Thursday, February 14, 2013

သေခြင်းတရားဟာ ချစ်သူများနေ့မှာ လျှောက်လည်နေတယ်

ဘယ်ဘာသာစကားနဲ့ အော်ဆဲရမလဲ။
မပွင့်ခင်ကြွေရတယ်၊ မဝေခင်ကြွေရတယ်
ဒီလို ငြိမ်းငြိမ်း မျိုး ငါတို့နိုင်ငံမှာ ဘယ်နှစ်ယောက်လဲ
ဒီလို ငြိမ်းငြိမ်း မျိုး ငါတို့ ကမ္ဘာမှာ ဘယ်နှစ်ယောက်လဲ

ညီမလေးငြိမ်းငြိမ်းဟာ
တကယ်ငြိမ်းသွားတာလား။
ဒါမှမဟုတ် ငါတို့ငြိမ်းနေတဲ့ ကိုယ်ချင်းစာတရားကို
ထွန်းပေးသွားတာလား။
ဘ၀ထဲမှ မရောက်ခင် သေမင်းက ကြားဖြတ်လာခေါ်တယ်။

သွေးဖြူဥတွေ နည်းသွားတယ်တဲ့။
ပေးလိုက်ရအောင်ပါ။
ငါတို့ တစ်ယောက်နည်းနည်း
ခင်ဗျားတို့ တစ်ယောက်နည်းနည်း
ဟိုကောင်ကြီးကို ခွင့်တောင်းကြည့်လို့ရရင်ပေါ့

မင်းမေမေ၊မင်းဖေဖေကို ဒီလောကမှာရှာမရလို့လား
ငါတို့ဝယ်ပေးတဲ့ ပုံဆွဲခဲတံလေးတွေ
မင်းတမင်ထားခဲ့တာလား၊
မင်းမေ့နေခဲ့တာလား။
ဒါမှမဟုတ် မင်းသိပ်ဆွဲချင်တဲ့
မိသားစု ဆိုတဲ့ ပန်းချီကားလေး ကို ဆွဲခွင့်မရခဲ့လို့လား။
ငါတို့မေးခွန်းတွေနဲ့အတူ မင်းအိပ်ယာလေးထဲထည့်ပေးပါ့မယ်။

အဲ့ဒီအကြည့်နဲ့ မကြည့်နဲ့ ငြိမ်းငြိမ်း။
ဆွယ်တာအ၀ါလေးအောက်က လက်ကလေးတွေ
တဆတ်ဆတ်တုန်မနေစေနဲ့ ငြိမ်းငြိမ်း။
မင်းနှာခေါင်းက အစာသွင်းပိုက်ကို
ဖြုတ်မပစ်နဲ့ ငြိမ်းငြိမ်း။
ပြီးတော့ ဆံပင်တွေမရှိတော့တဲ့
ခေါင်းကို တစ်ဖက်စောင်းကျမသွားစေနဲ့ ငြိမ်းငြိမ်း။

နောက်ဆို...အခုလို..
"လာရောက်လှူဒါန်းကျွေးမွေးသူတွေ ကျန်းမာပါစေ"လို့ မအော်ရတော့ဘူး။
အလှူရှင်မရှိတဲ့နေ့တွေ ဆန်ပြုတ်သောက်စရာမလိုတော့ဘူး။
ဆောင်းတွင်းညတွေမှာ စောင်မလုံမလောက်နဲ့
ဘ၀တူအချင်းချင်း ဖက်အိပ်စရာမလိုတော့ဘူး။
သိပ်လိုချင်တဲ့ ကလစ်လှလှလေးတွေကို ငေးငေးနေစရာမလိုတော့ဘူး။
ပြီးတော့...ငါတို့ရင်ခွင်ထဲကို တိုးတိုးပြီး ငိုစရာမလိုတော့ဘူး ညီမလေး။

သံတွန်းလှည်းကြီးကို တွန်းလာနေကြပြီ။
ဂျိမ်း ဂျိမ်း ဂျရိမ်း ဆိုတဲ့ သံဘီးတွေရဲ့အသံဟာ
ငြိမ်းငြိမ်း..၊ ငြိမ်းငြိမ်း...လို့အော်နေတာလား
ငါတို့ မသဲကွဲတော့...
ငါတို့မျက်ရည်မကျခင်
လက်အေးအေးကလေးကို လွှတ်လိုက်တော့မယ်
ငြိမ်းငြိမ်း။

နောက်ထပ်လောကသစ်တစ်ခုမှာ..
ဘ၀အမောတွေ ငြိမ်းပါစေတော့ ညီမလေးရေ
မင်းအဖေစစ်စစ်ရဲ့ လက်ကို တစ်ဖက်ကကိုင်
မင်းအမေစစ်စစ်ရဲ့ လက်ကို တစ်ဖက်ကဆုပ် လို့
ငြိမ်းချမ်းမှုမှာ ပန်းပွင့်အစစ်တွေပွင့်ပါစေတော့
ဒီနေ့ဒီကမ္ဘာမှာတော့
တစ်သက်လုံး မငြိမ်းခဲ့ရတဲ့ ငြိမ်းငြိမ်း..
ငြိမ်းငြိမ်းချမ်းချမ်းဖြစ်သွားတဲ့အကြောင်း
ငါတို့လူမသိသူမသိ ထိုင်တွေးနေဦးမှာပါ
ညီမလေးရယ်။


ဟိန်း

14.2.13

(ပြည့်စုံသောဘ၀ပိုင်ရှင်လူငယ်တို့ ပျော်ကြပါးကြ၊ လည်ကြပတ်ကြတဲ့ ဒီနေ့မှာ သေခြင်းတရားဟာလည်း လည်လို့ပတ်လို့ပါပဲ။ သူများတကာတွေ လက်ဆောင်တွေဖလှယ်ကြ ပေးကြတဲ့အခါမှာ သေခြင်းတရားဟာလည်း ပေးလို့ကမ်းလို့ပါပဲ။ ၃ရက်တစ်ခါ ကျွန်တော်သွားသွားနေတဲ့ မိဘမဲ့ကလေးကျောင်းလေးက အသက် ၁၂ နှစ်အရွယ် ညီမလေးငြိမ်းငြိမ်းကိုလည်း ရောဂါဆိုးကြီးတစ်ခုလက်ဆောင်ပေးလို့ ဒီနေ့နေ့လည် ၁နာရီမှာပဲ ခေါ်သွားခဲ့ပါတယ်။ အကိုကြီးတွေလာပြီဟေ့..ဆိုပြီး အိပ်ယာပေါ်ကလူးလဲထတတ်တဲ့ ညီမလေးငြိမ်းငြိမ်း ကောင်းရာသုဂတိလားပါစေဗျာ။ နောင်ဘ၀ဆက်တိုင်းဘ၀ဆက်တိုင်းလဲ ဒီလို မိမဲ့ဖမဲ့ ဘ၀မျိုး၊ သူများလှူဒါန်းမှ စားရတဲ့ဘ၀၊ သူများပေးမှ ၀တ်ရတဲ့ဘ၀မျိုး ဘယ်တော့မှ မကြုံပါစေနဲ့တော့လို့ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။)

No comments:

Post a Comment