Thursday, February 14, 2013

ဘ၀မှာ အမှတ်တရ



ဒီနေ့မနက် ကျွန်တော့်ဝေါကို ဖွင့်လိုက်တော့ လန့်တောင်သွားပါတယ်။
ကဗျာမဟုတ် ၊ အတွေးစာစုတွေမဟုတ်၊ လုပ်ကြံခံစားမှုမဟုတ်တွေကို ကျွန်တော်မနေ့ညက တစ်ညလုံးလိုလိုတွေးရင်းရေးရင်းငေးရင်းဝမ်းနည်းရင်း တင်ခဲ့တာပါ။ တစ်ညလုံး မအိပ်ဖြစ်လောက်တော့ဘူးလို့ ယုံကြည်လိုက်တဲ့အချိန်မှာ ကျွန်တော်နောက်ထပ် ထပ်ထပ်ပြီးတွေး၊ ထပ်ထပ်ပြီးတင်ဖြစ်တာပေါ့။ ဒီလိုနဲ့ မနက် ၄ နာရီလောက်မှာ စက်ကကြောင်သွားပါရော။ ဒါနဲ့ ဘယ်လိုမှလုပ်မရလို့ ပိတ်ချလိုက်ရတာပါ။

တချို့က ခေါင်းစဉ်ကဘာလဲလို့မေးလာကြပါတယ်။ ခေါင်းစဉ်က ဘာလဲဆိုတော့ ကျွန်တော်မသိပါဘူး။ ကျွန်တော် ခေါင်းစဉ်လို့ မစဉ်းစားမိခဲ့ပဲရေးခဲ့တာ။ အခုပေးဆိုလည်း မပေးရဲဘူး။ ကျွန်တော်ကိုယ်တိုင် ကျွန်တော့်အတွေးတွေကို လန့်နေတာ။ အရင်နှစ် အာဇာနည်နေ့မှာ ကျွန်တော် သူ့ကို တမ်းတတဲ့ကဗျာတစ်ပုဒ်ရေးခဲ့ဖူးတယ်။ (ခဏခဏအသတ်ခံရတယ်၊ဘယ်တော့မှမသေဘူး) ဆိုတဲ့ကဗျာပါ။ ကျွန်တော့်နုတ်စ်ထဲမှာရှိပါတယ်။ သိပ်မကြာခင်ကပဲ သူ့အကြောင်းနောက်ထပ်ကဗျာမရေးတော့ဘူးလို့ ကျွန်တော်ပြောခဲ့တယ်။ ဒါပေမယ့် အခုရေးတဲ့ စတေးတပ်လေးတွေဟာ ကဗျာတစ်ပုဒ်လိုဖြစ်သွားစေတယ်။ ဒီစတေးတပ်လေးတွေရဲ့ မူလအစ အတွေးကတော့ မနှစ်က သွားခဲ့တဲ့ခရီးတစ်ခုက အစပြုတာပါ။


ကျွန်တော်မနှစ်က ပြည်ထောင်စုနေ့(12.2.12)နေ့လည် ၁၂နာရီတိတိ၊ မန္တလေးမြို့ရဲ့ ၃၅ လမ်းပေါ်ကနေ စထွက်ခဲ့တာပါ။ ကျွန်တော်နဲ့သူငယ်ချင်းသုံးယောက်၊ ဆိုင်ကယ် ၂ စီးပေါ့။
ရက်ရက်စက်စက်ပူနေတဲ့နေရောင်အောက်မှာ သူငယ်ချင်းအားလုံးပေါင်းမှ ပိုက်ဆံ ၅သောင်းလောက်နဲ့ တိုင်းဒေသကြီးတစ်ခုကို ကျော်သွားမယ့်ခရီးကို စတင်ခဲ့တာပါ။ မန္တလေးကနေ နတ်မောက်ပေါ့။ မကွေးတိုင်းထဲအထိ အသွားအပြန် မိုင် ၃၀၀ ကျော်တဲ့ခရီးပါ။ လမ်းမှာ ကြုံခဲ့ရတဲ့အခက်အခဲတွေတော့မပြောတော့ပါဘူး။ ဆိုင်ကယ်တွေ အဆင်မပြေလို့ မြင်းခြံမှာ တစ်ညအိပ်ရပါသေးတယ်။

