Sunday, January 13, 2013

Dreamgirls movie review ◄ဇွဲလွင်►




Dreamgirls
Directed by  Bill Condon
Starring-  Jennifer Hudson, Beyonce,Jamie Fox, Eddie Murphy, Anika Noni Rose
                    ဂီတရုပ်ရှင်တစ်ခု ကြည့်ရတဲ့အခါ နဂိုရုပ်ရှင်ရသအပြင် သီချင်းတွေ အဆိုအကတွေနဲ့ တင်ပြမှုကောင်းရင်ကောင်းသလောက် စွဲမက်စေတာပါ။ ကြည့်ပြီးရင်လည်း အဲဒီထဲက သီချင်းတွေက စွဲကျန်ရစ်တော့တာမို့ အပိုဆုနဲ့ ရုပ်ရှင်လို့တောင် ထင်မိပါရဲ့။ ဒီထဲက Dreamgirls ကတော့ တကယ့်အဆိုကောင်းတဲ့ သရုပ်ဆောင်ကောင်းတဲ့ အဆိုတော်သရုပ်ဆောင်တွေကိုယ်တိုင် ပညာခန်းပြတဲ့ သီချင်းတွေကောင်းကောင်းတွေကို အားရပါးရဆိုပြထားကြတာမို့ အစအဆုံး ချောကလက်လောင်းထားသလို ဖီလင်မျိုးနဲ့ပါပဲ။

                    တည်ဆောက်ထားတဲ့ ဇာတ်ကြောင်းကလည်း အဆိုကျော်ကြီး Diana Ross ရဲ့ ဘဝ တစ်စိတ်တစ်ပိုင်းပါတယ်ဆိုကတည်းက စိတ်ဝင်စားဖို့ ပိုကောင်းလာခဲ့ပါရဲ့။ Diana ဂီတဘဝအစ The Supremes အဖွဲ့နဲ့ စဝင်တုန်းက အကွဲအပြဲ ဇာတ်လမ်းတချို့ပါပါဝင်ပြီး အရည်အချင်းရှိ အသံလည်း Diana ထက် ပိုကြွယ်ဝ ပိုနက်ရှိုင်းပေမယ့် အဖွဲ့ ထဲက အထုတ်ခံလိုက်ရပြီး ဘဝကို ဆင်းဆင်းရဲရဲနဲ့ ငယ်ငယ်ရွယ်ရွယ်မှာတင် အဆုံးသတ်ခဲ့ရတဲ့ Florence Ballard အကြောင်းပါ တင်ဆက်ထားတာပါ။ဒါပေမယ့်လည်း ဒီဇာတ်လမ်းမှာတော့ ကံဆိုးသူ Florence အတွက် ချစ်ခင်ရသူတို့က သူတို့ဖြစ်စေချင်တဲ့အတိုင်း ဇာတ်သိမ်းကောင်းအောင် ပြင်ဆင်ခဲ့ကြတာ။ စင်စစ်တော့ Florence အတွက် တရားမျှတမှုကို အနုပညာနဲ့ ပြန်လည်ဖန်တီးယူခြင်းလို့တောင် ဆိုထိုက်ပါရဲ့။




