Sunday, January 13, 2013

စောင့်ခဲ့ရတဲ့ The hours ◄ဇွဲလွင်►


လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကတည်း က ဒီရုပ်ရှင်အကြောင်း မဂ္ဂဇင်းတွေထဲ ဖတ်ခဲ့ရတယ်။ အဲဒီကတည်းက စွဲစွဲလမ်းလမ်းကြည့်ချင်ခဲ့ရတာပါ။ ခုမှပဲ ဒီကားကို တွေ့ ဖြစ်တော့တယ်။ တွေ့ပြန်တော့လည်း ဖိုင်နယ်ဖြေနေတဲ့အချိန်ဆိုတော့ မကြည့်ရဲသေးပြန်ဘူး။ စာမေးပွဲ ပြီးတဲ့နေ့  ဒီနေ့မှာပဲ ကျနော် ကြည့်ဖြစ်တယ်။ ကြည့်ရတာလဲ နည်းနည်းတော့လန့် တယ်။ သူတို့ဆီမှာ နာမည်ကြီးနေတဲ့ တချို့ ကားတွေက ကျနော်လုံးလုံး နားမလည်နိုင် ခံစားလို့ မရနိုင်ဖြစ်နေတတ်တာကိုး။ ဒီကားလေးကတော့ စဖွင့်ဖွင့်ချင်းမှာပဲ သေချာတယ် ငါအစအဆုံးကြိုက်မှာပဲ လို့ သေချာသွားပါတယ်။

စဖွင့်တဲ့အခန်းက virginia woolf မြစ်ထဲ ဆင်းသွားတဲ့ အခန်းပါ။ ဒီအခန်းကို ရေထဲဆင်းနေတဲ့ အချိန်ရယ် နောက်ဆုံးနှုတ်ဆက်စာ ရေးခဲ့တဲ့ အချိန်ရယ် ချစ်လင် Leonard က စာတွေကို တွေ့ခဲ့တဲ့ အခန်းရယ် ပေါင်းပြီး ပြသွားပါတယ်။ I don't think two other people could have been happier than we have been  လို့  နောက်ဆုံး ကျေးဇူးတင်စကားရေးခဲ့တယ်။ ငါစာမရေးနိုင်တော့ပါဘူး အချစ်ရေ။ အသံတွေပြန်ကြားနေရပြီ။ ငါ မင်းဘဝတစ်ခုလုံးကို အနှောင့်အယှက်ပေးနေခဲ့သလိုပါပဲ။ ဒီတော့ ငါ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ မင်း ငါ့အပေါ်လုံးဝ စိတ်ရှည်ခဲ့တယ်။ ငါဘဝတစ်ခုလုံး ရဲ့ ပျော်ရွှင်ချမ်းမြေ့မှုကို မင်းပေးခဲ့တယ်။ ဒီစာသားတွေကို ဖတ်နေတဲ့ အချိန် virginia က မြစ်ထဲ ဆင်းနေခဲ့ပါပြီ။ ကုတ်အင်္ကျီထဲကို ခဲတွေထည့်သွားခဲတယ်။ ရေကုးတတ်တဲ့ သူ့ အဖို့  ပြန်ပေါ်မှာ ကြောက်လေရဲ့။ ကျနော် ဒီဇာတ်ကား စဖွင့်ကတည်းက Nicole kidman ရဲ့ Virginia woolf ဇာတ်ရုပ်အပေါ် ဈာန်ဝင်နိုင်မှုအပေါ် အံ့အားသင့်ခဲ့ပါတယ်။ သူ့ ရဲ့ စူးရှရှ အကြည့်တွေက စိတ်မလုံခြုံသလို ဟန်ပန်တွေက အကွက်တိုင်းမှာ ကြည့်နေတဲ့ ကျနော် အာရုံလွင့်မသွားအောင် ဖမ်းစားနိုင်ပါတယ်။ သူစာရေးနေတဲ့ အခန်းတွေဆို ကျနော် ကြည့်ရင်းနဲ့ ကြည်နူးနေမိတယ်။ virginia လည်း ဒီအတိုင်း စာရေးနေခဲ့မှာပဲ။ သူ ရေးနေတဲ့ ဇာတ်ကောင်နဲ့ ပတ်သတ်ပြီး ဇာတ်လမ်းနဲ့ ပတ်သက်ပြီး စဉ်းစားခန်းဝင်နေတဲ့ သရုပ်ဆောင်မှုဆို ကျနော် ကြည့်ပြီး အားကျနေခဲ့တယ်။




