ဆရာကြီးဂျက်၏ မွေးနေ့သဘင်
ကုန်ဆုံးလွန်မြောက်ခဲ့ပြီး ဖြစ်လေသည့် ဥသြတွန်ကျူး နွေဦးကာလ အခါသမယ
ရက်ကလေးများဆီ၌ ကျွနိုပ်ဆရာကြီးဂျက်ကွမ်းခြံကုန်းသည် မိမိ၏ဇာတိချက်ကြွေ
သပွတ်အူမွေးဌာနေသို့ ခေတ္တခဏ ပြန်လည်ရောက်ရှိကာ အနားယူလျက်
ရှိခဲ့လေချေသည်တမုံ့။ စင်စစ်ကျွန်ုပ်သည် မိမိ၏ မွေးမြေသပွတ်အူဌာနေသို့
ရံဖန်ရံခါ ပြန်ပြန်လာလေ့ရှိသည်မှာ မှန်သော်လည်း အများအားဖြင့်မူ
မြို့တော်ရန်ကုန်၌သာ အနေများပြီး စာပေလောကသားတို့အလယ်၌
တင့်တယ်ဝင့်ကြွယ်နေခဲ့သူတစ်ဦးဖြစ်ဘိချေ၏။ သို့စင်လျက် လွန်လေပြီးသည့်
အနှီနွေရက်များတုန်းကမူ ကျွန်ုပ်တစ်ယောက်သည် သပွတ်အူဝန်းကျင်၌
တော်တော့်ကိုပင်လျှင် အချိန်ကုန်ခဲ့ပါလေသည်။ အကြောင်းမှာကား ကျွန်ပ်ရင်ထဲ၌
မထွေးနိုင် မအန်နိုင် မ၀ါးနိုင် မမျိုနိုင်နှင့် အစိုင်အခဲကြီးတစ်ခု ပမာ
ဝေဒနာတစ်ခု ကပ်ငြိနေခဲ့သောကြောင့်ပါပေတည်း။ အနှီမထွေးနိုင်
မအန်နိုင် မ၀ါးနိုင် မမျိုနိုင် ဝေဒနာအစိုင်အခဲကြီးတစ်ရပ်ကို မိမိအရပ်သို့
မိမိပြန်ရောက်နေသည့်အခိုက် ဘဇာသို့သောအချိန်တွင် ဘယ့်နှာသို့သော
ပုဂ္ဂိုလ်များ၏ ရှေ့မှောက်၌ ရင်ဖွင့်ရသော်ကောင်းပါလေစဟု
ကျွန်ုပ်အကြံအိုက်နေမိသည့် ရက်များသည်ကား သပွတ်အူတွင် မွေ့လျော်ဖွယ်အတိ
ဖြစ်သောရက်များဖြစ်ပါ၏။ အကြောင်းကားသပွတ်အူ ရွာထိပ်ရှိထန်းတောကြီးတွင်
ထန်းပွင့်ထန်းခိုင် ရွှန်းမြိုင်မြိုင်နှင့် ထန်းရည်လှိုင်လှိုင် ရသောရက်များ
ဖြစ်နေ၍ ပါပေတည်း။ ကျွန်ုပ်သည် သပွတ်အူတွင်ရှိနေစဉ် ရက်များအတွင်း
နေမွန်းတိမ်းသည်နှင့် ထန်းတောထဲသို့ ရောက်နေလေ့ရှိပြီး နေ၀င်ရီတရောသော်မှ
မပြန်နိုင်သောဂျက် ဖြစ်ခဲ့ရပါ၏။ သပွတ်အူ တစ်လွှားမှ စာပေသမားတို့သည်ကား
ကျွန်ုပ်အပါးတွင် အမြဲတမ်း တရုန်းရုန်းနှင့် ကဗျာတွေ ရွတ်လိုက်ကြ။ မအေနှမ
