Sunday, January 13, 2013

ဟိုဘက်အိမ်က ချစ်စရာကောင်မလေး သို့ မဟုတ် The Girl next door ◄ဇွဲလွင်►


The hours လို ခံစားချက်ပြင်းပြင်း ဇာတ်ကားအကြောင်း ပြောပြီးသွားတဲ့အခါ ပေါ့ပေါ့ပါးပါး အချစ်ဇာတ်မြူးလေး တစ်ကားအကြောင်း ပြောပြချင်ပါတယ်။ အချစ်နဲ့ ပတ်သက်လို့ ဘယ်လောက်ထိ စွန့်စားနိုင်လဲ၊ ကိုယ့်ကိုကိုယ် ပြောင်းလဲပစ်နိုင်သလဲလို့ ဒီကားလေးက မေးခွန်းထုတ်ထားသလိုပါပဲ။ ဒီကားလေးက ကျနော် ကြည့်ခဲ့တာ ကြာလှပြီဆိုတော့ တချို့ အချက်လေးတွေ လွဲချော်နေမလားလို့လည်း စိတ်ပူနေမိပါတယ်။  The Girl next door က  adult film star မင်းသမီး တစ်ယောက်နဲ့  စာကြမ်းပိုးလေး တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းပါ ။ မျက်လုံးပြူးမသွား ကြပါနဲ့ ဗျာ။ ဒါရိုက်တာက ပညာသားပါပါနဲ့ ရိုက်ထားလို့ မြန်မာမျက်စိနဲ့ တောင်မှ သိပ်မရိုင်းတာ တွေ့ ရပါမယ်။
                    ဒီကားလေးက ပုရိသတွေတော်တော်များများ ကြည့်ဖူးကြမယ်လို့ ထင်ပါတယ်။ မင်းသမီး Elisha Cuthbert က ညှို့ အားလဲပြင်း ချစ်စရာလဲကောင်းသကိုး။ မင်းသားက Emile Hirsch ပါ။ စာကြမ်းပိုး Matthew နေရာက သရုပ်ဆောင်ထားပါတယ်။

                    Emile က စာတော်သလို ထက်လည်း ထက်မြက်တဲ့ သူတစ်ယောက်ပါ။ သူ့ မှာ ကိုယ်ချင်းစာနာစိတ်လည်း ရှိပါတယ်။ Cambodia က စာတော်တဲ့ ကျောင်းသားတစ်ယောက်ကို စာလာသင်နိုင်အောင်လို့ scholarship ရန်ပုံငွေ ထောင်ပေးနေသူတစ်ဦးပါ။ သူကိုယ်တိုင်လည်း အခြေသတင်းကြီးတဲ့ Georgetown university မှာ တက်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ် မိဘတွေက မတတ်နိုင်လို့ scholarship ရအောင် ကြိုးစားနေရပါတယ်။ သူ့ အရည်အချင်းနဲ့ ရမှာလည်း သေချာသလောက်ပါပဲ။ သူ့ ဘဝကြီးက အရာရာ အစီစဉ်ချထားတဲ့အတိုင်း ချောမွေ့ နေပါတယ်။ အဲ ဟိုဘက်အိမ်ကို အပျံစား မဒီလေး  Dianelleတစ်ယောက် မပြောင်းလာခင်ထိပေါ့လေ။
                   ရောက်ရောက်ချင်းဆိုသလို ပြတင်းပေါက်ကတဆင့် အင်္ကျီ လဲနေတဲ့ Elisha Cuthbert ရဲ့ ကိုယ်လုံးအလှမှာ အူရိုင်းလေး Emile က မှင်သက်မိနေပါတယ်။ ရိပ်မိသွားတဲ့ Elisha Cuthbert က ချက်ချင်း ဒီဘက်အိမ်ကူးလာပါတယ်။ အူကြောင်ကြားလေးက မိဘတွေကို တိုင်တော့မယ် အထင်နဲ့  ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေပါတယ်။ ဒါပေမယ့် မမလေးက တစ်ဖက်လှည့်နဲ့ သူ့ ချစ်စရာ ကားလေးပေါ်တင်ပြီး အပြင်ခေါ်သွားပါတယ်။ လမ်းခုလတ်မှာပဲ မင်းက ငါ့ကိုကြည့်ခဲ့ပြီးပြီ မဟုတ်လား ငါလည်းမင်းကို ကြည့်ရမှ ဖြစ်မယ်ဆိုပြီး ချောက်ချပါတယ်။ ငမိုက်သားကို လမ်းအပေါ်မှာ ဒီအတိုင်းထားပစ်ခဲ့ပြီး ကားမောင်းပြေးသွားပါတော့တယ်။ စစချင်း ခံလိုက်ရတဲ့ Emile ပါ။

