖြစ်ပါ သည်။
    ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပတ် ၀န်းကျင်နှင့် သဘာဝသစ်တော ရေးရာဝန်ကြီး မစ္စတာရာမန်ခန်း ပြောသလို လူသန်း ၁၅၀ ရှိသော ဘင်္ဂလားဒေ့ရှ်၌ သန်း ၃၀ တို့ သ ဘာဝဘေးဒုက္ခသင့်နေကြရခြင်း မှာဖွံ့ဖြိုးပြီး နိုင်ငံများကြောင့်ဟု စွပ်စွဲပြီး လျော်ကြေးပေးဖို့ လေသံ ပစ်လာခဲ့သည့်မှာ လျော်ကန် သောတောင်းဆိုမှုဟု ယူဆမိပါ သည်။
    ၂၀၁၁ ခုနှစ်၏   CNN Weather News Report   ကို ကြည့်။   carbon foot print   ခေါ် ကာဗွန်ခြေရာအထူထပ်ဆုံး နိုင်ငံတွေက အမေရိကန်က တစ်
တဲ့။ ဗြိတိန်က နှစ်၊ ဂျာမနီက သုံး၊ ရုရှားကလေး၊ ပြင်သစ်က ငါး၊ တရုတ်က ခြောက်။ ဒါဆိုကာဗွန် လှိုင်လှိုင် ထုတ်နေတာ ကမ္ဘာကို ပူအောင်လုပ်နေတာမှာ ဆင်းရဲ သောဖွံ့ဖြိုးဆဲဖြစ်သော နိုင်ငံတို့ မပါဝင်တာသေချာပါပြီ။
    လူတစ်ဦးချင်း တစ်ယောက် ချင်းမှာလည်း ဆင်းရဲသူ၊ ၀င်ငွေ နိမ့်ကျသူ၊ ကျေးတောနေသူတို့ ကြောင့်တော့ဖြင့် ကာဗွန်မထူထပ် နိုင်ပါ။ သူတို့တွေ ရေခဲသေတ္တာ မသုံး။ သူတို့ဆီမှာ လေအေးပေး  စက်မရှိ။ မိသားစုဝင်တို့ ကားတစ် ယောက်တစ်စီး မသုံးဘဲ တစ်စီး တည်းကိုသာ မျှသုံးဖို့ နားချစရာ အကြောင်းမရှိ။ နဂိုမူလကိုက သူ တို့က ကားမရှိသူတွေ။ နေ့စဉ် ဘ၀အသက်ရှင်သန်ဖို့အတွက် ဟို တောစပ်ထင်းဝင်ခုတ်၊ သည်တော စပ်မီးသွေးဝင်ဖုတ်တာမျိုးတွေ့ရှိ နိုင်ပါ၏။ သို့သော် တစ်တောလုံး ပြောင်၍ တစ်တောင်လုံးရှင်း အောင်လုပ်ကာ သန်းကြယ်သူဋ္ဌေး ဖြစ်ကြံသူတွေထဲ၌ ထိုသူတို့မပါ။
    ခက်နေသည်က အိမ်တွင် လူငါးယောက် ကားငါးစီးရှိသူ၊ အ ခန်း ၁၀ ခန်းတွင် လေအေးပေး စက် ၁၀ လုံးတပ်ဆင်ထားသူ၊ သာ မန်အိမ်ခန်းတစ်ခန်းစာလောက် နီးနီး ရေခဲသေတ္တာကြီးထဲ၌ သစ်သီးဝလံပေါင်းစုံကိုထည့်ကာ မြုံ့၍နေသူ၊ မီးခိုးတလူလူ ထွက်နေ သည့် စက်ရုံအလုပ်ရုံတို့ကို ပိုင် ဆိုင်ထားသူ၊ သစ်ပုံပေါ်တက်ထိုင် ကာ နိုင်ငံခြားငွေ အထပ်လိုက် ကိုင်ထားသူတွေက ကမ္ဘာမြေကို စောင့်ရှောက်ထိန်းသိမ်းကြဖို့ စ ကားများပြောကြ စာများရေးကြ လုပ်နေသည်ကို ဘာတစ်ခုမှ မ ကျူးလွန်သူ သာမန်လူထုက ပါး စပ်အဟောင်းသားဖြင့် စာတတ် ပေတတ်ကြီးတွေပါလားဟု ဆို ကာငေးကြည့်နေကြရခြင်း ဖြစ် ပါသည်။

(သုံး)
    မြို့နေအောက်ခြေလူတန်း စားများနှင့်အတူ ရွာတိုင်းရွာတိုင်း လိုလို၌ ကားမရှိပါ။ ရေခဲသေတ္တာ မရှိပါ။ လေအေးပေးစက်မရှိပါ။ စက်ရုံအလုပ်ရုံ မရှိပါ။ သစ်လုပ် ကွက်ကျောက်လုပ်ကွက် ရွှေလုပ် ကွက်မရှိပါ။
    သို့သော် သဘာဝပတ်ဝန်း ကျင်ပျက်စီး၍ ရေကြီးရေလျှံ၊ သီးနှံ့ဆွံ့အ၊ မုန်တိုင်းတိုက်၊ ငလျင် လှုပ်၊ မြေကမ္ဘာပူနွေးသော ဒဏ် ကိုအများဆုံးခံရတာကတော့ အောက်ခြေ လူတန်းစားများနှင့် တောသူတောင်သားတို့ပဲ ဖြစ်ပါ သည်။
    သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းမှု၌ အသိပညာနုံချာ ချို့တဲ့ လေခြင်းဟုဆိုကာ ထွေးညိုကို အ ပြစ်တင် ကိုသိန်းတန်ကို ရှုတ်ချ၍ မရနိုင်ပါ။ ထွေးညို ဟိုအပင်ချိုး သည်အပင်ချိုး လုပ်မိတာက ထ မင်းအိုးဟင်းအိုးကလေး ချက် လောက်ရုံမျှသာ။ ကိုသိန်းတန် မီး သွေးကလေးခိုးဖုတ်မိတာက ထ မင်းတစ်လုတ် စားနိုင်ရုံမျှသာ။  တကယ်အပြစ်ကြီးသူတွေက ၀ိသ မလောဘနဲ့ ဇောတိက နံပါတ်ဝမ်း ဖြစ်ချင်သူတွေ၊ စိန်တစ်ရစ် မြတစ် ရစ်နဲ့ အဆီယစ်နေသူတွေ။ အခု တော့ထိုသူတွေကပဲ ရေးသားကာ  ဟောပြောမြွက်ဟပြန်လို့။ ထွေး ညိုတို့ ကိုသိန်းတန်တို့ကပဲ အသိဉာဏ်ဆင်းရဲလို့ အပြစ်ရှိသယောင်ယောင်။ အော်  ..ဟူ၍သာ။          ။



မောင်သာချို

No comments:

Post a Comment