ဆဲလိုက်ကြ။ တစ်ယောက်ငယ်ကျိုး ငယ်နာကို တစ်ယောက်က အော်လိုက်ကြနှင့်။
အလွန်ပင် ပျော်စရာကောင်းလှပါ၏။ အနို့နှင့် တစ်ခုသော ထန်းရည်မူးသည့်
ညနေကလေး တစ်ညနေတွင်ကား သပွတ်အူ တစ်လွှားမှ အနုသုခုမသမားကလေး
တစ်သိုက်တို့မူးလိုက် ရူးလိုက် ဖြစ်နေကြသည့် အခိုက်ဝယ် ကျွန်ုပ်က
အလစ်အငိုက်ကိုစောင့်ပြီးသကာလ ကျွန်ုပ်၏ ရင်ထဲ၌သိုမှီးထားခဲ့ရလေသော
ဝေဒနာအစိုင်အခဲကြီးကို ရုတ်တရက်ဆိုသလို
ထုတ်ဖော်ဖွင့်အန်ချပြလိုက်ခဲ့ပါတော့သည်။
"ကျွန်ုပ်အနေနှင့် ကျွန်ုပ်၏ မွေးနေ့သဘင်ကို ၀ှဲချီးကျင်းပလိုလှတယ် အဆွေတို့"
ယင်းကား ကျွန်ုပ်၏ တစ်ခွန်းတည်းသောဝေဒနာကိုကြေညာလိုက်သည့် စကားသံပေတည်း။
အနို့သောအခါ မူးလက်စ ရူးလက်စ အနုသုခုမသမားကလေးတစ်သိုက်သည် ခေတ္တမျှငြိမ်သက်၍
သွားပေ၏။ ၄င်းနောက် မျက်ထောင့်နီကြီးများဖြင့် ကျွန်ုပ်ကို
ဝိုင်းဝန်းကြည့်နေကြပြန်ပါသေး၏။ ယင်းနောက် စဉ်းငယ်မျှ
အချိန်လင့်သွားပြီးသည့်အခါတွင်မှ ဂျက်ကွမ်းခြံကုန်း၏ မွေးနေ့သဘင်
ဝှဲချီးဆင်ယင် ကျင်းပသင့်သည့် အကြောင်းများကို တစ်ယောက်တစ်ပေါက်
ဗလုံးဗထွေးဆိုသလို ပြောကြဆိုကြပါလေကုန်သတည်း။
မှန်ပါသည်။
ကျွန်ုပ်ဂျက်ကွမ်းခြံကုန်းသည် မိမိ၏မွေးနေ့သဘင်ကို အတော့်ပင်လျှင်
ဝှဲချီးဆင်ယင်ကျင်းပချင်နေမိခြင်း ဖြစ်ပါသည်။ မှတ်မှတ်ရရ သည်ဘက်ပိုင်း
လေးငါးနှစ်တာကာလ အရွယ်ကလေး နည်းနည်းရောက်လာသောအခါ အနှီရောဂါကြီးသည်
ဂျက်ထံသို့ ဘယ်က ဘယ်လို ၀င်ရောက်လာသည်မသိ ရုတ်တရက်ဆိုသလို
ကပ်ငြိလာပြီးသည့်နောက် အားချင်းဆိုသလို ကြီးထွားအားကောင်းလာခြင်းဖြစ်ပါ၏။
မွေးနေ့သဘင် ကျင်းပစမ်းချင်ငဲ့လေ။
စင်စစ် ကျွန်ုပ်သည် မွေးနေ့ပွဲ
တော်တော်များများကို တက်ရောက်ဖူးသူဖြစ်ပါ၏။ စာရေးဆရာ ကဗျာဆရာကြီး
ဒဂုန်တာရာ၏မွေးနေ့ပွဲဆိုလျှင် အကြိမ်ကြိမ်ဆိုသလိုကို ရောက်သွားဖူးပါ၏။