                
 ဒီဇာတ်ကားရိုက်ဖို့ကိုလည်း Whitney Huston လို အဆိုကျော်ကြီးတွေနဲ့တောင် ရိုက်ဖို့ စီစဉ်ပြီးခါမှ ပျက်သွားခဲ့ရပြီးနှစ်ပေါင်းများစွာကြာလာပြီးမှ တေးသံစုံရုပ်ရှင်တွေ ခေတ်စားတဲ့အချိန်ရောက်လို ချောင်ထဲကထုတ် ရိုက်ဖို့ လုပ်ခဲ့ကြပါတယ်။ Diana Ross နေရာမှာ အဆိုတော် Beyonce ကို ရွေးချယ်ခဲ့ပြီး အော်စကာဆုရှင် Jamie Fox ကိုတော့ အမျိုးသမီးဂီတအဖွဲ့ရဲ့ ထုတ်လုပ်သူမန်နေဂျာအဖြစ် ရွေးခဲ့ပါတယ်။ အဆိုတော်မင်းသား Eddie Murphy ကိုပါ ထည့်ဖို့ ဆုံးဖြတ်ထားပြီလည်း ဒီဇာတ်ကားရဲ့ အသက် Florence ရဲ့ ဇာတ်ရုပ် Effie Wihiteနေရာက သရုပ်ဆောင်ရမယ့် သူကို ရှာမတွေ့ ကြသေးပါ။
                    သီချင်းဆိုလည်း ကြောက်ခမန်းလိလိတော်ရမယ်။ မာန်ကြွနေတဲ့ ဇာတ်ရုပ်မှာ ပီပြင်ဖို့ ယုံကြည်မှုအပြည့်ရှိသူလည်း ဖြစ်ရမယ်။ ဒီဇာတ်လမ်းရဲ့ အသက်က ဒီဇာတ်ကောင်ပေါ်မှာ မူတည်နေတာမို့ အင်မတန်ခေါင်းစားခဲ့ကြပါတယ်။ သိပ်နာမည်မရှိသေးတဲ့လူတွေကိုပဲ ရိုက်ချင်လို့ ရွေးနေကြတာမှာ သူတို့တွေ့ လာတာကတော့ American Idol ကနေ ပြုတ်လာခဲ့တဲ့ Jennifer Hudson ပါ။ ဒါဟာ နတ်သိကြားများစောင်မလိုက်သလား အောက်မေ့ရအောင် ဒီရုပ်ရှင်အောင်မြင်လာခဲ့တဲ့နေရာမှာ အရေးကြီးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါရဲ့။
                 Jennifer Hudson ရယ်လို့ ကြားလိုက်ရရင် မီးလောင်ပြာထဲက တိုးထွက်လာခဲ့ရတဲ့ ဖီးနစ်ငှက်လို အဖြစ်မျိုးကို သတိရမိပါတယ်။ ဒီရုပ်ရှင်နဲ့ ပထမဆုံးရိုက်တဲ့ ကားနဲ့တင် ရွှေကမ္ဘာလုံး၊ အော်စကာလို ဆုတွေ တသီကြီးရခဲ့တယ် ဆိုပေမင့် အနုပညာအစခရီးမှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရသူပါ။ American Idol သီချင်းဆိုပြိုင်ပွဲမှာ အဆိုကောင်းလို့ ကျော်ကြားလာခဲ့ပေမယ့်  စကာတင်အဆင့်တစ်ခုမှာ ပြုတ်သွားခဲ့စဉ် ဒိုင်လုပ်သူ ဆိုင်မွန်က ပွဲကထွက်သွားရတဲ့သူတွေကို နောက်ထပ် ဘယ်တော့မှ တွေ့ ရတော့မှာ မဟုတ်ဘူးလို့ မှတ်ချက်ကို ရင်ဆိုင်ခဲ့ရပါတယ်။