မန်းလေးဂျီတီစီ ကျောင်းသားသုံးယောက်နဲ့ ကျောင်းသားဟောင်းတစ်ယောက်၊ အသက်၂၀၀န်းကျင် ကျွန်တော်တို့ဟာ သူ့ရဲ့မြို့ကလေး၊ သူ့ရဲ့အိမ်ကလေးကို သွားကြည့်အလေးပြုချင်ရုံသက်သက် ဒီခရီးကိုသွားခဲ့တာပါ။ ဒီလိုနဲ့ တင်ပါးတွေထူပူ၊ ခြေထောက်တွေတောင့်တင်း၊ နှုတ်ခမ်းတွေခြောက်ကပ်နေအောင် အညာမြေရဲ့နေနဲ့ လေပူတွေကို ခံစားပြီးတဲ့နောက် နတ်မောက်မြို့လေး အ၀င်ဝက သဲချောင်းကြီးပေါ် ခြေချမိပါရော။ ၁၃ရက်နေ့ ၊ သူ့မွေးနေ့မှာပေါ့။ အဲ့မှာ တော်တော်ကြီးကို စိတ်ထဲနင့်သွားတာဗျာ။ သူ့ကို မွေးထုတ်ပေးတဲ့မြို့တဲ့။ သဲချောင်းကြီးကို ခက်ခက်ခဲခဲဖြတ်မောင်းရသေး၊ မြို့နာမည်ရေးထားတဲ့ ဆိုင်းဘုတ်လေးကို ခြုံတွေက ကွယ်နေသေးတယ်၊ မြို့အလယ်လမ်းမကြီးဟာ ဖုန်ထထောင်းထောင်းထနေသေးတယ်။ ကျွန်တော်တို့ ၄ယောက်မှာ ပင်ပန်းခဲ့ရတာတွေထက်ပိုတဲ့ ပင်ပန်းမှုကို ရခဲ့ကြတယ်။

ဒါနဲ့ မြို့အ၀င်က လက်ဖက်ရည်ဆိုင်လေးမှာထိုင်ရင်း သူ့အိမ်က ဘယ်မှာလဲဗျ။ ကျွန်တော်တို့မန်းလေးက လာတာပါ။ သူ့အိမ်ကလေးကို အလေးပြုချင်လို့ပါ လို့ ဆိုင်ရှင်ကြီးကိုမေးတော့ ဟာဗျာ....ဆိုင်ရှင်ကြီးလေ..ယောက်ျားကြီးတန်မဲ့ မျက်ရည်တောက်တောက်ကျတယ်ဗျာ။ သားတို့ရာ...မင်းတို့လိုကလေးတွေ ဒီခေတ်မှာရှိသေးပါလားကွာ.. ငါဝမ်းသာဝမ်းနည်းကြီးဖြစ်လို့ပါကွာ.. ဆိုပြီး မျက်ရည်တွေကို လက်ဖမိုးကြမ်းကြီးနဲ့ ပွတ်ပွတ်သုတ်လို့..ကျွန်တော်တို့လည်း မျက်ရည်ကို ထိန်းမထားနိုင်ခဲ့ပါဘူး။ ဒါနဲ့ .. ခဏနား..သူ့အကြောင်းတွေကို မြို့ခံဆိုင်ရှင်ဦးလေးကြီးဆီမေး.လူငယ်လေး ၄ယောက်ဟာ မြေလတ်မြို့ကလေးတစ်မြို့မှာ ၀မ်းနည်းအံ့သြစရာကောင်းတဲ့အကြောင်းတွေကို ထိုင်ပြောရင်း ဘယ်သူမှ မသိအောင်မျက်ရည်ကျနေခဲ့ကြတာ။ ပြီးတော့ ဦးလေးကြီးက သူကိုယ်တိုင် နေအိမ်ပြတိုက်ကလေးကို လိုက်ပို့ပါတယ်။ လမ်းမကြီးကနေ လမ်းချိုးလေးတစ်ခုထဲကို ချိုးဝင်မောင်းတက်သွားရတာ။ ကုန်းနိမ့်နိမ့်လေးပေါ်မှာပေါ့။