ဒီလိုနဲ့ ဆွဲဆောင်မှုအားကောင်းတဲ့ Elisha Cuthbert က Emile အပေါ်တဖြည်းဖြည်း လွှမ်းမိုးလာပါတယ်။ စာကြမ်းပိုးလေး မလုပ်ရဲတဲ့ ကိစ္စတွေကို လုပ်ခိုင်းလာပါတယ်။ Elisha Cuthbert နဲ့ အတူ သူများအိမ် ရေကူးကန်ထဲ ဆင်းမိတဲ့ အခန်းမှာ  အဖြူရောင် ရှပ်အင်္ကျီ၊ ဂျင်းဘောင်းဘီနဲ့ Elisha Cuthbert ရဲ့ ရေစိုအလှက အသက်ရှူမှားချင်စရာပါပဲ။ မြင်လိုက်ရတဲ့ သူ့  သူငယ်ချင်း နှစ်ကောင်ကလည်း မစားရဝခမန်း အားကျကုန်ကြပါတယ်။
                 သူ့သူငယ်ချင်းနှစ်ကောင်ထဲက Eli ဆိုတဲ့ကောင်က သူတို့အခေါ်အရ  sexuality ကို exploring လုပ်နေတဲ့အရွယ် ဆိုတော့  adult film အပုံလိုက် ကြည့်တတ်သူပါ။ ဒီမှာပဲ Elisha Cuthbertကို ကားတစ်ကားထဲမှာ သရုပ်ဆောင်ထားမှန်း တွေ့ လိုက်ရပါတော့တယ်။ ဒီမှာတင် Emile ကို ဝိုင်းမြှောက်ပေးကြပါတော့တယ်။ ဟေ့ကောင်ကြီး ဒီအခွင့်အရေးက ရခဲပါဘိခြင်း။ ငါ့ကိုယ်စား သောင်းကျန်းလိုက်စမ်းပါကွာဆိုပြီး ဝိုင်းပို့ကြပါတော့တယ်။ အစ က တမျိုးတိုးဖို့  မပြင်ဆင်ရသေးတဲ့ Emile လည်း သူငယ်ချင်းတွေ စကားကို  နားယောင်လာပါတယ်။ Elisha Cuthbert ပေါ် မြင်တဲ့ အမြင်တွေလည်း ပြောင်းလဲခဲ့ပါပြီ။
            ဒီတော့ သူငယ်ချင်းတွေ အခါတော်ပေးတဲ့အတိုင်း Elisha Cuthbert ကို အပေါစား မိုတယ် တစ်လုံးစီခေါ်သွားပါတယ်။ မရွှေချောက သူ့ ကားကို့  ကြည့်ဖူးသွားပြီး ဖြစ်ကြောင်း ရိပ်မိသွားပြီး Emile ကို အရွဲ့တိုက်ပြီး မြှူဆွယ်ပြပါတယ် ။ ဒီမှာ Emile တစ်ယောက် စိတ်ကျဉ်းကျပ်လာမှ Elisha Cuthbertက မင်း ငါ့ကို ကြည့်တဲ့ အကြည့်တွေက သူများနဲ့ မတူလို့  စိတ်ဝင်စားခဲ့မိတယ်လို့  ပြောပြီး မိုတယ်မှာ ထားသွားခဲ့ပါတယ်။
                  Elisha  Cuthbert ထားခဲ့တဲ့နောက်ပိုင်း Emile တစ်ယောက် သူ့  စိတ်ရင်းမှန်ကို တဖြည်းဖြည်းနဲ့ ပြန်မြင်လာပါတယ်။ သူ တကယ်ချစ်တဲ့ မိန်းကလေး၊ သူ့ ဘဝမှာ တန်ဖိုးထားရတဲ့ မိန်းကလေးအပေါ် အမြတ်ထုတ်ဖို့  ကြံခဲ့တာပါလားဆိုတာ သဘောပေါက်ပြီး နောင်တရလာပါတယ်။ ဒီတော့ Elisha Cuthbert ကို ပြန်တောင်းပန်ဖို့ adult film ပွဲတော်ကို လိုက်သွားပါတောတယ်။ အဲဒီမှာက porn star တွေ ပရိုမိုးရှင်းလုပ်ကြတာပါ။ ဒါရိုက်တာတွေ သရုပ်ဆောင်တွေ ပရိုဂျူဆာတွေ တွေ့ ဆုံကြတဲ့ပွဲပါ။ Elisha Cuthbert က အလုပ်သစ် လက်ခံရတော့မယ့် ဆဲဆဲမှာ Emile က ရောက်လာပြီး မင်းဟာ ငါ့ဘဝတစ်လျှောက်လုံးမှာ ဖြစ်လာရသမျှထဲက အကောင်းဆုံးအရာပါဆိုပြီး တောင်းပန်ပါတယ်။ ကိုယ့်ဘဝကို အမှန်အတိုင်း သိနေလျက်ဲက မေတ္တာစစ်နဲ့ ချစ်တဲ့ သူပေါ်လာတဲ့အတွက် Elisha Cuthbert က ကိုယ်နဲ့ ရင်းရတဲ့ ဒီအလုပ်ကို  စိတ်မပါတော့ပါဘူး။ ဒီမှာ တစ်စခန်းထလာသူက မန်နေဂျာ Kelly ပါ။ သူ့ နေရာမှာ Timothy olyphant ကသရုပ်ဆောင်ပါတယ်။
               သူ့ ရမယ့် ငွေတွေကို ဆုံးရှုံးသွားလို့ ဒေါသူပုန်ထနေတဲ့ Kelly က Emile ကို အကြမ်းဖက်ပါတော့တယ်။ သူတို့ လောကရဲ့ ဂရိတ် ပရိုဂျူဆာ Hugo ရဲ့ ဆုတံဆိပ်ကို ခိုးပေးရမယ့်လို ဆိုပါတယ်။ ပြီးတော့ သူကိုယ်တိုင်ပဲ ရဲဆီလှမ်း ဖုန်းဆက်လို့  Emile ခမျာ ခွေးပြေးဝက်ပြေးနဲ့  လက်မတင်လေး လွတ်လာခဲ့ရပါတယ်။  scholarship ရအောင် မိန့် ခွန်းပြောပြီး ဘုတ်အဖွဲ့ ဆီက အမှတ်ယူရမယ့် ပွဲကိုတော့ အချိန်မီ ရောက်သွားပါတယ်။ Kelly ညာတိုက်ခဲ့တဲ့ စိတ်ကြွဆေးတွေကြောင့် ပွဲမှာ Emile တစ်ယောက် အရှိန်ရနေတာပါ။ ကြိုတင် ပြင်ဆင်ထားတဲ့ မိန့်ခွန်းအတိုင်းမပြောပဲ စိတ်ထဲ ရှိတဲ့အတိုင်းပြောချလိုက်လို့ ပညာသင်ဆုနဲ့ လွဲချော်သွားခဲ့ပါတယ်။

