Thursday, January 10, 2013

နော်ရူးနဲ့ ဖိုးစော်ကဲရဲ့တဲပျက်

(တစ်)
    နော်ရူးဟူသည့် နိုင်ငံငယ် ကလေး တစ်နိုင်ငံ၏အကြောင်းကို မကြာခဏ ကြားရလေ့ရှိခဲ့သည် မှာ စာရေးဆရာဖေမြင့်၏ နှုတ် ဖျားမှဖြစ်ပါသည်။ ကျွန်တော်
တို့ က ဆရာဖေဟူ၍ ချစ်စနိုးခေါ် လေ့ရှိသော ထိုစာရေးဆရာက သူ့စာပေဟောပြောပွဲစင်မြင့်ပေါ် ကနေ ဟောပြောလေသောအခါ မကြာခဏဆိုသလို ထိုနော်ရူးနိုင်ငံ
ကလေးအကြောင်း ပါတတ်ပါသည်။

    Nauru   (သို့မဟုတ်)   Naoero ဟု စာလုံးပေါင်းလေ့ရှိသော ထိုနိုင်ငံကလေးက ကျွန်းနိုင်ငံကလေးမျှ သာဖြစ်ပါသည်။ ပစိဖိတ်သမုဒရာ ၏အလယ်ကသန္တာကျွန်းကလေး။ ဧရိယာစတုရန်းမိုင် ၁၀ မိုင်ပင် မပြည့်သည့် ဘဲဥပုံကျွန်းကလေး။ အီကွေတာမျဉ်း၏ တောင်ဘက် မှာ ကပ်နေသည့် ကျွန်းကလေး။
    ဤကျွန်းနိုင်ငံကလေးရှိရာ ဆီသို့ ၁၇၉၈ ၌ ဗြိတိသျှတို့ရောက် လာခဲ့ကြတာ၊ ၁၈၈၈ ၌ ဂျာမနီက သိမ်းပိုက်လိုက်တာ၊ ၁၉၁၄ ၌ သြ စတြေးလျတို့၏ လက်အောက်သို့ ကျရောက်သွားခဲ့ပြန်တာ၊ ဒုတိယ ကမ္ဘာစစ်အတွင်း၌မူ ၁၉၄၂ မှ ၁၉၄၅ အထိ ဂျပန်တို့ လက် အောက်သို့ ကျရောက်သွားခဲ့ပြန် တာ၊ ထို့နောက် သြစတြေးလျ၊ နယူးဇီလန်နှင့် အင်္ဂလန်နိုင်ငံတို့၏ ကြီးကြပ်မှုဖြင့် ကုလသမဂလက် အောက်၌ ခိုလှုံနေထိုင်ခဲ့ကာ ၁၉၆၈ ဇန်န၀ါရီ ၃၁ ၌ လွတ်လပ် သည့်နိုင်ငံအဖြစ် ပေါ်ထွန်းလာခဲ့ တာ စသည်တို့မှတစ်ပါး နော်ရူး နိုင်ငံငယ်ကလေး၏ အကြောင်း ကိုကျွန်တော် သိပ်မသိလှပါ။ သို့ သော်သဘာဝသယံဇာတကို ဘယ်တော့မှ မကုန်နိုင် မခန်းနိုင်သော တိုင်း
ပြည်၏ ရတနာများအဖြစ် ယူဆကာ ထုတ်ရောင်း စားလာကြရာက နောင်တွင် မွဲပြာကျသွားရသည့်နိုင်ငံတစ်ခုအဖြစ်မူ စိတ်ထဲမှာ စွဲ၍နေပါသည်။



