နှစ်ယောက်စလုံး နောက်ကျွမ်း
လူနှစ်ယောက် ပြဇာတ်ထဲကလို ဘွားခနဲ အမှတ်မထင်
ပြန်ဆုံတွေ့လိုက်ပုံဇာတ်ကွက်မျိုးက ကမ္ဘာ့နေရာတိုင်းမှာ အချိန်တိုင်း
ဖြစ်ပေါ်နေတတ်သော ဇာတ်ကွက်ပင် ဖြစ်ပါသည်။ သို့သော် ထိုလူနှစ်ယောက်က
သစ္စာဖောက်နှစ်ယောက် သို့မဟုတ် အညံ့ခံသူနှစ်ယောက် သို့မဟုတ်
လက်နက်ချသူနှစ်ယောက် သို့မဟုတ် ကျောခိုင်းထွက်ပြေးသူနှစ်ယောက် သို့မဟုတ်
လက်မြှောက်အရှုံးပေးသူနှစ်ယောက်။
သူတို့သစ္စာဖောက်ခဲ့ရာ၊
အညံ့ခံခဲ့ရာ၊ လက်နက်ချခဲ့ရာ၊ ကျောခိုင်းထွက်ပြေးခဲ့ရာ၊
လက်မြှောက်အရှုံးပေးခဲ့ရာ လောကကလည်း အမျိုးမျိုးအထွေထွေသော
လောကဖြစ်နိုင်ပါသည်။ နိုင်ငံေ၇းလောကသော်လည်းကောင်း၊
အနုပညာလောကသော်လည်းကောင်း၊ ပရဟိတလောကသော်လည်းကောင်း၊ ကောင်းမြတ်သော လောက
တစ်ခုခုဖြစ်နိုင်ပါသည်။
ထိုနှစ်ယောက် ဘွားခနဲ
ပြန်ဆုံတွေ့ရာနေရာကလည်း မည်သည့်နေရာမဆိုဖြစ်နိုင်ပါသည်။
ဘတ်စ်ကားမှတ်တိုင်တစ်နေရာ၊ ဘူတာရုံပလက်ဖောင်းတစ်ခုခု၊ စူပါမားကတ်
အ၀င်အထွက်၊ ဘုရားစောင်းတန်း အတက်အဆင်း၊ လူမှုရေးအခမ်းအနား အထွက်အ၀င်၊
စာအုပ်ဆိုင်ကလေးတစ်ဆိုင်ဆိုင်ရဲ့ရှေ့။ လူကူးမျဉ်းကြားတစ်နေရာ၊ ဘွားခနဲ။
ခေတ်ပေါ်ကဗျာဆရာတို့သည်ကား သည်လိုဖျတ်ခနဲ ဇာတ်ကွက်တစ်ကွက်ကိုပင် အမိအရ မှတ်တမ်းတင်ကာ ကဗျာအဖြစ် ဖွဲ့နွဲ့ချင် ဖွဲ့နွဲ့နေတတ်ပြန်လေသည်။
ဆိုကြပါစို့။
ကဗျာဆရာလူထွက်နှစ်ယောက်တို့ လမ်းမှာဆုံကြသည်။ တစ်ခါတုန်းကတော့ ကဗျာတွေ
ပိုက်စိပ်တိုက်ရေးခဲ့ကြ၊ ကဗျာတွေ ပိုက်စိပ်တိုက်ဖတ်ခဲ့ကြ။
စာအုပ်တွေကြားထဲမှာ ခေါင်းတွေကို ထိုးနှစ်ထားကြ။
ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံအခင်းအကျင်းတွေ၊ နိုင်ငံတကာစာပေ၀ါဒတွေ၊
စာပေဟောပြောပွဲစင်မြင့်တွေ၊ ပူပူလောလောသွယ်တန်းထွက်ကျလာတဲ့
စာနယ်ဇင်းစာမျက်နှာတွေ၊ ခြေသံလုံတဲ့ စကားလုံးတွေ၊ မ၀ရေစာ
လက်ဖက်ရည်ဆိုင်ကလေးတွေ၊ ကိုယ့်အိပ်ကိုယ်ပြန်ပြန်စမ်းကြည့်ရတဲ့
ညနေခင်းတွေကြားထဲမှာ ထိုကဗျာဆရာနှစ်ယောက်တို့ အတူပါဝင်ပျံသန်းခဲ့ကြဖူးသည်။
နောက်တော့ တစ်စတစ်စနဲ့ ကဗျာလောကကနေ ဝေးကွာခဲ့ကြရာက လတွေ နှစ်တွေ
အတော်များများ ဖြတ်သန်းသွားကြအပြီးမှာ နှစ်ယောက်စလုံး ကဗျာလောကမှာမရှိတော့။
အခြားသော ဇာတ်ခုံတစ်ခုစီပေါ်မှာ သူတို့ရောက်နေကြသည်။ ဆိုကြပါစို့။
တစ်ယောက်က ကျူရှင်ဆရာ၊ နောက်တစ်ယောက်က အရောင်းအ၀ယ်သမား။
ဘွားခနဲ
အမှတ်မထင်ပြန်အတွေ့ နီးစပ်ရာ ဘီယာဆိုင်ကလေးထဲမသက်မသာ ၀င်ထိုင်ဖြစ်ကြကာ