 

      နောက်မှ ထပ်သိလိုက်ရတာက Kelly တစ်ယောက် ဖျံကျပြီး Cambodia က ကျောင်းသား ပညာလာသင်ဖို့ လုပ်ထားတဲ ငွေတွေ ယူပြေးသွားတာပါပဲ။ ကြံရာမရတော့တဲ့ Emile က Hugo ဆီပြန်သွားပါတယ်။ adult film တစ်ခုရိုက်ပေးပါ့မယ်။ ပေါက်ရပါစေမယ် ဆိုပြီး ပိုက်ဆံတောင်းပါတယ်။
         Elisha Cuthbert ကလည်း သူ့ မိန်းကလေး သူငယ်ချင်း သရုပ်ဆောင် နှစ်ယောက်ကို အကူအညီတောင်းပါတယ်။ သူကိုယ်တိုင်တော့ ဒီအလုပ်ကို ဆက်မလုပ်နိုင်တော့ပါဘူး။ ဒီကောင်တွေကလည်း ခပ်ဆန်းဆန်းဗျ။ ဘယ်မှာ ရိုက်သလဲဆိုတော့ သူ့ တို့ ကျောင်းရဲ့ prom night မှာ ကျောင်းထဲမှာပဲ ရိုက်ကြတာပါ။ တော်တော်ကို ကပ်သီးကပ်သပ်ပါ။

 