    နော်ရူးနိုင်ငံကလေးက ဖော့ စဖိတ်-   Phosphate  ခေါ် မီးစုန်း ဓာတ်ပါသည့် သဘာဝမြေသြဇာ ဒြပ်ပေါင်းများဖြင့် ပြည့်နှက်နေ သည့်နိုင်ငံကလေးဖြစ်ပါသည်။ သို့ ဖြစ်ရာ ဘာမှပင်ပင်ပန်းပန်း တွေး ခေါ်ကြံစည် လုပ်ကိုင်စားသောက် နေစရာမလို။ သဘာဝက ပေး ထားသည့် သယံဇာတဖြစ်သော ဖော့စဖိတ်ကြယ်ဝသည့် မြေကြီး ကိုတူးပြီး ရောင်းစားနေကြရုံ။ သည်မှာတွင် နော်ရူးက ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်သွားခဲ့ပါသည်။ တစ် ဦးချင်းဝင်ငွေကလည်း အမြင့်ဆုံး။
    သို့သော် တူးရင်းဆွရင်းက နေသည် ဖော့စဖိတ်သတ္တုသိုက်တွေက ကျွန်းနိုင်ငံကလေး၏ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီး ပစ်လိုက်ပါသည်။ နိုင်ငံ၏ ၈၀ ရာ ခိုင်နှုန်းသော နေရာတွေမှာ လူ တွေအခြေချနေထိုင်လို့မရတော့။ ဒေသခံ ငှက်မျိုးစုံတို့ ခိုနားစရာ အသိုက်အမြုံတွေပျောက်ဆုံးသွား ကြရရှာပါသည်။ သို့ဖြင့် နောက် ဆုံးမှာ တူးဆွယူငင်စရာမရှိတော့ သော နော်ရူးနိုင်ငံ ပိန်ချုံးသွေ့ ခြောက် ကျုံလှီ၍သွားပါတော့ သည်။ သည်မှာတွင် တိုင်းပြည်၏ အနာဂတ်စီးပွားရေးအတွက် နိုင်ငံ တကာအကူအညီကို လှည့်ရှာရ သည့် နော်ရူးဖြစ်သွားခဲ့ရပုံကို သံဝေဂရဖွယ်တွေ့ရှိနိုင်ပါသည်။နိုင်ငံနှင့် လူမျိုးကို ဖွံ့ဖြိုးတိုးတက် အောင်မလုပ်ဘဲ သဘာဝက ပေး သည့်အရင်းအမြစ်ကို တူးရောင်း သည့် နော်ရူးအဖြစ်က ကြောက် ခမန်းလိလိပဲ မဟုတ်ပါလား။