ဒီလိုနဲ့ .. သူ့အိမ်ကလေးကိုရောက်တော့ ခြံတံခါးကြီးက သော့ခတ်လို့၊ အိမ်တံခါးတွေကလည်း သော့ခတ်လို့။ ကျွန်တော်တို့မှာ ဒီအိမ်ကလေးကို အပြင်ကငေးရင်း မျက်ရည်တွေထပ်ကျလာခဲ့ပြန်ရော။ ဒါဟာ မီးလောင်သွားလို့ ပုံစံတူပြန်ဆောက်ထားတဲ့ အိမ်ဆိုတာသိပေမယ့်လည်း သူကလေးဘ၀က ဒီနေရာမှာများလား၊ ဒီမန်ကျည်းပင်လေးအောက်မှာရော သူရှိနေတတ်လား၊ ရေနံချောင်းကို ကျောင်းသွားတက်ရမယ်ဆိုတော့ ကျွန်တော်တို့အခုရပ်နေတဲ့နေရာကနေ သူ့အမေကို သူပြန်ငေးနေမှာလား။ စသည်ဖြင့်ပေါ့။ တွေးရင်းတွေးရင်း ငိုမိတာပါ။ လိုက်ပို့တဲ့ဦးကြီးက ပြောပြရှာတယ်။ အာဇာနည်နေ့တစ်ရက်ပဲ ဒီအိမ်လေးကို ၀င်ကြည့်ခွင့်ရသတဲ့။ ဟာ..မဖြစ်ဘူးလေ။ မန်းလေးကနေတောင် ဒီအိမ်ရှေ့ထိရောက်ပြီးပြီ။ ကျွန်တော်တို့ အထဲမ၀င်ရလို့မဖြစ်ဘူး။ ဒီလိုနဲ့ သူ့အိမ်လေးရဲ့အရှေ့ဘက် မျက်နှာချင်းဆိုင်မှာ သူ့ရဲ့အမျိုးအနွယ်တချို့နေထိုင်နေကြောင်းသိရတယ်။ သွားပြောတာပေါ့။ ၄ယောက်လုံးရယ်၊ ဦးလေးကြီးရယ်။ ကျွန်တော်တို့ကဘယ်ကလာရကြောင်း၊ဘယ်လိုစိတ်နဲ့လာကြောင်းပေါ့။ နောက်မှသိရတာက အရှေ့ကမျက်နှာချင်းဆိုင်အိမ်ဟာ ဗိုလ်ချုပ်ရဲ့ တူ ၂၀မ်းကွဲတော်ပါတယ်တဲ့။ သူလည်း ကျွန်တော်တို့လိုပဲ မျက်ရည်တွေဝဲလို့..
သော့တွေအားလုံးကို လိုက်ဖွင့်ပေးရှာတယ်။ ချုပ်ပြောရရင်တော့ ဗိုလ်ချုပ်အပေါ်ကျွန်တော်တို့ထားတဲ့ လေးစားမှုရဲ့တန်ခိုးပါပဲ။ စည်းကမ်းသတ်မှတ်ချက်တွေအားလုံးကို ချိုးဖောက်ပြီးတော့ သေသေချာချာအထဲဝင်ကြည့်ခွင့်ရခဲ့တယ်။
(အခုတော့ အမြဲတမ်းဖွင့်ပေးထားတယ်လို့သိရပါတယ်)