                   Dreamgirls ရိုက်ဖို့လည်း အရွေးခံရမယ်ထင်ပြီးခါမှ အပယ်ခံလိုက်ရပြီး ဒါရိုက်တာကြီးက လူခုနှစ်ရာကျော်တွေ့ ပြီးတာတောင်မှ စိတ်တိုင်းမကျသေးလို့ ဂျင်နီဖာနဲ့ပဲ ရိုက်တော့မယ်လို့ ဆုံးဖြတ်ချက်ချ အရွေးခံခဲ့ရလေရဲ့။ တကယ်တမ်း ဂျင်နီဖာ ဇာတ်ကောင် Effie White က မာနကြီး ခေါင်းမာ အားလုံးနဲ့ အဆင်မပြေတဲ့သူဆိုပေမယ့် ဂျင်နီဖာက သိမ်မွေ့ လွန်းနေလို့ ဒါရိုက်တာက အပြင်းမောင်းခဲ့ရပါတယ်။
                    တစ်ထောင့်ကိုးရာ့ခြောက်ဆယ်ပြည့်နှစ်များဆီမှာ အခြေတည်ထားတဲ့ ဇာတ်လမ်းမှာ Effie ဟာ အရည်အချင်းရှိ ခေါင်းဆောင်အဆိုတော်ဆိုပေမယ့်လည်း သူထက်ပိုချော နာမည်ကြီးနိုင်တဲ့ လမ်းစပိုများသူ Denna ( Beyonce) ထံကို ချစ်သူကော ခေါင်းဆောင်အဆိုတော်ဘဝပါ လက်လွှတ်လိုက်ရသူပါ။ ချစ်သူ(Jamie Fox)ကလည်း  ယုံကြည်လို့ အားကိုးပုံအပ်မိပေမယ့် မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးသဖွယ်။ အခြေအနေနဲ့ အချိန်အခါကို လိုက်လျောညီထွေဖြစ်အောင် အသုံးချတတ်သူဖြစ်လို့ Denna လို ချောမွေ့ ပြီး အသံသာယာသူ အမိန့်ကျိုးနွံမယ့်သူကို ခေါင်းဆောင်ထားရင် ပိုအကျိုးရှိမယ်ဆိုတာ မြင်ခဲ့ပါရဲ့။ တစတစပေါက်ကွဲလာတဲ့ Effie ကို မင်းက တကိုယ်ကောင်းဆန်လွန်းတယ်ဆိုကာ စွန့်ပစ်ခဲ့ကြတော့တာ။ သူချစ်ခင်ရတဲ့ ညီအမတွေက သူ့ ကို သစ္စာဖောက်လာ၊ အကိုဝမ်းကွဲကပင် လျစ်လျူရှူရာ၊ ရင်သွေးလေးလွယ်ထားရတာတောင် အသိပေးလို့ မဖြစ်အောင် ချစ်သူက အစွယ်ထွက်ပြတဲ့အခါ Effie တကယ် ဘဝပျက်ရတော့တာ။
                အဲဒီအခန်းမှာ Effie ဆိုလိုက်တဲ့ And I am telling you I am not going ဆိုတဲ့ သီချင်းဟာ ပရိသတ်တို့ အသည်းအခိုက်ဆုံးသီချင်း ဖြစ်ခဲ့ပြီး တစ်ကားလုံးရဲ့ အသက်သဖွယ်ပါ။  နာကြည်းမှူ ကြေကွဲမှု တို့ ရောပြွန်းနေတဲ့အပြင် မာနကို အောက်ဆုံးအထိချပေးလိုက်ရလို့ ထိခိုက်တုန်ရင်နေသံကိုပါ အတိုင်းသားကြားနေရ။ ထွေးပွေ့ လှည့်ပါဦးလို့ ကယောင်ချောက်ချားတောင်းဆိုနေသော်လည်း ချစ်သူ့ အသည်းနှလုံးက တကယ့်ကို ကျောက်ဆိုင်ကျောက်သား။ ရှင် ကျွန်မကို ချစ်လာမှာ၊ ရှင် ကျွန်မကို ချစ်လာမှာလို့ သွေးရူးသွေးတန်း အော်ညည်းနေသံက ပရိသတ်တို့ပါ ကူးစက် နာကျင်စေလေတာ။

 

