Monday, January 14, 2013

ကိုယ်ဝန်ဆောင်သည်အမျိုးသမီးရဲ့ပုံပြင် (သို့) Kahaani ◄ဇွဲလွင်►


Kahaani
Directed by – Sujoy Gosh
Wirtten by- Ritesh Shah, Sutapa Sikdar, Sujoy Gosh
Starring- Vidya Balan, Parambrata Chatterjee


Kahaani ( အင်္ဂလိပ်လို Story လို့ အဓိပ္ပာယ်ရ) ရုပ်ရှင်ဟာ အိန္ဒိယရုပ်ရှင်ကားတွေထဲမှာ ရှားရှားပါးပါး အဆိုအက တစ်ကားလုံး မပါလိုက်တဲ့ ကားဆိုကတည်းက နည်းနည်းတော့ ထူးခြားမှုရှိနေတယ်လို့ ထင်လာကြမှာပါ။ အဲ အမျိုးသမီးဇာတ်လိုက်ကားဆိုပြန်တော့ အမျိုးသားသရုပ်ဆောင်တွေ ကြီးစိုးတဲ့ဘောလိဝုဒ်ကားတွေထဲမှာ ထပ်ထူးခြားပြန်ပါပြီ။ ပိုပြီး ဆန်းသစ်တာကတော့ ဘောလိဝုဒ်ကားတွေထဲမှာ တွေ့ ရတဲ့ ဘော်ဒီအမိုက်စား မျက်နှာအပျံစား မင်းသမီးတွေမဟုတ်ပဲ ဗိုက်ကြီးတစ်လုံးကားယားကားယားနဲ့ အပူသည်ရုပ်နဲ့ မင်းသမီးဖြစ်နေတာကိုပါပဲ။အဆိုအကကိုလည်း အားမပြုထားဘူး၊ မင်းသမီးအလှကိုတောင် အားမကိုးထားဘူးဆိုကတည်းက ဒါတွေမပါပဲနဲ့ ရုပ်ရှင်အပေါ် တခြားစိတ်ချစရာဘာတွေရှိနေလို့ပါလိမ့်။


ဒီကား ရိုက်မယ်ဆိုကတည်းက နာမည်ကြီး မင်းသားကို ခေါင်းဆောင်တင်တဲ့ကားမျိုး ရိုက်စမ်းပါလို့ ဒါရိုက်တာကို ဖိအားပေးကြပါရဲ့။ သို့ပေမယ့်လည်း မင်းသမီးရဲ့ သရုပ်ဆောင်နိုင်တဲ့ စွမ်းရည်ကို စိတ်ချတဲ့ ဒါရိုက်တာက ဇွတ်တိုးခဲ့တာပါ။ မင်းသမီး Vidya Balanကလည်း ယုံကြည်လောက်စရာ သရုပ်ဆောင်ပါပဲ။ အမျိုးသမီးဇာတ်ကောင်ကို အဓိကထားတဲ့ ရုပ်ရှင်အများစုမှာ သရုပ်ဆောင်ခဲ့သူဖြစ်ပြီး ဘောလိဝုဒ်မင်းသမီးတွေကို သတ်မှတ်ထားတဲ့ ပုံစံခွက်ထဲကနေ ဖောက်ထွက်လာနိုင်တဲ့သူလို့ ဆိုကြပါတယ်။