အားရအောင်ကြည့်၊ အားရအောင်မျက်ရည်ကျ ၊ အားရအောင် လေးစား၊ အားရအောင် ကြက်သီးထ၊ အားရအောင် အလေးပြုပြီးတဲ့အခါမှာတော့ ထပ်ပြီးဝမ်းနည်းစရာကိစ္စကဖြစ်လာပြန်ပါတယ်။ မနက် 10 လောက် နတ်မောက်ကိုရောက်တာ၊ ကျွန်တော်တို့ သူ့အိမ်မှာ ညနေစောင်းအထိနေခဲ့ကြတာပါ။ 5နာရီခွဲလောက်ရောက်တော့ မနက်ကလည်း ဆိုင်ကယ်အသေစီးလာတာ ဆိုင်ကယ်ပေါ်ကို တက်ကို မတက်ချင်တော့တာ။ ဒါနဲ့ ဒီမှာ ညအိပ်ကြမယ်ပေါ့။ ဦးလေး...တည်းခိုခန်းညွှန်ပါဦးဆိုတော့...သူကထပ်ပြောတယ်။ နတ်မောက်မှာ တည်းခိုခန်းမရှိပါဘူးတဲ့။ ဘာလို့လည်းဆို . အမြန်လမ်းလည်းမဖြတ်ပါဘူး၊ စီးပွားရေးလည်းအချက်အချာမကြပါဘူး၊ လည်စရာပတ်စရာလည်းမရှိပါဘူး။ ဒါကြောင့် ဘယ်ဧည့်သည်မှ မလာပါဘူးတဲ့။ ဟာဗျာ...နိုင်ငံခေါင်းဆောင်ကြီး၊ အာဇာနည်ကြီး၊ အသေခံပေးသွားတဲ့သူရဲကောင်းကြီးရဲ့မြို့တဲ့ဗျာ။ ဘယ်လိုလူတွေက သမိုင်းကို ဖုံးကွယ်ထားချင်ကြတာလဲ။ တည်းခိုခန်း အစုတ်အပြတ်လေးတစ်ခုတောင်မရှိဘူးတဲ့ဗျာ။ ဒါနဲ့ ၀မ်းနည်းဒေါသကို မရရအောင်ထိန်းရင်း ညနေ 6 နာရီလောက်မှာပဲ နတ်မောက်မြို့လေးကို ကျွန်တော်တို့နှုတ်ဆက်ခဲ့ပါတယ်။ တောက်လျှောက်စီးလာလိုက်တာ မန်းလေးကို ရောက်တော့ မနက် 3 နာရီကျော်ပါပြီ။

ဒီတော့..ကျွန်တော်ပြောချင်တာကနည်းနည်းရှည်သွားတယ်ဗျ။ မနေ့ညကလို နေ့မျိုး မနှစ်ကသာဆို ကျွန်တော်ဆိုင်ကယ်ပေါ်မှာပေါ့။ အဲ့ဒါကို ပြန်လွမ်းသွားတာ၊ ပြန်တွေးမိရင်း ငိုချင်သွားတာ။ သူငယ်ချင်းတွေကိုလည်း လွမ်းတာပါတာပေါ့။ ဒါနဲ့ နတ်မောက်ဆိုတဲ့မြို့ကလေးဆီ ကျွန်တော်စိတ်ကို လွှင့်လိုက်တာ။ ဒီမှာပဲ..စရေးမိတာပါ။
စုတ်ပြတ်မှုန်တေနေတဲ့ မြို့ကလေးဟာ ရှားမှရှားတဲ့သူရဲကောင်းတစ်ယောက်ကို မွေးထုတ်ပေးတယ်ဆိုတာကို ကျွန်တော်လေးစားဂုဏ်ယူမိလို့ပါ။ စရေးတာက -

နတ်မောက်...
မင်းဘာမှထပ်မလုပ်နဲ့
ထိန်လင်းကိုငါတို့ဆီပေးပြီးကတည်းက
ဆယ်ကမ္ဘာစာလောက်တာဝန်ကျေပြီ။

ဒါပါပဲခင်ဗျ။ ပြီးတော့..နောက်စတေးတပ်တွေက ဆက်တိုက်ဆက်တိုက်ထွက်ကျလာတာပါ။
အမှန်ကတော့ တစ်ညလုံးတင်မလို့ပါ။ ကျွန်တော်ပြောခဲ့သလို စက်ကကြောင်သွားတော့ မလုပ်လိုက်ရတာ။ အခုကြည့်လိုက်တော့ အားလုံးက စေတနာနဲ့စုစုစည်းစည်းလေးလုပ်ပေးထားကြပြီ။ (စုစည်းပေးထားတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးအထူးပါခင်ဗျာ)။ ဒီတော့..ကျွန်တော်ဆက်တင်မယ်ဆိုတဲ့အကြံက မကောင်းတော့ဘူးဖြစ်သွားတယ်ခင်ဗျ။ ဥပမာ-ဒီဟာဆို မနေ့က မတင်လိုက်ရတာပါ။

ဒေါ်စု....
သူ့အမေဆိုတဲ့အတိုင်းခင်ဗျားစိတ်ဓာတ်မာလှပါတယ်။
ခင်ဗျားငွေတိုးချေးသလို၊
ခင်ဗျားဆီတွေလှောင်ထားသလို၊
သူ့ကိုလည်း
ခေတ်ကြီးထံအပြီးအပိုင်ချေးလိုက်တယ်လို့မြင်ပါ။
ကျွန်တော်တို့လည်း ရင်ထဲမှာ အမြဲလှောင်သိမ်းထားတော့မယ်။