              ခက်ခက်ခဲခဲဆိုရတဲ့ သီချင်းကို နောက်ခံဖွင့်ထားပြီး နှုတ်ခမ်းလှုပ်သရုပ်ဆောင်တာမဟုတ်ပဲ  တကယ် နက်နက်ရှိုင်းရှိုင်းခံစားဆိုပြခဲ့လို့ အောင်မြင်ခဲ့တာပါ။ တစ်ယောက်တည်းကလေးအမေအဖြစ် ရပ်တည်ရင်း ပတ်ဝန်းကျင်ဟောင်းကို စွန့်ခွာကာ သီချင်းဆိုဖို့ကြိုးစားသော်လည်း မအောင်မြင်ပဲ ဆင်းရဲစွာနဲ့ပဲ ရှင်သန်နေရ။ နောက်ဆုံး မာနလက်ကျန်ကို ထပ်ချလို့ အသိဟောင်းဆီမှာ ပြန်လည် အလုပ်တောင်းတဲ့အခန်းမှာ ပြောင်းလဲနေပါပြီ။ ဒီတစ်ခါတကယ်ပြောင်းလဲနေပါပြီ။ ဘဝကို ပြန်တည်ဆောက်ယူတော့မှာလို့  သီချင်းနဲ့ သက်သေပြလိုက်တာ တကယ့်ကို အားမာန်ဖြစ်စရာ သီချင်းပါ။
                  Beyonce ကတော့ သူ့ဇာတ်ကောင် Denna တစ်ယောက် Jamie လက်အောက်မှာ တကယ့်ကို ကျိုးကျိုးနွံနွံပိပိပြားပြားနေခဲ့ရတာအတွက် အရမ်းမွမ်းကျပ်စရာကောင်းတဲ့ ဘဝပဲလို့ ထုတ်ငြီးခဲ့ပါရဲ့။ ကိုယ်ပိုင်လမ်းကြောင်းထွင်ချင်လို့ အားထုတ်မိတော့လည်း “မင်းအသံမှာ ဘာမှ နက်နက်နဲနဲလည်းမရှိ၊ အသက်လည်းပါတာမဟုတ်ပဲ ငါလုပ်ပေးလို့ အောင်မြင်နေတာ” ဆိုတဲ့ စကားမျိုး ရက်ရက်စက်စက်ပြောခံရချိန်မှာ Listen သီချင်းဆိုပြီး ခံစားချက်တွေ ဖောက်ထုတ်ပါတော့တယ်။ မင်းကမင်းပေးထားတဲ့လို့ ထင်တဲ့ အသံနောက်ကို ငါလိုက်နာနေခဲ့မိတယ်။ ဒီတစ်ခါ ငါ့ ကိုယ်ပိုင်အသံကို ရှာရတော့မယ်လို့ ဖောက်ခွဲထားတဲ့ သီချင်းကလည်း အရမ်းအောင်မြင်ခဲ့ပါတယ်။
                ဒီဇာတ်ကားက ရုပ်ရှင် မဖြစ်ခင်ကတည်းက ပြဇာတ်အနေနဲ့ပါ အရမ်းအောင်မြင်ခဲ့တာဖြစ်ပြီး ပြဇာတ်မှာတော့ Jennifer Holliday က Effie အနေနဲ့ သရုပ်ဆောင်ပါတယ်။
                  Jennifer Hudson က Effie အဖြစ်နဲ့ ပုံဖော်ရမှာ ဒါရိုက်တာကြီးက အကကျွမ်းအောင်အပြင် မောက်မာတတ်အောင်၊ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ စိတ်ထဲရှိတဲ့အတိုင်းပြောရဲဆိုရဲအောင် အပြင်းအထန်လေ့ကျင့်ပေးခဲ့ပါရဲ့။ “ ရိုက်ကွင်းကို နောက်ကျမှလာ။ ငါတို့ အားလုံး မင်းကို စောင့်ရပလေ့စေ” ဆိုကာ ကျင့်ပေးခဲ့တာ။ ဘီယွန်စေး နဲ့ တခြားအမျိုးသမီးသရုပ်ဆောင်တွေကို သက်သက်တစ်နေရာ ဂျင်နီဖာကို သက်သက်တစ်နေရာ ထိုင်ခိုင်းကာ အုပ်စုလိုက် သီချင်းအစမ်းဆိုကျင့်ရင်တောင်မှ ဂျင်နီဖာက မာနကြီးတစ်ခွဲသားနဲ့ ဇာတ်ကောင်စရိုက်သွင်းပြီး ပါးစပ်ပိတ်ထားခဲ့တဲ့အထိ။
                     ဂျင်နီဖာတစ်ယောက်  ဒီဇာတ်ကား အင်စပီရေးရှင်း စတည်ရာ Florence အကြောင်း သေချာသိလာရတဲ့အခါ ဒေါသတကြီးဖြစ်လာခဲ့ပြီး ဒါကပဲ ဇာတ်ကောင်စရိုက်ကို ပိုပီပြင်စေခဲ့ပါရဲ့။