ဇာတ်ကားအစမှာ ကိုယ်ဝန်အရင့်အမာနဲ့ မိန်းမတစ်ယောက်ဟာ London ကနေ Kolkata မြို့ ကိုရောက်ပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားတဲ့ ခင်ပွန်းကို လိုက်ရှာဖို့ Kolkata မြို့ ကို ပထမဆုံးအကြိမ်ရောက်ခဲ့တာကနေ စပါတယ်။ ဘယ်သူကမှ သူ့ ခင်ပွန်းကို မသိပါဘူးတဲ့။ တည်းခိုတဲ့နေရာကလည်း မသိဘူး။ အလုပ်လုပ်တဲ့နေရာကလည်း မသိဘူး။ ချာလည်လည်လို့ သောကပွေရတဲ့ အမျိုးသမီးမှာ အားကိုးစရာက သဘောကောင်းပြီး ကူညီချင်တဲ့ ရဲသားလေးပဲ ရှိတာပါ။ သူတို့နှစ်ယောက် ပူးပေါင်းလို့ စုံစမ်းမိလေလေ တွေ့ လာတဲ့ လျှို့ ဝှက်ချက်တွေက အသက်အန္တရာယ်ကို ခြိမ်းခြောက်လာလေပါပဲ။ ကိုယ်ဝန်ဆောင်နေတဲ့ မိခင်လောင်းက အလျှော့မပေးပဲ ကလေးအဖေ ဘာဖြစ်သွားတယ်ဆိုတာ မွေးလာမယ့်ကလေးကို ပြောပြနိုင်ချင်တာပါပဲဆိုကာ ဆက်တိုးပါတော့တယ်။ ဇာတ်ကားတစ်ခုလုံး ရင်တမမနဲ့ ကြည့်ရမှာပါ။

မင်းသမီးနဲ့ ရိုက်ချင်လို့ ဒါရိုက်တာက ဇာတ်ညွှန်းတွေ ယူလာပြရတာ အကြိမ်များစွာပါတဲ့။ နောက်ဆုံး မင်သမီးက သူ့ စိတ်ကြိုက်တွေ့ မှ လက်ခံခဲ့တာပါ။ ဗိုက်ကြီးတကားကား၊ သောကပွေနေတဲ့ မျက်နာနဲ့ မင်းသမီးဟာ ဇာတ်ကားအစအဆုံး ဇာတ်ရှိန်မကျသွားအောင် ဆွဲခေါ်သွားတာတွေ့ ရမှာပါ။ နောက် ယောက်ျားပျောက်နေတဲ့ ကိုယ်ဝန်သည်အမျိုးသမီးကို ကူညီရင်းက သံယောဇဉ်တွယ်တာမိတဲ့ ရဲသားလေး နေရာက မင်းသား Parambrata Chatterjee ကလည်း အရိုးခံမျက်နှာနဲ့ ပိပိရိရိ သရုပ်ဆောင်သွားတာဖြစ်ပါတယ်။ အစအဆုံး အထိတ်ထိတ်အလန့်လန့်ဖြစ်နေရတဲ့ ဇာတ်ကားမှာ ရိုမန့်လေပြေလေးထည့်ထားတာက စိတ်ဝင်စားစရာကောင်းနေပါတယ်

အက်ရှင်အခန်းတွေ ဝေဝေဆာဆာမပါလည်း၊ နာမည်ကြီးမင်းသားမပါလည်း Kahaani ကတော့ အကြီးအကျယ်အောင်မြင်ခဲ့ပါတယ်။
မင်းသမီးက အင်တာဗျူးတစ်ခုမှာ “ ကျွန်မက မိခင်တစ်ယောက်ကို ပုံဖော်ခဲ့တာပါ။ ခွန်နဲ့အားနဲ့ မိန်းမသားတစ်ယောက်ကိုပါ။ အားနွဲ့ ပေမင့် မြေနိမ့်ရာလှံစိုက်ခံမယ့် ပုံစံတော့ မဟုတ်ဘူး။ ပရိသက်က ဒီဇာတ်ရုပ်ကို ကိုယ်ချင်းစာကြလိမ့်မယ်။ ဒါပေမယ့် သနားမိကြမှာတော့ မဟုတ်ပါဘူး။ ဒီဇာတ်ရုပ်က ဒီနေ့ခေတ်ရဲ့ အမျိုးသမီးပါပဲ” လိုလည်း အမှတ်တရ ဆိုခဲ့ပါသေးရဲ့။

ဇွဲလွင်

No comments:

Post a Comment