ဒီတော့..ဘာပဲဖြစ်ဖြစ်ခင်ဗျာ။ အားပေးခံစားပေးခဲ့ကြတဲ့ သူငယ်ချင်းအားလုံး၊ညီအကိုမောင်နှမအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျ။ သူကိုချစ်ရင် သူ့အကြောင်းကဗျာရေးရုံနဲ့မပြီးပါဘူး၊ သီချင်းရေးရုံနဲ့မပြီးပါဘူး၊ ပန်းချီရေးရုံနဲ့ မပြီးပါဘူး။ သူပြောခဲ့တဲ့စကားတွေကို ကျွန်တော်တို့နားထောင်ကျင့်ကြံလိုက်ကြရအောင်လားဗျာ။

ဟိန်း

13.2.13

========================

နတ်မောက်...
မင်းဘာမှထပ်မလုပ်နဲ့
ထိန်လင်းကိုငါတို့ဆီပေးပြီးကတည်းက
ဆယ်ကမ္ဘာစာလောက်တာဝန်ကျေပြီ။

ဒေါ်စု....
သူ့အမေဆိုတဲ့အတိုင်းခင်ဗျားစိတ်
ဓာတ်မာလှပါတယ်။
ခင်ဗျားငွေတိုးချေးသလို၊
ခင်ဗျားဆီတွေလှောင်ထားသလို၊
သူ့ကိုလည်း
ခေတ်ကြီးထံအပြီးအပိုင်ချေးလိုက်
တယ်လို့မြင်ပါ။
ကျွန်တော်တို့လည်း ရင်ထဲမှာ အမြဲလှောင်သိမ်းထားတော့မယ်။

ခင်ကြည်...
ညည်းယောက်ျားကိုသေချာကြည့်ထား
သမီးကလေး ခမည်းပေးဖို့
ရွှေကလေးတစ်ပဲတစ်မူးတောင်
အမေအိုဆီ လက်ဖြန့်တဲ့လူသား။
နိုင်ငံခေါင်းဆောင်ငမွဲကို
ညည်းစိတ်ပျက်ချင်ပျက်
သမိုင်းက စိတ်မပျက်စေနဲ့။

ဗိုလ်ထွန်းလှ...
ခင်ဗျားဆရာကို ကြည့်ပြောဦး
လမ်းဘေးမှာ အကြော်ဝင်ဝင်စားနေတာ
နှောင်းလူတွေသိရင် မျက်နှာမထားတတ်အောင်ရှက်နေရှာဦးမယ်။

ဆရာတော်ဦးသောဘိတ....
ဒီတစ်ခါကြမ်းတမ်းမိလို့
ဒီကလေးကို မရိုက်ပါနဲ့
ရရင်ရ မရရင်ချ ဆိုတာ
ကျွန်တော်တို့အတွက်ပါဘုရား။

ဦးဘ၀င်း..
ခင်ဗျား ညီအငယ်ဆုံးလေးကို ခွင့်လွှတ်လိုက်ပါ။
သူပြောခိုင်းတဲ့ ရည်းစားစကား ပြောပေးလိုက်ပါ။
စစ်သားကြီးအသည်းက ဆေးရုံပေါ်မှာကျန်ခဲ့ရင်
ကျွန်တော်တို့ပဲ နစ်နာကြမှာ။

ရဲဘော်ကျော်စိန်....
ခင်ဗျားကားမောင်းရင် သတိကို ငယ်ထိပ်မှာကပ်ထား
ခင်ဗျားတင်မောင်းလာတာ ကျွန်တော်တို့
အတိတ်ကြီး/ပစ္စုပ္ပန်ကြီး/အနာဂတ်ကြီး။

ဟေ့လူ...ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ..
သူ့ဟာသူ ငါးမူးတန်းက ကြည့်ကြည့် ၊ တစ်မတ်တန်းက ကြည့်ကြည့်
သွားမတားပါနဲ့။
ဘ၀မှာ အပန်းဖြေနည်း လက်တစ်ဖက်မပြည့်ခဲ့တဲ့ သူ
စိတ်လွတ်ကိုယ်လွတ်ခံစားပါစေဗျ။