                     တကယ့်  Florence ဟာ ထူးထူးခြားခြားကို ကောင်းမွန်တဲ့ အသံကြွယ်ဝသူတစ်ယောက်ဖြစ်တဲ့အပြင်ကို ချောမောသူလေး ဖြစ်ခဲ့တာပါ။  တစ်နေ့သောအခါ အကိုဖြစ်သူနဲ့ လူချင်းကွဲသွားလို့ မျက်မှန်းတမ်းမိတဲ့ ယောက်ျားတစ်ယောက်နဲ့ ကားကြုံစီးမိရာ ဓားထောက်ခြိမ်းခြောက်ခံရကာ မိုက်ရိုင်းဆိုးဝါးမှုကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအချိန်ကစ အပူအပင်ကင်းမဲ့ခဲ့တဲ့ ဘဝလေး ကုန်ဆုံးကာ ခြောက်ခြားနာကျင်မှုတွေနဲ့ ဘဝစတင်လာ။ အဖွဲ့မှာလည်း တစတစအဆင်မပြေဖြစ်ကာ ထုတ်လုပ်သူက Diana Ross အပေါ် ချစ်ကျွမ်းဝင်လာတော့ ကံဆိုးသူမိန်းကလေးမှာ မိုးလိုက်လို့ရွာသလို ခေါင်းဆောင်အဆိုတော်ဘဝကနေ ဘေးထွက်ပေးရတော့တာပါ။  Diana Ross က Florence လောက် အသံမကောင်းဘူးဆိုပေမယ့် အရည်အချင်းရှိ ဖျော်ဖြေရေးသမားတစ်ယောက်ဖြစ်ပါရဲ့။ သူ ဆိုခဲ့တဲ့ သီချင်းတွေ ဝက်ဝက်ကွဲအောင်မြင်သလို သရုပ်ဆောင်ပြန်တော့လည်း အော်စကာစာရင်းဝင်ခဲ့တဲ့အထိ။ ဒါပေမယ့်လည်း မပြေးသော်ကံရာရှိခဲ့တဲ့ ဖြစ်စဉ်ကတော့ ငယ်စဉ်က အောင်မြင်မှုကို ဦးတည်လို့ ညီမလို ခင်ရတဲ့ သူငယ်ချင်းကို အားနည်းနေချိန် မျက်ကွယ်ပြုမိခဲ့ခြင်းပါ။ ဇာတ်ကားထဲကလို Florence ချစ်သူကို လုယူခဲ့တာ မဟုတ်သလို ဒီလိုနေရာရောက်ခဲ့အောင် အသည်းအသန်ကြိုးစားယူခဲ့ရတာ ဖြစ်ပါတယ်။
                  Florence တစ်ယောက် ဂီတနယ်မှာ ပေါ်လိုက်မြုပ်လိုက်ဖြစ်ကာ လင်ဆိုးမယားဘဝကိုပါ ရောက်ရ။ သမီးသုံးယောက်အမေဖြစ်လာ။ အဝလွန်လာ။ အိမ်ခြံ ဘဏ်သိမ်းခံရ။ နောက်ဆုံး နှလုံးသွေးကြောပိတ်ရောဂါနဲ့ပဲ အသက်သုံးဆယ့်နှစ်နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ မသေခင်မှာ Diana က ငွေကြွေးထောက်ပံ့ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။ အသုဘကို Diana တစ်ယောက် တက်လာခဲ့ပေမယ့်  မျက်နှာကောင်းမရခဲ့ပြန်ပါဘူး။

     