အစက နွားသိုးကြိုးပြတ်ဖြစ်မယ်ထင်ရတဲ့ ကိုယ်တော်ချောတွေက တကယ်တမ်း ဘာမှ မလုပ်ရဲပါဘူး။ မင်းသမီးတွေတောင် အအေးမိပါတော့မယ်။စီစဉ်ထားသမျှ အကုန်ပျက်စီးမှာစိုးလို့ Emile  ကိုယ်တိုင် ဝင် သရုပ်ဆောင် မယ်လုပ်ပါတယ်။ ဒါပေမယ့် တကယ်တမ်းတော့ Elisha Cuthbert ကို သစ္စာ ဖောက်ရမယ့် အလုပ်ကို သူမလုပ်နိုင်ပြန်ပါဘူး။ ကိစ္စမရှိဘူး။ ဖြစ်သမျှပဲ ခေါင်းခံလိုက်တော့မယ်လို့ ဆုံးဖြတ်ပါတယ်။ ဒီတစ်ခန်းက အရမ်းအူယားစရာကောင်းပါတယ်။
          ဒီမှာတင် သူငယ်ချင်းတစ်ကောင်က ငါတို့ က ရဲဘော်ရဲဘက်တွေပဲ ငါလုပ်မယ် ဆိုပြီး လူစွမ်းကောင်းဝင်လုပ်ပါတယ်။ ကြောက်ချွေးပြန်နေတဲ့ ကောင်လေးကို ဘေးက ဝါရင့်ကြီးက ဒီလိုပြောရတာ professional မဆန်မှန်းသိပါတယ်။ မင်းက သိပ်ချစ်စရာကောင်းတာပဲ လို့  ပြောလိုက်ရော ဘသားချောက မြောက်သွားပါတယ်။
          အစစအရာရာ အဆင်ပြေပြီ ထင်ပြီး နောက်တစ်မနက်မှ Emile တစ်ယောက် သူ့ ဘေးမှာ ပြုံးပြုံးကြီးထိုင်နေတဲ့ Kelly ကို တွေ့ လိုက်ရပါတယ်။ မင်းငါ့ကို ဒီလို လူလည်ကျလို့ မရဘူးလေ ကိုယ့်လူရယ် ဆိုပြီး ခြိမ်းခြောက်ပါတယ်။  သူ့ လက်ထဲမှာလည်း  ညက ရိုက်ထားတဲ့ ခွေနဲ့ ပါ။ အောက်ထပ်မှာ မင်းမိဘတွေနဲ့ မင်းကျောင်းက လူကြီးရှိတယ်။ မင်းငါ့ကို ပိုက်ဆံတွေ မခွဲပေးရင် အခုပဲ ဒီခွေတွေကို သူတို့ကို ဖွင့်ပြမယ်လို့ ညစ်ပါတယ်။ စိတ်ညစ်သွားတဲ့ Emile က စိတ်ချဉ်ပေါက်လာပြီး လုပ်ဗျာလို့ ဘုကန်ပါတယ်။ ဒီမှာတင် ဟိုကလည်း အောက်ဆင်းပြီး တကယ်ဖွင့်ပြပါတယ်။
        အဲဒီအခန်းမှာ ကျနော်တော့ မိုးမီးလောင်ပြီ ထင်ပါတယ်။ ဒီမှာတင် သူတို့ ရိုက်ထားတာက ရိုးရိုး အပြာကားမဟုတ်ပဲ sex education ပေးထားတဲ့ ကားဖြစ်နေတာပါ။ အဲဒီမတိုင်ခင်က ကျောင်းမှာ  sex education အနေနဲ့  ပြနေတဲ့ ခွေတွေက အချိန်မတိုင်ပဲ မှားမိရင် ကလေးတွေ စောစောမွေးမယ်၊ ဒုက္ခရောက်မယ် ဆိုတာလောက်ပဲ ပါတာပါ။ ဒီကားမှာမှ how to use condom properly ဆိုတဲ့ ပြကွက်တွေပါပါတာဆိုတော့ လူကြီးတွေ အသည်းခိုက်သွားပါတယ်။ တော်သေးတာပေါ့။ သူတို့ ဆီမှာ မို့ လို့ ပါ။ ပညာရေးလောကက တော်တော်ကြီးတဲ့ လူကြီးလည်းပါတာမို့  ဒီခွေကို ကျောင်းမှာ ပညာပေးအနေနဲ့ ပြမယ်ဆိုပြီး ဆုံးဖြတ်ပါတယ်။ Kelly လည်း အရှုံးပေးသွားရပါတယ်။
           ဒီမှာတင် တစ်နိုင်ငံလုံးက ကျောင်းတွေကို ဒီကားကို ပညာပေးအဖြစ်ပြသပါတော့တယ်။ ဒီတော့ ရိုက်ခဲ့တဲ့ လူတွေလည်း ပွပေါက်တိုးတော့တာပေါ့။ ရိုက်ခဲ့တဲ့ သူငယ်ချင်းကလည်း မျက်နှာကို အုပ်ထားတာမို့  ဘယ်သူမှန်းမသိသာပါဘူး ။