လူကြီးလူငယ်လူရွယ်လူလတ် ၀င်ကြထွက်ကြ သွားကြလာကြ ဂျက်အတော့်ကို
အားကျမိခဲ့သည်။ ထို့အတူ မန္တလေးမြို့မှ သတင်းစာဆရာစာရေးဆရာမကြီးလူထုဒေါ်အမာ၏
မွေးနေ့ပွဲဆိုလျှင်လည်း ဂျက် မကြာမကြာရောက်သွားဖူးပါသည်။ အညာအကြေ
တောင်ပေါ်မြေပြန့်နှံ့စပ်စုံလင် ၀င်ကြထွက်ကြသွားကြလာကြ ဂျက် အတော့်ကို
အားကျမိခဲ့ပြန်သည်။ ဆိုကြစို့ရဲ့ အနှီသို့သော ပွဲလမ်းသဘင်များ၌
ဝင်ထွက်သွားလာရင်းမှ ကာလအတန်ကြာသည်ရှိသော် မိမိသည်လည်း
မိမိ၏မွေးနေ့ပွဲကလေးကို ၀ှဲချီးဆင်ယင်ရသော်သင့်ပေအံ့လတ္တံ့ဟု
အတွေးဝင်လာမိရာမှ ရောဂါသည်းထန်လာရခြင်း ဖြစ်ပါချေ၏။
ယခုမူကား
မွေးနေ့ပွဲ ဆင်နွှဲလိုသော ကျွန်ုပ်၏ ရင်တွင်းခံစားချက်ကြီးကို
သပွတ်အူရွာထိပ် ထန်းတောထဲ၌ ဒေသခံအနုသုခုမသမားကလေးတို့ ရှေ့မှောက်၌
လှစ်ဟခဲ့မိချေပြီ။ သင်းကလေးတို့လည်း မူးမူးရူးရူးနှင့် လုပ်သင့်ကြောင်း
ထောက်ခံခဲ့ကြချေပြီ။ မတ်လ ၁၁ရက်၊ အင်္ဂါနေ့တွင် မွေးဖွားခဲ့ဘိလေသော
ကျွန်ုပ်အဖို့၌ကား အဘယ်မှာလျှင် နောက်ဆုတ်ရန် သင့်ပါလေအံ့နည်း။
♦ ♦ ♦
"ကိုရင်တို့တစ်တွေ ပြောကြတုန်းက လွှတ်စည်မယ့်ပွဲကလေးဆို ဘယ့်နှယ်"
ယင်းကား ကျွန်ုပ်ဂျက်ကွမ်းခြံကုန်း၏ မွေးနေ့သဘင်ဝှဲချီးဆင်ယင်သောနေ့က တစ်နေ့တာလုံးလိုလို ပြောဆိုနေဘိခဲ့ရသော စကားပေတည်း။
ကျွန်ုပ်ကား ကျွန်ုပ်၏မွေးနေ့ပွဲကို သပွတ်အူရွာဦးမှ
မောင်စိုးမြင့်ကလေးတို့၏ ထန်းတောထဲတွင် ကျင်းပရန်စီစဉ်ထားခဲ့ခြင်း ဖြစ်ပါ၏။
ထန်းရည်ကြိုက်သလောက်သောက်ကြ။ စားစရာကတော့ ဆတ်သားကင်၊ ယုန်ကင်၊ အမဲကင်၊
ငါးကြင်းကင်၊ ကြက်အသည်းအမြစ်ကင် ကြိုက်သလောက်ယူစား။ သပွတ်အူကျေးရွာမှ
စာပေသမားလေးများသာမက ရွာနီးချုပ်စပ်မှ အနုသုခုမသမားတိုင်းကို
ဖိတ်ကြားထားခြင်းဖြစ်ရာ အတော့်ကို ၀က်ဝက်ကွဲကွဲ စည်မည့်ပွဲဟု
ထင်မှတ်ထားခဲ့ပါ၏။ ထန်းတောအ၀င်တွင်ကား"ပြိုင်စံမပေါ် နိုင်ငံကျော်
