အခြားအခြားသော ကမ္ဘာ့နိုင်ငံအသီးသီး၌ ဘယ်လိုရှိလေမလဲ ဆိုသည်ကိုဖြင့် ကျွန်တော်မသိပါ။ ကျွန်တော်တို့နိုင်ငံတွင်ကား ကဗျာဆရာတွေက အခြေခံလူတန်းစားတွေပဲဖြစ်လေ့ရှိပါသည်။ ဒါကြောင့်မို့လို့လားမသိ။ ကဗျာဆရာ မှန်သမျှ လူထုနှင့် အကြားအလပ်မရှိ ထိတွေ့ဆက်စပ်နေလေ့ရှိပါသည်။
လူထုစားသလို ကဗျာဆရာစား ၊ လူထုသွားသလို ကဗျာဆရာသွား၊ လူထုနားသလို ကဗျာဆရာနားကြမြဲ ဆိုသည်ကိုဖြင့် အထူးရှင်းပြစရာမလိုအပ်တော့ဟုပင် ကျွန်တော်ထင်မိပါသည်။ ဒါကြောင့်လည်း ကဗျာဆိုတာ လူထုရင်ခုန်သံဖြစ်နေတာပဲ မဟုတ်ပါလား။
မြို့ပြ၏ လက္ခဏာရပ်များထဲတွင် အများသုံး ဘတ်စ်ကားများသည်လည်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။ သွေးကြောများကို လှည့်ပတ်စီးဆင်းနေသည့် အစိတ်စိတ်အမွှာမွှာသော ယာဉ်ကြောတွေပေါ်မှာ အများသုံး ဘတ်စ်ကားတွေဥဒဟို လူးလားခေါက်တုံ့နေကြပါသည်။ သည်ဘတ်စ်ကားတွေထဲ ပြည့်သိပ်ကျပ်ညပ်ကာ မတ်တပ်တွဲလဲလိုက်ပါသွားနေကြသူတွေက ကျွန်တော်တို့အခြေခံလူတန်းစားများ။
သည်အထဲမှာ ကဗျာဆရာတွေလည်း ပါပါသည်။ ဒဏ္ဍာရီလာလက်နှင့်ထိသမျှ ရွှေဖြစ်သလို ဘာနဲ့တိုးတိုး ကဗျာလိပ်ပြာနိုးလေ့ရှိသောကဗျာဆရာတို့ကတော့ ဘတ်စ်ကားစီးသည်ကပဲ ကဗျာဖြစ်၍နေပြန်ပါသည်။
ကျွန်တော်က ဘတ်စ်ကားမှတ်တိုင်ကလေးမှာ ရပ်နေရတိုင်း ဘတ်စ်ကား၏သယ်ဆောင်ရာကို လိုက်ပါနေရလေတိုင်း ရန်ကုန်မြို့၌ ဘတ်စ်ကားစီးသူ ကဗျာဆရာနှစ်ယောက်ကို သွားသွားပြီးသတိရနေမိသည်မှာ မကြာခဏပဲဖြစ်ပါသည်။
တစ်ဦးသောကဗျာဆရာက အောင်ချိမ့်။
နောက်ကဗျာဆရာတစ်ယောက်က မိုဃ်းဇော်။
အများသုံးကားများ စီးတဲ့အခါ
လမ်းများက ဖြောင့်လို့ဖြူးလို့
ငါတို့ နောက်ပြောင်နေခြင်းမဟုတ်ပါ။
ငါတို့ နောက်ပြန်ကြီး သွားနေတယ်။
ငါတို့ ဘေးတိုက်ကြီး သွားနေတယ်။
ငါတို့တွေ အများသုံးကားများ စီးတဲ့အခါ။
သည်ကဗျာက ကဗျာဆရာအောင်ချိမ့်၏လက်ရာဖြစ်ပါသည်။ သူ ပြဇာတ်မင်းသား ကဗျာစာအုပ်ထဲမှာ သည်ကဗျာကို ဖော်ပြထားပါသည်။ ကျွန်တော် စကားဦးသမ်းထားခဲ့သလို ဘတ်စ်ကားစီးသည့် ကဗျာပဲဖြစ်ပါသည်။ ကျွန်တော်ကတော့ သမိုင်းအဆက်ဆက် ပေါ်ထွန်းခဲ့ကြသည့် ခေတ်များ၊ ၀ါဒများ၊ အစိုးရများ ပြီးတော့ နောက်ကလိုက်ကြရသည့် လူများကိုသတိရနေမိသည်။ စိတ်ပါသူတွေရော စိတ်မပါသူတွေရော Yes တွေရော No တွေရော။ ခေါင်းညိတ်ခြင်းတွေရော ခေါင်းခါခြင်းတွေရော။ ဒါကို ကဗျာဆရာက နောက်ပြန်ကြီးတွေတဲ့။ ဘေးတိုက်ကြီးတွေတဲ့။ ဘတ်စ်ကားပေါ်မှာ ဖြစ်သလို အနေအထားနဲ့ အရှေ့ကို ပါသွားခဲ့ကြပုံ။ သမိုင်း၌ ဘေးတိုက် နောက်ပြန် လိုက်ပါခဲ့ကြပုံ။