          Cambodia က ကျောင်းသားကို ပညာတော်သင် ခေါ်နိုင်သွားပါတယ်။ Emile လည်း သူတက်ချင်တဲ့ ကျောင်းကို သူ့ ပိုက်ဆံနဲ့ တက်လို့ ရသွားပါတယ်။ ဇာတ်သိမ်းက ကားလှလှလေးတစ်ဆင်းမှာ Emile နဲ့  Elisha Cuthbert တို့  Georgetown university ကို ချီတက်သွားပုံနဲ့ သိမ်းပါတယ်။ တကယ့်ကို happy ending ပါပဲ။ ဇာတ်ကားရဲ့ twist တွေကို ကျနော်က ဖြေပြလိုက်သလို ဖြစ်ရတဲ့ အတွက်တော့ ဝမ်းနည်းပါတယ် ခင်ဗျာ။
               ဒီကားက ရိုးရိုးဖျော်ဖြေရေး ကားမျှကပဲ ကျနော်ဘာကြောင့် စွဲထင်နေခဲ့ရသလဲ စဉ်းစားမိတယ်။ Elisha Cuthbert ရဲ့ အလှရယ် ၊ မင်းသားရဲ့ အချစ်ရယ်ကြောင့် ဖြစ်ပါလိမ့်မယ်။ အရင်က ဒီလိုမျိုး ခပ်ဆင်ဆင်ကားတွေ ရှိပါတယ်။ Pretty woman ဆိုလည်း ရက်ရက်စက်စက် အောင်မြင်တာပါ။ ဒါပေမယ့် အဲဒီထဲက Richard Gere က ဒီလောက်ထိ အချစ်အတွက် မစွန့်စားလိုက်ရပါဘူး။ ပြီးတော့ ဒီကားထဲက ဇာတ်ကောင်က မရင့်ကျက်သေး အတွေ့ အကြုံမရှိ၊ ကို်ယ့်ကိုကိုယ်တောင် ကောင်းကောင်းမကာကွယ် နိုင်တဲ့သူ အဖြစ်ကနေ အချစ်အတွက် ကိုယ်ဘယ်တော့မှ လုပ်ဖြစ်မယ် မထင်တဲ့ အရာတွေကို စွန့်စွန့်စားစား လုပ်ဖြစ်လာခဲ့ပါတယ်။
       ဒီကားထဲမှာ Elisha Cuthbert က တော်တော်လှတာပါ။ ဒါပေမယ့် ခက်ခက်ခဲခဲ ဘာမှမလုပ်လိုက်ရပဲ အလှပြရုံလေး ပါလိုက်ရတာပါ။  နောက်ထပ် သူ့ပေါက်ကားဆိုလို့  ကိုရီယားကားကို ပြန်ရိုက်ထားတဲ့ My sassy girl ပဲ ကျနော် သတိထားမိပါတယ်။ သူ့ ကို Scarlett Johanson ရောက်နေတဲ့ နေရာအထိ ကျနော် ဖြစ်စေချင်မိတာပါ။ သူ့လို လှလည်းလှ အရည်အချင်းလည်းရှိတဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အဲဒီလောက်ထိ ရောက်နိုင်ပါတယ်။ အင်းလေ Woody Allen မျက်စိကျမှပဲ ဖြစ်မယ် ထင်ပါရဲ့။
            အချစ်အတွက် စွန့်စားရတာ ထိုက်တန်သလားလို့  မေးရင် ဒီထဲက Emile သို့ မဟုတ် Matthew ကတော့ တူနှစ်ကိုယ် နီးဖို့  စွန့်စားစမ်းချင်ပါရဲ့လို့  ပြောပါလိမ့်မယ်။

         အချစ်ရဲ့ ဆန်းကြယ်မှုကို လှပစွာ ဖော်ပြထားတဲ့ အပြင် ဇာတ်လမ်းက အစကအဆုံး အာရုံမလွင့်ရအောင် ဖမ်းစားနိုင်ပါတယ်။ ကြည့်ဖူးတဲ့သူ တော်တော်များမယ့် ဇာတ်ကား ဖြစ်တဲ့ အတွက် ရောင်းရင်းများရဲ့ အသံကြားချင်မိတာပါပဲဗျာ။

ဇွဲလွင်

No comments:

Post a Comment