ဒီရုပ်ရှင်က အချိန်ကာလသုံးခုအပေါ်ဆက်စပ်ပြီး ရိုက်ပြထားခဲ့တာပါ။ 1923 England မှာ Mrs.Dalloway ကိုေ၇းနေခဲ့တဲ့ Virginia ရယ်။ 1951 los angeles မှာ ယောက်ျားရဲ့ မွေးနေ့ မှာ သေကြောင်းကြံရင် ကောင်းမလား စဉ်းစားနေတဲ့ စိတ်ဓာတ်ညစ်ညူးနေသူ ကိုယ်ဝန်ဆောင်အမျိုးသမီး Laura Brown ရယ်။ 2001 New York မှာ သေဆုံခါနီးဆဲဆဲ AIDS ဝေဒနာရှင် gay အမျိုးသားသူငယ်ချင်း အတွက် ပါတီကျင်းပပေးဖို့ ပြင်ဆင်နေတဲ့ Clarrisa ရယ်ပါ။
Laura နေရာမှာ Julianne Moore က အနုစိတ်သရုပ်ဆောင်သွားခဲ့ပါတယ်။ လက်ရှိဘဝကို အဓိပ္ပာယ်မဲ့တယ်လို့ ထင်နေသူ၊ သူ့ အမျိုးသမီးမိတ်ဆွေအပေါ် စိတ်သာယာမိသူအဖြစ် ပါဝင်ခဲ့ပါတယ်။ သူ့ ယောက်ျားမွေးနေ့ မှာ Mrs.Dalloway ကို ဖတ်ရင်း ဟိုတယ်  တစ်ခုကိုသွားပြီး သေကြောင်းကြံဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဒီဇာတ်ကောင်က ကိုယ့်ပတ်ဝန်းကျင်မှာ မပျော်ပိုက်ပဲ စိတ်ဓာတ်အကြီးအကျယ် ကျနေသူ တချိန်ထဲမှာပဲ ကိုယ့်အတွင်းစိတ်ကို သူများတွေ မရိပ်မိရအောင် ဟန်ုလုပ်နေရပါတယ်။ အဲ ရိပ်မိတဲ့သူက သူ့ သားလေးပါပဲ။  ဒီကလေးက နောင်တချိန်မှာ Meryl Streep ဇာတ်ကောင် Clarrisa ရဲ့ gay friend  Richard ဖြစ်လာခဲ့သူပါ။
ဒီကားထဲမှာ Meryl Streep့ က Lesbian ပါ။ အမျိုးသမီး ဇာတ်ကောင် သုံးဦးစလုံး Lesbian တွေဖြစ်ပါတယ်။ Meryl streep က sperm donor နဲ့ သမီးလေးတစ်ယောက် မွေးထားပြီး သူ့  အမျိုးသမီး ချစ်သူ နဲ့ အတူနေတာ ဆယ်နှစ်ကျော်ပြီ ဆိုပါတယ်။ သူ့ အမျိုးသားသူငယ်ချင်း richard ကို သူနာပြုလုပ်နေတာလည်း ကြာလှပေါ့လေ။ Meryl့ က lesbian သာဆိုတယ် richard နဲ့လည်း သံယောဇဉ်တွယ်ဖူးသူပါ။ သူ့ ကို အခုထိ ချစ်နေဆဲ အနွံတာခံစောင့်ေ၇ှာ်ငနေဆဲပါ။ richard ကလည်း ငါအခုထိ မင်းအတွက် အသက်ရှင်ပေးနေတာပါတဲ့။
တော်တော် ဆန်းကြယ်တဲ့ အသိရခ့က်တဲ့ လူတို့ ရဲ့ သံယောဇဉ်ကို ပြသွားခဲ့ပါတယ်။ richard က စိတ်ဓာတ်အပြင်းအထန်ကျနေပြီး သူအတွက်လုပ်ပေးတဲ့ ပါတီတောင် မတက်ရပါစေနဲ လို့ တောင်းပန်ပါတယ်။ ဒီတော့ Meryl က ရှင်ဘာမှလုပ်စရာမလိုဘူး။ ဒီအတိုင်းလေးပေါ်လာပြီး ထိုင်ပေးနေရုံပဲလေလို့ ချော့ပါတယ်။ richard က HIV ကြောင့်ဖြစ်တဲ့ dementia ဝင်နေပါပြီ။ သူ့ ဒီနေ့ ရမယ့် စာပေဆုကို ရပြီးသားလို့ တောင် ထင်နေပါတယ်။