ကြေးစား
မွန်းကျပ်နေရတဲ့အထဲ
အိမ်အပြန် အလုပ်သမလေးရဲ့
ဣနြေ္ဒသိက္ခာကို
မထိပါးလိုဘူး။
လော်ရန်ဇို ဆက်တီပေါ်မှာ
မာတီနီနဲ့ ဇိမ်ကျနေတဲ့
ကျားသစ်မတွေရဲ့ သွေးညှီနံ့ကိုသာ
တစိမ့်စိမ့်အရသာခံချင်တယ်။
ကြိုက်ရင်ခေါ်လိုက်လေ
ကော်ဖီတစ်ခွက်နဲ့ လိုက်ခဲ့ဖို့ဝန်မလေးသူ
သူ့နာမည်က မိုဃ်းဇော်
ဒါမှမဟုတ်
ခေတ်ကြီးရဲ့ တန်ဖိုးအကြီးဆုံးယဇ်ကောင်တဲ့။
ဒါကတော့ ကဗျာဆရာမိုဃ်းဇော်၏ ကဗျာ။ သူ့ "ကြေးစား" ကဗျာစာအုပ်ထဲက ကဗျာ။ ဒါကလည်း ဘတ်စ်ကားပေါ်ကပဲ ထွက်ကျလာသည့်ကဗျာ။ အကျီင်္ကလေးတွေကလည်း တွန့်ကြေလို့ မျက်နှာကလေးတွေကလည်း တွန့်ကြေလို့ လက်ထဲမှာ တွန့်ကြေနေတဲ့ ပိုက်ဆံကလေးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ အလုပ်သမကလေးတွေရဲ့ ဘတ်စ်ကား။
ကျောချင်းကပ် ရင်ချင်းအပ် ပွတ်သပ်တိုးဝှေ့နေရသည့် ဘတ်စ်ကားပေါ်မှာ ဘ၀တူ လိုက်ပါစီးနင်းနေရသူအချင်းချင်း သည်မိန်းကလေးတွေအပေါ် အသားမယူလိုပါဘူးတဲ့။ မထိပါးလိုပါဘူးတဲ့။ ရိက္ခာမယူလိုပါဘူးတဲ့။
ဒါပေမယ့် ရွှေဖိနပ်ကို ရှပ်တိုက်စီးနိုင်သော အလွှာက ရမ္မက်မီးလျှံကို ထွန်းညှိဖို့ တောင်းဆိုလာခဲ့ရင်တော့ ကော်ဖီတစ်ခွက်နဲ့လည်း ကြေးစားလိုက်ဖို့ ၀န်မလေးသူပါတဲ့။ ကဗျာဆရာ မိုဃ်းဇော်က။ ဘ၀တူချင်း စောင့်ရှောက်အပ်သော ကိုယ်ကျင့်တရားကို ဖွဲ့ဆိုသော ကဗျာ။
ကဗျာဆရာတွေ ဘတ်စ်ကားစီးတော့လည်း ဘတ်စ်ကားက ကဗျာဖြစ်ပြန်ပါသည်။ ကဗျာဆရာအောင်ချိမ့်က ခေတ်တွေ လူတွေ သဟဇာတမဖြစ်ဘဲ တရွတ်တိုက်ကြီးဖြစ်နေပုံကို ဘေးတိုက် နောက်ပြန် လိုက်ပါသွားကြပုံနှင့် ကဗျာဖွဲ့သည်။ ကဗျာဆရာမိုဃ်းဇော်ကတော့ ဘ၀တူချင်း စာနာစိတ်ကိုဖွဲ့ပါသည်။
ဘတ်စ်ကားတွေ မှတ်တိုင်တွေမှာ ၀င်လျက်ထွက်လျက်
လူတွေကလည်း ဆင်းလျက်တက်လျက်။
မောင်သာချို
ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း
ဒီဇင်ဘာ ၊ ၂၀၀၉
No comments:
Post a Comment