ဘီယာတစ်ခွက်ပြီးတစ်ခွက် အသက်ရှုကျပ်ကျပ်နဲ့ မှာသောက်ကြ။ ဘာကဗျာမှလည်း မဖတ်၊
ဘာကဗျာမှလည်း မရေး၊ ငါ့မိသားစုကလွဲရင် ဘာကိုမှစိတ်ထဲမရှိကြတော့သူနှစ်ယောက်
တစ်ယောက်ကို တစ်ယောက်နောက်ကျောမလုံစွာ မနေ့က အတိတ်တွေကို
ပြန်စမြုံ့မပြန်စတမ်း နှစ်ဦးသဘောတူကတိကို ကိုယ့်အသိနဲ့ကိုယ်
စိတ်နဲ့လက်မှတ်ထိုးပြီး ချကွာ ချကွာနဲ့ ဘာပြောရမှန်းမသိ
ကျိန်စာမိနေလိုက်ကြတာ။ နေကောင်းလားတို့၊ ၀လာတယ်တို့၊
မင့်သားဘယ်နှစ်တန်းလဲတို့၊ လာလည်ကြဦးကွာဆိုတဲ့ စကားတွေထဲမှာတော့
ဆားခပ်ထားတဲ့ပုံမရပါဘူး။ နောက်ဆုံး နှစ်ယောက်သားမူးထွေထွေမှာ
ထွက်ပြေးမတတ်ခြေလှမ်းကိုယ်စီနှင့် နောက်ဆုတ်နောက်ဆုတ်လုပ်ကြရင်း
တွေ့ကြဦးစို့ တွေ့ကြဦးစို့ ဆိုသည့်စကားကို မတွေ့ချင်ဘဲ ပြောကြကာ
မိုင်းကွင်းက အလွတ်ပြေးသလို လွတ်အောင်ပြေးထွက်သွားကြပုံ။
သည်လိုမြင်ကွင်းမျိုးကို ကဗျာဆရာမောင်ပြည့်မင်းက ကဗျာအဖြစ်
ဖွဲ့ခဲ့ဖူးပါသည်။ "သူတို့စားပွဲ" တဲ့။ ၁၉၉၉ အောက်တိုဘာလထုတ်
ရနံ့သစ်မဂ္ဂဇင်းထဲက ကဗျာ။
သူတို့စားပွဲ
စားပွဲပေါ်မှာ
ဘီယာကရားလွတ်တွေသာ ငိုင်ကျန်ရစ်
ရှေးဘ၀အဆက်ဆက်က
ချိန်းထားခဲ့သလို သူတို့ဆုံမိကြ
ဒီစားပွဲပေါ်မှာ ရယ်ကြ
ကလေးတွေအကြောင်းမေးကြ
တကယ်မေးချင်တာတွေ မေ့ထားကြ
ခဏနား
ခဏနားပြီး
နေပူကြီးထဲ
ကျားတွေလို နောက်ကျွမ်းပစ် ပြန်ထွက်သွားကြ။
နေပူကြီးထဲတွင် ကျားတွေကို နောက်ကျွမ်းပစ်ပြီး ပြန်ထွက်သွားကြသည်ဆိုသော
လူနှစ်ယောက်က ကဗျာဆရာအဟောင်းနှစ်ယောက်လည်း ဖြစ်နိုင်ပါသည်။ နိုင်ငံရေးသမား
လူထွက်နှစ်ယောက်လည်းဖြစ်နိုင်ပါသည်။ ပရဟိတသမားနှုတ်ထွက်၊ ၀တ္ထုရေးဆရာ အနားယူ၊
ရောမကို အာခံသူလက်မြှောက်၊ ပန်းချီဆရာအညံ့ခံ၊ ဂီတသမားဒူးထောက်
အကုန်လုံးဖြစ်နိုင်ပါသည်။
သူတို့စားပွဲတွေက နောက်ကျောမလုံ။ သူတို့
ဘီယာခွက်တွေက အတိတ်ကို မျက်နှာချင်းမဆိုင်ရဲ။ သူတို့
နှုတ်ဆက်ထွက်ခွာသွားကြပုံက ဇာတ်ခုံပေါ်က မျက်နှာဖုံးစွပ်ထားတဲ့ ကျားတွေ
နောက်ကျွမ်းပစ်ပြီး ပြန်ထွက်သွားသလိုပါပဲတဲ့။
အတိတ်ကို
စိတ်သန့်သန့်နဲ့ မျက်နှာချင်းဆိုင် ၊ လောကကို စိတ်ချလက်ချ ကျောပေးပြီး
ခြေလှမ်းမှန်မှန်နဲ့ လျှောက်လှမ်းသွားချင်လိုက်တာလို့ ကဗျာဆရာ
မောင်ပြည့်မင်းကို ကျွန်တော်ပြောပြချင်နေမိခဲ့။
မောင်သာချို
ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း
အောက်တိုဘာ၊ ၂၀၀၈
No comments:
Post a Comment