ဆရာကြီးဂျက်၏ မွေးနေ့သဘင်"ဟူသော စာတန်းပါ ပိတ်ကားကြီးကို
ထန်းပင်နှစ်ပင်တွင် ဆွဲချည်၍ ထားပါ၏။ မွေးနေ့မင်္ဂလာအချိန်မှာကား
မွန်းတိမ်းမှသည် ညနေရီချင်သလောက်ရီအထိ။
ပြောရလျှင် ထိုနေ့က
ကျွန်ုပ်၏ မွေးနေ့ပွဲဖြစ်မြောက်ရန်အတွက် စိတ်ပါလက်ပါ ကူညီကြသူများမှာ
ကဗျာသမားလေးနှစ်ဦးသာဖြစ်ပါ၏။ နှစ်ဦးစလုံး ကဗျာကလေးတစ်ပုဒ်စ၊
နှစ်ပုဒ်စဆိုသလို ရေးပြီးနောက် ဘာမှဖြစ်ဖြစ်မြောက်မြောက်ထပ်မလုပ်တော့ဘဲ
ထန်းတောထဲတွင်သာ ဘ၀ကိုနှစ်မြုပ်ထားလိုက်ကြသူများ ဖြစ်ပါ၏။
ထိုနေ့က
အနှီပုဂ္ဂိုလ်နှစ်ဦးနှင့် ကျွန်ုပ်တို့သည် ထန်းရည်တစ်မြူပြီးတစ်မြူ
သောက်ကြရင်း မွေးနေ့ပွဲလာ ပရိသတ်အား စောင့်ခဲ့ကြရာ နေအတော်စောင်းသည်အထိ
တစ်ဦးတစ်ယောက်မျှ ပေါ်မလာခဲ့ပါချေ။ ကျွန်ုပ်တို့သုံးယောက်သားသာလျှင်
ထွေပြီးရင်း ထွေနေခဲ့ကြခြင်းဖြစ်ပါ၏။ လူစုံလျှင် မိန့်ခွန်းပြောအံ့ဟု
အားခဲထားခဲ့လေသော ကျွန်ုပ်မှာကား ကြာလေနေမထိထိုင်မသာ ဖြစ်လေနှင့် စိတ်ထဲက
မရိုးမရွ ဖြစ်လာလေတိုင်း "ကိုရင်တို့တစ်တွေ ပြောကြတုန်းက လွှတ်စည်မယ့်
ပွဲကလေးဆို ဘယ့်နှယ်"ဟူသော စကားကိုသာ တွင်တွင်ပြော၍ နေရချေသည်တမုံ့။
♦ ♦ ♦
"ဂျက်ရဲ့မွေးနေ့ပွဲကို တက်ဖြစ်အောင် တက်ကြစမ်းပါလို့ တလေးတစားဖိတ်ပါလျက်
ဘယ်သူမှ ရောက်မလာကြဘူးဆိုလေတော့ ကိုယ့်မှာ ဘာတွေများခွင့်မလွှတ်နိုင်တဲ့
အမှားတွေ လုပ်ဖူးခဲ့လို့လဲ ကိုရင်လေးတို့ရဲ့ ဟင် ပြောကြစမ်းပါ"
နေကား အတော့်ကို စောင်းသွားခဲ့ချေပြီ။ ထန်းတောထဲတွင်ကား ကျွန်ုပ်နှင့်
ကဗျာသမားကလေးနှစ်ဦးတို့သည် ခေါင်းငိုက်စိုက်ချကာ
အာလေးလျှာလေးကြီးများနှင့် ဘယ်သူမှမလာသော မွေးနေ့သဘင်ကို
ဝှဲချီးဆင်ယင်နေကြရပါ၏။ ကျွန်ုပ်က ခံစားချက်တွေကို သွန်ချနေလိုက်။
သကောင့်သားနှစ်ယောက်က ၀ုတ်တယ် ၀ုတ်တယ်နှင့် ထောက်ခံနေလိုက်။