            Diana လည်း ထုတ်လုတ်သူ Berry Gordy နဲ့ သမီးတစ်ယောက်ရခဲ့ပေမယ့် အစစအရာရာ ထိန်းချုပ်လွန်းသူ ငွေရေးကြေးရေးမှာလည်း အသာစီးယူသူကို သည်းမခံနိုင်တော့တဲ့ အဆုံး လမ်းခွဲခဲ့ပါတယ်။                Florence တစ်ယောက် လမ်းခုလတ်မှာ ကြွေလွင့်သွားရတဲ့ အဖြစ်ကို ကရုဏာသက်ကြတဲ့ အနုပညာရောင်းရင်းများကပဲ Dreamgirls ဇာတ်လမ်းကို ဖန်တီးကာ သူတို့ချစ်တဲ့ အဆိုတော်ကို သူတို့ ဖြစ်စေချင်တဲ့ ဇာတ်သိမ်းဖန်တီးပေးခဲ့ကြလေရဲ့။ ပြာပုံကြားက ကုန်းရုန်းထကာ အောင်မြင်မှုကို ပြန်လည်ရယူနိုင်သူပေါ့။
                   The Supremes ရဲ့ တတိယမြောက်အဖွဲ့သူ Mary Wilson ( Anika Noni Roseသရုပ်ဆောင်ပါတယ် ) ကတော့ ဒီရုပ်ရှင်က အဖြစ်မှန်နဲ့ နီးစပ်လိုက်တာ ဆိုကာ ငိုကြွေးခဲ့လေတာ။
               ဂျင်နီဖာရဲ့ ဘဝကလည်း ကြောက်မက်ဖွယ်ကောင်းတဲ့ အလှည့်အပြောင်းတွေနဲ့ပါ။ ၂၀၀၈ အောက်တိုဘာမှာ အမေ၊အကို၊အမ၊ အမရဲ့သား တူလေးငယ်တို့ကို အမရဲ့ယောက်ျား သတ်ဖြတ်တာ ခံခဲ့ရပါတယ်။ ဒီလောက် သွေးပျက်ဖွယ် အဖြစ်ကြီးကြောင့် ဘယ်သူ့အတွက် စဝမ်းနည်းရမှန်းတောင် မသိဖြစ်ခဲ့ကာ ကမ္ဘာပြိုသလို ခံစားရတော့တာပါ။ ဥပဒေအရ တရားမျှတမှုကို ရှာပြီးတဲ့နောက်မှာ မိသားစုချင်းပြန်သတ်ခဲ့တဲ့ လူသတ်သမားကို အဆုံးမှာ ခွင့်လွှတ်လိုက်ပါပြီလို့ ကြေငြာခဲ့ပါတယ်။ ထောင်ထဲရောက်နေတဲ့ ခဲအိုနဲ့ ပတ်သက်လို့ အမုန်းတရားကို မသယ်ဆောင်တော့ပဲ ခွင့်လွှတ်ခဲ့ပါတယ်။ ဒီလိုအဖြစ်ဆိုးနဲ့ ကြုံရတဲ့လူတွေရဲ့ မိသားစုတွေကို ကူညီပေးမယ့် ဖောင်ဒေးရှင်းတစ်ခုကိုပါ မတည်ခဲ့ပါသေးရဲ့။
              မိသားစုကို လွမ်းဆွတ်ရပေမယ့်လည်း ဘဝကို ပြန်လည်ရုံးထဖို့ ကြိုးစားတဲ့ ဂျင်နီဖာ ဟာ တကယ့် ဖီးနစ်ငှက်မလေး အလား။  Dreamgirls ကြောင့်ရတဲ့ ရွှေကမ္ဘာလုံးနဲ့ အော်စကာကို လက်ခံစဉ်မှာ ဒီဆုက Florence ကို ရည်ညွှန်းပါတယ်လို့ ဆိုခဲ့တဲ့အပြင် ဒီဇာတ်ရုပ်နဲ့ ပြဇာတ်မှာ အောင်မြင်ပြီးသား Jennifer Holliday ကိုတောင် ကျေးဇူးတင်ဖို့ မမေ့သူပါ။  Florence ဘဝဟာ မုန်တိုင်းအောက်မြုပ်ခဲ့ရပေမယ့် ဒီဖီးနစ်မလေး အံတုပျံသန်းနေတာကို ကြည့်ရင်းနဲ့ ကျွန်တော်တို့ နှစ်သိမ်ရတော့မှာ။

ဇွဲလွင်

Zwel Lwin@facebook.com



No comments:

Post a Comment