(နှစ်)
    အမည်မသိ စာဆိုတော်တို့ ၏ လက်ရာ ကဗျာလင်္ကာများထဲ ၌ လူသိများသော ကဗျာတစ်ပုဒ် ရှိပါသည်။ အခြေခံပညာကျောင်း သုံးစာအုပ်များထဲတွင်သာမကဘဲ ဟိုစာအုပ် သည်စာအုပ်များထဲ၌ လည်း မကြာခဏ ပါလေ့ပါထရှိ သည့် ကဗျာလေးတစ်ပုဒ်ဖြစ်ပါ သည်။ ဖိုးစော်ကဲဟူသောအမည် ဖြင့် လူသိများသော ကဗျာဖြစ်ပါ သည်။ ကြည့်ပါ။
လွမ်းမပြေ မန်းမြေတ\မိတော့ကမ်းခြေမှာ စမ်းရေကျတယ်နှင့်ဖျန်းလေက တသုန်သုန်။တဲတစ်ဖက်ဆွဲဖျက်ကာ အလျင်လိုရော့ထင့်ကရင်အို ယာပြင်ကြီးမှာမီးထည့်ကာလှုံ။
မပူပေါင် နောက်ဆီကချမ်းရော့ထင့်အဖြူစောင်ခေါက်ထည်ကြမ်းကိုလလွှမ်းတဲ့လို့ လွှားကာခြုံပါးမှာငုံပါလို့ နုဝါကွမ်း။ဘေးအိတ်ကိုလျှိုဆေးလိပ်တို နားမှာထိုးပါလို့တောင်ရိုးမှာ ဘာသာပျော်ကြအမိုးခေါ် ဖိုးစော်ကဲတို့မှာကွင်းအငူ နှင်းမြူမှ မစဲခင်ကတဲဖျက်တဲ့လမ်း။
    ကဗျာ၏အနက်က ရှင်းပါ သည်။ တဲတစ်လုံးနှင့် ကရင်အမျိုး သားအိုကြီးတစ်ယောက်။ ကရင် အိုကြီးက ကွမ်းနုဝါကလေးကို ပါး မှာငုံလို့။ ဘေးအိတ်ကလေးထဲမှာ လက်ကိုလျှိုလို့။ ဆေးလိပ်တိုက လေးကို နားကြားမှာထိုးလို့။ အဖြူ ရောင် စောင်ကြမ်းကလေးတစ် ထည်ကိုလည်း ကိုယ်ပေါ်မှာလွှမ်း ခြုံလို့။ တဲနှင့် မလှမ်းမကမ်းဆီမှာ က စမ်းချောင်းကလေးတစ်ခုက စီးဆင်းလျက်။ ဆောင်းလေက တသုန်သုန်တိုက်ခတ်လျက်။ တောင်ရိုးတစ်လျှောက် ကွင်းပြင် အနှံ့မှာ နှင်းမြူတွေက ထူထူထဲထဲ ကျလျက်။ ကရင်အိုကြီးက အချမ်း ဒဏ်ကို တုပရန်အလို့ငှာ တဲတစ် ဖက်ကိုဆွဲဖျက်ကာ မီးပုံထဲ ထိုး ထည့်ပြီး မီးလှုံနေခဲ့လေသတဲ့။
    အော်...ပစိဖိတ် သမုဒရာ အလယ်က နော်ရူးနိုင်ငံကလေး ကို ကျွန်တော်သတိရလိုက်တာ။

(သုံး)
    ထင်းမရှိသောကြောင့် ခြံ စည်းရိုးကိုချိုးပြီး မီးထိုးကာ ထမင်း အိုး ဟင်းအိုးချက်နေရသည့်မြင် ကွင်းမျိုးကို ကျေးလက်တောရွာများဆီ၌တွေ့ရတတ်ပါသည်။ ဖိုး စော်ကဲကဗျာထဲကလိုပဲ လတ်တလော အအေးဒဏ်ကိုတုပဖို့ ကိုယ့်တဲကို ကိုယ်ဖျက်ကာ မီးထည့်လှုံရသည့်အဖြစ်က ကြေကွဲဖို့ကောင်းပါသည်။ အနီးကပ် ပြဿနာကိုဖြေရှင်းဖို့ အနာဂတ်ကို မျှော်မကြည့်နိုင်သည့် လုပ်ရပ်များ။
    နော်ရူးကသည်သင်ခန်းစာ ပဲဖြစ်ပါသည်။ ကိုယ့်မြေ၊ ကိုယ့် ရေ၊ ကိုယ့်ကျောက်သံပတ္တမြား၊ ကိုယ့်တော၊ ကိုယ့်တောင်၊ ကိုယ့် သီးနှံ ကိုယ့်သစ်ဥသစ်ဖုတို့ကို မထိန်းသိမ်းဘဲ သဘာဝပတ်ဝန်းကျင်အပျက်ခံကာ လူရော ငှက်ပါ နေစရာမရှိတော့အောင် ပိုက်ဆံရှာကြရာက အချမ်းသာဆုံးဘ၀ကနေ နိုင်ငံတကာကိုကယ်ပါဟု အကူအညီတောင်းခံရသော နော် ရူးအဖြစ်က ကြေကွဲစရာဖြစ်ပါ သည်။
    ချမ်းချင်သလောက် ချမ်းစမ်းပါစေ ဖိုးစော်ကဲရယ်။ တဲဖျက်ကာ မီးထဲတော့ ထည့်မလှုံလိုက်ပါနဲ့။       ။



မောင်သာချို

No comments:

Post a Comment