"ကိုယ်မေးနေတာကို ဖြေကြစမ်းပါဦးလေ ကိုရင်လေးတို့ရဲ့ ကြိုက်သလိုသောက်၊
ကြိုက်သလိုစား။ အားလုံးကို ဖိတ်ကြားထားပါလျက်ကနဲ့ ခွေးတစ်ကောင်
ကြောင်တစ်မြီးမှတောင် ကိုယ့်မွေးနေ့ကို မလာကြဘူးဆိုတော့ ကိုရင်လေးတို့ရဲ့
ဆရာကြီးဂျက်မှာ ဘာတွေများ မလေးစားလောက်စရာ အပြစ်တွေရှိနေခဲ့လို့လဲလို့"
ကျွန်ုပ်ကားရင်ထဲတွင် တစ်လုံးပြီးတစ်လုံး လှိမ့်၍လှိမ့်၍
တက်လာသည့်ခံစားချက်လှိုင်းလုံးကြီးများကို ထန်းရည်ဖြင့်ဖိ၍ဖိ၍ချရင်း
လှစ်ဟပြီးရင်းသာ လှစ်ဟ၍နေမိပါချေ၏။ သကောင့်သားကဗျာဖွဲ့သူနှစ်ယောက်ကမူ
ထန်းရည်တစ်ခွက်မော့ချနေလိုက်။ ယုန်ကင်တစ်ဖတ်ကို ကောက်ဝါးနေလိုက်။
မျက်ထောင့်နီကြီးဖြင့် ကျွန်ုပ်ကို လှမ်းကြည့်နေလိုက်။
မှန်ပါသည်။
ကျွန်ုပ်ကား ခွင့်လွှတ်နိုင်လောက်သည့်
အမှားကလေးနည်းနည်းပါးပါးလုပ်မိသည်မှတပါး အပြစ်ကင်းသူဖြစ်ပါသည်။
ဂျက်သမိုင်းကား မရိုင်းခဲ့ပါ။ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့
သိမ်းပိုက်ထားစဉ်ကာလ သာယာဝတီနယ်ဘက်မှ ထကြွခဲ့သောသူပုန်ကြီးဆရာစံကို
ဖမ်းမိသွားခဲ့လေသောအခါ ကျွန်ုပ်က "မိုက်လုံးကြီးပြန် ဆရာစံ"ဟူသော
ခေါင်းစီးဖြင့် ကဗျာတစ်ပုဒ် ဖွဲ့မိခဲ့ဖူးပါ၏။ ယင်းကားခွင့်လွှတ်မည်ဆိုက
ခွင့်လွှတ်၍ရလောက်သော အမှားကလေးမျှသာဖြစ်ပါ၏။ တစ်ဖန်
ဂျပန်ခေတ်ကအဖြစ်ကလေးတစ်ခု ရှိပါသေး၏။ အင်္ဂလိပ်အထွက်
ဂျပန်အ၀င်ဖက်ဆစ်မုန်တိုင်းကြီး တိုက်ခတ်လာစဉ်ကာလများလောက်က ဂျက်တို့၏
သပွတ်အူကျေးရွာသို့လည်း ဖက်ဆစ်ဂျပန်တို့ ၀င်ရောက်လာခဲ့ပါသေးသည်။ ထိုအခါ
ကျွန်ုပ်ဂျက်ကပင် ဦးဆောင်ပြီး ရွာထဲရှိ အိမ်များမှ ငွေကောက်ကာ
ကြိုဆိုပွဲတစ်ခုလုပ်ပေးခဲ့ပါ၏။ အရက်နှင့် ကြက်သားနှင့်။ မာစတာတို့ကို
ဧည့်ခံသောညကဆိုလျှင် ဂျက်ကိုယ်တိုင် အမြန်ဖွဲ့ဆိုခဲ့သော "ဖက်ဆစ်မှာလည်းအသည်းနဲ့ပါ"သီချင်းနှင့် "ဖက်ဆစ်တိုင်း
