Monday, February 11, 2013

ငါ့မှာ ၂၀၀၀ ပဲရှိတဲ့နေ့က


အခုချိန်ဆို ကျုံးရေထဲမှာ အနုပညာတွေပွက်ထနေရောပေါ့။
အရင်ကလည်း ပွက်ပွက်ထခဲ့တာပဲ
မြို့မငြိမ်းတစ်ပွက်၊ ရွှေဥဒေါင်းတစ်ပွက်၊ ဒေါ်အမာတစ်ပွက်
ဆရာတင်တစ်ပွက်၊ မေရှင်တစ်ပွက်၊ သင်္ကြန်မိုးတစ်ပွက်၊
မောင်မောင်(အဉ္ဇလီ)တစ်ပွက်၊ ငွေငန်းဖြူကြီးတစ်ပွက် ...
အခုရော...ဟိုမှာကြည့် ..
ပိုင်စိုးဝေတစ်ပွက်၊ နေမျိုးတစ်ပွက်၊ ကိုငြိမ်းတစ်ပွက်၊ နေ၀င်းမြင့်တစ်ပွက်
ညီပုလေးတစ်ပွက်၊ ဇော်ထိန်တစ်ပွက်၊ ရိုးဒီတစ်ပွက်၊ လင်းလင်းတစ်ပွက်
Metal Zone တစ်ပွက် .... ။


ကျုံးရေဟာ သူရဲကောင်းတွေသွေးနဲ့ အသက်ဆက်ထားပုံ
လမ်း ၈၀ က ခိုတွေကို သွားမငေးနဲ့ ... အဲ့ဒါကဗျာပဲ
ဘုရားကြီးအရှေ့မုဒ်မှာ ပန်းသွားမ၀ယ်နဲ့ ... အဲ့ဒါကဗျာပဲ
လမ်း ၃၀မှာ မြီးရှည်သွားမစားနဲ့ ... အဲ့ဒါကဗျာပဲ
မြွေကြီးနှစ်ကောင်ကို ဓာတ်ပုံသွားမရိုက်နဲ့ ... အဲ့ဒါကဗျာပဲ
နာရီစင်ကြီးကို မော့မကြည့်နဲ့ ... အဲ့ဒါကဗျာပဲ
ကျောက်စာတွေကြားမှာ ခရေသွားမကောက်နဲ့ ... အဲ့ဒါကဗျာပဲ
ကုန်ကုန်ပြောမယ်...
နန်းတော်အုတ်ရိုးကြီးကို လက်သည်းလေးနဲ့တောင် သွားမခြစ်လိုက်နဲ့
အဲ့ဒါ ကဗျာပဲ။

၄၂မိုင်အဝေးမှာ လူလာဖြစ်တဲ့ကောင်က
၃၅လမ်းပေါ် ဆိုင်ကယ်ဘီးတင်လိုက်ရတဲ့ အရသာကို
အိပ်မက်ထဲထိ စွဲစွဲလန်းလန်းရှိသတဲ့။

ဘယ်ကီးနဲ့အော်အော် အလွမ်းဟာ
၆ထပ်ကွေ့ကို မကျော်နိုင်ခဲ့။
ဒုဋ္ဌ၀တီတောင် မြစ်ငယ်လို့ နာမည်ပြောင်းပြီး
ရောက်အောင်သွားခဲ့သေးတာပဲ။

ငါ့မှာတော့ ...
ရုပ်ကို ရုပ်အတိုင်းထား
နာမ်ကို ဂီယာကြီးထိုးပြီး
ရှုခင်းသာဘက် လွှတ်လိုက်တယ်။
မှုန်ပျပျမြို့ကြီးကို သူ အားရအောင်ငေးပြီးမှ
ပြန်လာပါစေတော့။


ဟိန်း

10.2.13

No comments:

Post a Comment