အင်္ဂလန်က viginia ကလည်း  သူ့ ညီမနဲ့ ကလေးတွေလာတာ မျှော်နေပါတယ်။ ညီမဖြစ်သူက ရောက်လာခဲ့ပေမယ့် အမကို သိပ်ဂရုမစိုက်နိုင်ပါဘူး။ မျောက်ရှံးအောင် ဆော့နေတဲ့ ယော်ကျာ်းလေးနှစ်ကောင်ကို ထိန်းနေရပါတယ်။ ဒိတော့ virginia နဲ့  အဖွဲ့ကျသွားတာက သူ့ တူမလေးပါ။ တူမလေးနဲ့ အတူ ငှက်ကလေးတစ်ကောင် သေအန်မူးမူးဖြစ်နေတာကို နင်းဆီပန်းတွေနဲ့ အသုဘချပေးရင်းက သူ့ စိတ်ထဲမှာ တော်တော် ထိခိုက်သွားတယ်။ ငှက်ကလေးရဲ့ မျက်လုံးတွေက နေ စူးစမ်းကြည့်မိပြန်ပါသေးရဲ့။



virginia က သူ့ ညီမဖြစ်သူကို သာမန်ထက်ပိုပြီး ခင်တွယ်ပါတယ်။ ညီမကလေးတွေနဲ့ ထွက်သွားတော့ လွမ်းကျန်ရစ်ခဲ့တယ်။ ဒါနဲ့ ပဲ ဒီကျေးရွာလေးမှာ စိတ်ရောဂါကြောင့် လာနေရတဲ့ ဘဝကို ငြီးငွေ့ လာပြီး ဘူတာရုံဘက်ကို လမ်းလျှောက်ထွက်ခဲ့တယ်။ ဒီတော့ Leonard က နောက်ကပြေးလိုက်ရပြီပေါ့။ ဘုတာရံ့မှာ နှစ်ယောက်သားအခြေအတင် ငြင်းခုံကြရင်း ဒီမှာနေရတာနဲ့ သေရမှာဆို သေပဲသေလိုက်တော့မယ်လို့ virginia ကပြောခဲ့ပါတယ်။ ဘဝကို ရှောင်လွှဲနေလို့ မ၇ဘူးလေ leonard ရယ်လို့ ငြီးခဲ့ပါတယ်။
ကျနော်က leo နဲ့  virginia သရုပ်ဆောင်တာ အရမ်းသဘောကျတာပါ။ နှစ်ပေါင်းများစွာ ချစ်လာခဲ့တဲ့ လင်မယား။ တစ်ယောက်နဲ့ တစ်ယောက်လည်း အပြန်အလှန် ကူညီနေကြသူတွေ။ best friends တွေယူထား ကြတဲ့ စုံတွဲဆိုတော့ ဒီလို စိတ်ရောဂါသာ ဝင်မလာရင် ဘယ်လောက် ငြိမ်းချမ်းပျော်ရွှင်လိုက်မလဲ။ ဆရာနေဝင်းမြင့် ဆရာမခင်ခင်ထူးတို့ ဇနီးမောင်နှံလို ဖြစ်နေပါလိမ့်မယ်။
virginia ကို နေ့လည်စာအတူစားရအောင်လို့ leonard ကခေါ်တော့ ပထမဆုံးစာကြောင်းကို စဉ်းစားလို့ ရနေပြီလို့ ငြင်းပါတယ်။ ဒီတော့ leonard က အရှုံးပေးလိုက်တယ် ပုံစံနဲ့ သွားရေးချည်လို့ ပြောတော့ viginia လုပ်ပြတဲ့ မျက်နှာပေးက အရမ်းမိုက်ပါတယ်။ ရှင့် အကြောင်း မသိရင် ခက်ဦးမယ် မောင်ရယ် ဆိုတဲ့ အကြည့်ပါ။




Meryl streep ဆီလည်း richard ရဲ့ ချစ်သူဟောင်းက ရောက်ချလာပါတယ်။ မတွေ့ တာ ဆယ်နှစ်လောက်ရှိရော့မယ်။ ချစ်သူဟောင်းရဲ့ နောက်ဆုံးပါတီမို့  လာတက်တာပါ။ Meryl က ချက်ရင်းပြုတ်ရင်း လက်ခံစကးပြောနေရင်းနဲ့ ရုတ်တရက် စိတ်ထောင်းကိုယ်ကြေ ဖြစ်သလို ခံစားလိုက်ရပါတယ်။ ဧည့်သည်ကလည်း ခြေမကိုင်မိလက်မကိုင်မိနဲ့ ပါ။  ရှင် ကျတော့ ကံကောင်းလိုက်တာ။ richard က ရှင့်ကို ချစ်တယ်။ ရှင်နဲ့ အတူနေခဲ့တယ်။ ထားပါ။ ကျမမှာလည်း နွေရာသီလေးတစ်ခုတော့ အမှတ်တရ ရှိခဲ့ပါတယ်။ သူကျမကို ခေါ်လိုက်တဲ့ Mrs Dalloway ဆိုတဲ့ နာမည်ကို ကျမအခုထိ စွဲလမ်းနေတုန်းပဲ။ ပြောရင်း ရင်ဖွင့်ရင်းနဲ့ မှ သက်သာလာပါတယ်။