ဗိုလ်မှူးကြီးဆူဇူကီး....
တွေ့တယ်မလား..ခင်ဗျားကိုလက်ဆွဲနှုတ်ဆက်ရင်း
ခင်ဗျားကို တိုက်သင့်ရင်တိုက်ရမှာပဲလို့ ပြောခဲ့တဲ့ အညာသားလေးကို။
အဲ့သတ္တိအဲ့စကားကို သေချာမှတ်ထား
နှောင်းမြန်မာတွေထဲမှာ ပြောရဲတာတစ်ကောင်မှမရှိဘူး။

အမွိုင်....
မင်းမြေကို သူနင်းလိုက်တော့ တွန့်မသွားဘူးလား
အာရှတိုက်ရဲ့ ကြယ်တစ်လုံးကို
နှစ်လလောက်ထမ်းထားလိုက်ရတာ
အခုထိ ဂုဏ်ယူမဆုံးမဟုတ်လား။

ဦးစော...
ခင်ဗျားကို မေ့ထားပါ့မယ်။ခွင့်လွှတ်လို့တော့
မရသေးဘူး။
ဒါပေမဲ့..မပူပါနဲ့။
ဒီနေ့ခေတ်မှာလည်း ခင်ဗျားလိုလူတွေအများကြီးရယ်။

မစ္စတာနေရူး...
ခင်ဗျားသူ့ကို လောင်းကုတ်ကြီးပေးလိုက်တာ ကျေးဇူးတင်တယ်ဗျာ
အခု ကျွန်တော်တို့မှာ ဒါကြီးခြုံပြီး နွေးနေရတာ။

ပဲခူးဆောင်...
ခင်ဗျားအခန်းထဲက ကြမ်းပိုးတွေမောင်းမထုတ်လိုက်နဲ

စာအုပ်ပုံကြီးကို ရှင်းမပစ်လိုက်နဲ့
မခေါက်ရသေးတဲ့အ၀တ်တွေ တန်းပေါ်မချိတ်လိုက်နဲ့
သူဇိမ်နဲ့မနေခဲ့လို့ ကျွန်တော်တို့ဇိမ်နဲ့ နေနေရတာ။

ညိုညိုစိန်....
ညည်းတစ်သက်လုံးမင်းသမီးလုပ်လာတာ
အနယ်နယ်အရပ်ရပ်။
ရွှေဘိုညချမ်းကလို သူရဲကောင်းမျိုး တွေ့ဖူးခဲ့လား၊တွေ့ဖူးရဲ့လား။
"ကျုပ်မှာ ကာမပိုင်နဲ့ဗျ" တဲ့။
မိန်းကလေးတန်မဲ့ လက်ဆွဲကျီစယ်မယ့် ညည်းတောင်
ကြက်သီးဖြန်းဖြန်းထသွားရဲ့မဟုတ်လား။

ဆြာ စတက်ဖို့ကရစ်ပ်....
သူ ခင်ဗျားအကျီအိတ်ကြီးပြဲသွားအောင်
ဖောင်တိန်ကို ဆွဲလုလိုက်တာ မအံ့သြပါနဲ့။
၃၂နှစ်နဲ့ သေခဲ့တာတောင် ကျွန်တော်တို့နှလုံးသားတွေကို
သူအခုထိ ဆွဲလုနေနိုင်တုန်း။

ဦးဋ္ဌေးမြိုင်(သို့)ဒဂုန်တာရာ...
(ဇွတ်ချစ်မယ်)ဆိုတဲ့ အချစ်သီချင်းအစား
စစ်ချီစစ်တက်သီချင်းတွေပဲ သူကကြားချင်တယ်ဆို
တီးပေးလိုက်ပါဗျ။
နှလုံးသားမရှိတာမဟုတ်ပါဘူး။
နှလုံးသားရှိလွန်းလို့ပါ။

ဂျူဗလီဟော....
ကျေးဇူးပြုပြီး ရွှေတိဂုံဘုရားလမ်းဘက်လှည့်မထားပါနဲ့။
ခင်ဗျားကို မြင်တိုင်း
မျက်ရည်ဝဲရင်း အလေးပြုမိလို့။