ပွဲမတက်ချင်ဘူးလို့ ငြင်းနေတဲ့ richard ဆိ Meryl က ရောက်သွားတော့ ဟိုက ပြတင်းပေါက်ပေါ်က ခုန်ချဖို့ လုပ်နေပါပြီ။ မင်းအတွက် ငါရှင်နေခဲ့တာပါ ။အခုတော့ ငါ့ကို သွားခွင့်ပြုပါတော့လို့ တောင်းပန်ပါတယ်။ တို့ နှစ်ယောက်ထက်တော့ ဘယ်သူတွေကမှ ပိုမပျော်နိုင်ပါဘူးရယ်လို့ နှုတ်ဆက်ခဲ့ပြီး ခုန်ချသွားခဲ့ပါတယ်။
ဒီကားက မင်းသမီးဇာတ်တွေဆိုပေမယ့် လုပ်သွားတဲ့ အမျိုးသားဇာတ်ကောင်တွေကလည်း ရှယ်မှရှယ်ပါ။ leonard အဖြစ်သရုပ်ဆောင်တဲ့ သူကလည်း အချစ်ကြီး စိုးရိမ်ကြီးတဲ့ ဇာတ်ရုပ်ကို ပီပြင်ပါတယ်။ julianne morre ရဲ့ ခင်ပွန်းအဖြစ်သရုပ်ဆောင်တဲ့ သူဆိုလည်း သာမန်အိမ်ထောင်သည်ဘဝမှာ အပျော်ကြီးပျော်နေတဲ့ သူအဖြစ်ပါခဲ့တာပါ။ မိန်းမက ဖုတ်ပေးတဲ့ ကိတ်မုန့် လေးကို မျက်ရည်လည်ပြီး ဝမ်းသာတတ်သူပါ။ richard အကြီးအဖြစ်သရုပ်ဆောင်တဲ့ မင်းသားကလည်း AIDS ဝေဒနာသည်အဖြစ် ပြောင်မြောက်စွာ လုပ်သွားခဲ့တာပါ။ ကျနော် ပြောဖို့ ကျန်ခဲ့လို့ မဖြစ်တာက richard အငယ်အဖြစ်သရုပ်ဆောင်တဲ့ ကလေးသရုပ်ဆောင်ပါ။ ကလေးတစ်ယောက်ရဲ့ အမူအယာအစစ်နဲ့ လုပ်သွားတာပါ။ တချို့ ကလေးသရုပ်ဆောင်တွေက လူကြီးပုံဖမ်းတတ်ကြလွန်းလို့ ကြည့်ရင်းနဲ့ အမြင်ကပ်လာတဲ့ အထိဖြစ်တတ်ပါတယ်။ သူကတော့ မိခင်ကို တွယ်တာတဲ့ ကလေးတစ်ယောက် ပုံက အပြင်က ကလေးအတိုင်းပါပဲ။
ဒိကားနဲ Nicole kidman အော်စကာရခဲ့ပါတယ်။ ဒီဇာတ်ကားက သူ့ အတွက် မှတ်တိုင်ပါပဲ။ သူဒီကား ရိုက်နေတုန်းက အိမ်ထောင်ရေး အဆင်မပြေမှုတွေ ရင်ဆိုင်နေရချိန်ပါ။ ဒီကားက အောင်မြင်သွားတော့ သူ တွမ်ခရုစ်အရိပ်အောက်ကနေ လွတ်မြောက်လာခဲပါတယ်။ ဘယ်လောက် ဈာန်ဝင်ခဲ့သလဲဆို မြစ်ထဲဆင်းသေတဲ့ အခန်းမှာ သရုပ်ပဲဆောင်ပြနော် ညည်းတကယ်မသေပြနဲ့ လို့  ကိုယ့်ကိုကိုယ် သတိပေးနေခဲ့ရပါသတဲ့။
ဒီကားကနေ AIDS ဝေဒနာရှင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Ed harris ရော နောက် Julianne More ရော အော်စကာစာရင်း ဝင်ခဲ့ပါသေးတယ်။ ကျနော်တော့ ဒီကားကို ငါးနှစ်ကျော် စောင့်မျှော်ခဲ့ရတာ တန်သွားပြီလို့ ဆိုချင်ပါတယ်။
ရုပ်ရှင်ရိုက်ဖို့ မဖြစ်နိုင်ဘူးထင်ရတဲ့ ဇာတ်လမ်းကို ဇာတ်ညွှန်းရေးခဲ့တဲ့ David Hare ကို ကျေးဇူးတင်ရမှာပါ။ ဇာတ်လမ်းထက် ဇာတ်ကောင်တွေရဲ့ စိတ်ခံစားချက်တွေကို အသားပေးထားပြီး သူတို့ ရဲ့ အသေးစိတ်လှုပ်ရှားမှုကအစ အရသာရှိနေတာပါ။

ဇွဲလွင်

No comments:

Post a Comment