ရဲဘော်ကလေးတွေ......
စိတ်မကောင်းမဖြစ်နဲ့။
မင်းတို့ခေါင်းဆောင်ကြီးက
သူ့မင်္ဂလာဆောင်မှာ တိုက်တွေကားတွေလက်မဖွဲ့လို့
စိတ်ဆိုးမယ့်လူစားလား။
"ငွေသော်တာရောင်ခြည်" ဆိုတော့
အရိုးသားဆုံးအပြုံးနဲ့ ပျော်နေခဲ့တာလေ။

ပြည်ထဲရေးဝန်ကြီးဦးမြ...
ခင်ဗျား...မှားတယ်။
သူ့ရုံးခန်းရှေ့က တပ်စိတ်ကို
သူဘာပြောပြော ပေကပ်ထားခဲ့ရမှာ။
အခုတော့ ကျွန်တော်တို့မှာ ပြောခွင့်မရှိတော့။

ကိုကျော့မောင်....။
သူ့မင်္ဂလာဆောင်မှာ ရွှေကြိုးသွားတားတော့
ဆွဲယူလွှင့်ပစ်လိုက်တာ စိတ်မကောင်းမဖြစ်ပါနဲ့
သူအပင်ပန်းခံသင်ယူခဲ့တဲ့ပညာတွေထဲမှာ
အဲ့လို အပိုဆားဒါးတွေမပါဘူး။

မေမြို့....
ဝမ်းနည်းစိတ်ကို ကျိတ်မှိတ်ထားတော့။
နိုင်ငံရေးလောကက ထွက်ရင်
ခြံစိုက်မယ်၊ စာရေးမယ်ဆိုတဲ့ သူ
ကျည်ဆံ ၁၃တောင့်စိုက်သွားပြီ။
ရေးလို့မကုန်အောင် ကျွန်တော်တို့ရေးနေရပြီ။


ဟိန်း

13.2.13

===========

ဝမ်းသာစရာကောင်းလွန်းတဲ့အမှတ်တရပါပဲခင်ဗျာ။ ကျွန်တော့်ရဲ့ ကဗျာလေးကို ခံစားမိလို့
ပျဉ်းမနားကအနုပညာရှင် လဂွန်းအိမ် က ပန်းချီကားတစ်ချပ်ကို ဆွဲခဲ့ပါတယ်ခင်ဗျ။ တစ်ကားလုံးကို စုတ်တံမသုံးပဲ လက်နဲ့ပဲ သီးသန့်ဆွဲခဲ့တာလို့ ဆိုပါတယ်ခင်ဗျ။ ထပ်တူခံစားပေးတဲ့ ကိုလဂွန်းကို ကျေးဇူးအထူးပါဗျာ။ ပန်းချီကိုလည်း ကျွန်တော်တင်ပေးလိုက်ပါတယ်ခင်ဗျာ။ ဘ၀မှာ ဖေဖော်ဝါရီလ ၁၃ ရက်ဟာ ကျွန်တော့်ကို အမှတ်တရနှစ်ခုပေးခဲ့ပါပြီ။၁၃.၂.၂၀၁၂ မှာ ကျွန်တော်တို့သူငယ်ချင်းလေးယောက် နတ်မောက်မြို့ကလေးက ဗိုလ်ချုပ်အိမ်ကို သွားပြီးအလေးပြုကြတယ်။၁၃.၃.၂၀၁၃ မှာ ကျွန်တော့်ရဲ့ခံစားမှုစာစုလေးတွေက သူငယ်ချင်းတွေရဲ့ ထပ်တူခံစားပေးမှုကို ရခဲ့ပါတယ်။ဖတ်ရှုခံစားပေးခဲ့ကြတဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်စွာဖြင့် -

ဟိန်း




2 comments:

  1. ကိုဟိန်း
    လေးစားပါတယ်

    ReplyDelete
  2. တကယ့်ကို အနုပညာမှော်ပါပဲခင်ဗျာ ဗိုလ်ချုပ်အပေါ်မှာ ချစ်မြတ်လေးစားမှုနဲ့အတိပြီးလေတဲ့ ခင်ဗျားနှလုံးသားကို ကျွန်တော် မနာလိုဘူး ပြီးတော့ လေးစားအားကျတယ်

    ReplyDelete