လူဆိုးမဟုတ်ပြီ"သီချင်းတို့ကို ဂျက်ကိုယ်တိုင်ပင် ဆိုတီးကလေးနှင့်
ဧည့်ခံခဲ့ရပါ၏။ နောက်လေးငါးရက်လောက်ကြာသောအခါ၌မူကား
ဖက်ဆစ်တော်လှန်ေ၇းအတွက် ကြိုးပမ်းနေသော ထွန်းအောင်ကြီးနှင့်တကွ
သူ့နှမကလေးကိုပါ မာစတာတို့လက်ထဲထည့်ပေးလိုက်နိုင်ခဲ့ပါသည်။ ယခုဆို
ထွန်းအောင်ကြီးရော သူ့နှမလေးရောမရှိကြရှာတော့။ ဒါတွေကလည်း အတိတ်ကို
အတိတ်မှာပဲ ထားခဲ့ကာ မေ့ပစ်မည်ဆိုလျှင် မေ့ပစ်နိုင်သည့် ကိစ္စ။
အဲ.. ဂျပန်အထွက် အင်္ဂလိပ်ပြန်အ၀င်မှာလည်း မှားတယ်ဆိုလျှင် မှားတယ်ဟု
ဆိုနိုင်သည့် ကိစ္စကလေးတချို့ ဂျက်လုပ်ခဲ့ဖူးပါသည်။ သည်တုန်းက ကျွန်ုပ်က သူတစ်ပါးလက်အောက်တွင် နေရခြင်း၏ ကောင်းကွက်ကလေးများကို စုစည်းရှာဖွေကာ"သူ့ကျွန်ဘ၀မှအိပ်မက်လှလှများ"ဟု ဆိုပြီး ၀တ္ထုရှည်တစ်ပုဒ်ပင်
ရေးထုတ်လိုက်ခဲ့ပါသေး၏။ ဘာပဲဖြစ်ဖြစ် ဒါတွေကလည်း
ပြောပလောက်သည့်အမှားများတော့ မဟုတ်တန်ရာပါ။
အနို့ကြောင့်ပင်
ကျွန်ုပ်က ကျွန်ုပ်၏ မွေးနေ့ပွဲသို့မလာဘဲ မလေးမစားလုပ်ကြခြင်းမှာ လွန်စွာမှ
ရိုင်းစိုင်းလှကြောင်းများကို နှစ်ဦးတည်းသော ကဗျာရေးသူသကောင့်သားများအား
အလုံးစုံရင်ဖွင့်ခဲ့မိပါလေ၏။
"အနို့ နေစမ်းပါဦး ဆရာဂျက်ရဲ့
အင်္ဂလိပ်လက်ထက်က အရေးပိုင်ကြီးတစ်ယောက်
သပွတ်အူနယ်ဘက်ကိုရောက်လာတော့"အရေးပိုင်ဂုဏ်ရည်"ဆိုတဲ့ ခေါင်းစဉ်နဲ့
ကဗျာပြိုင်ပွဲလုပ်တာ ဆရာဂျက် ၀င်ပြိုင်တော့ ပထမရဆို"
"အေးလကွာ၊ ဒါကလည်း စိတ်ထဲပါလို့မှ မဟုတ်တာ"
ကျွန်ုပ်စကားတို့သည်ကား ဤမှာပင် တန့်ခနဲ ရပ်သွားခဲ့ပါပြီ။
ကျွန်ုပ်နှင့်အတူ ထိုင်သောက်နေသော ကဗျာသကောင့်သားတစ်ယောက်က
မူးမူးရူးရူးနှင့် ပုလင်းတစ်လုံးကို ကောက်ကိုင်ကာ ကျွန်ုပ်ဦးခေါင်းဆီသို့
လှမ်းရိုက်လိုက်သည်ကို ရိပ်ခနဲတွေ့လိုက်ရပြီး ခွပ်ခနဲအသံကိုပါ ကြားလိုက်ရ၏။
၎င်းနောက် ကျွန်ုပ်သတိမလစ်သွားမီ ကြားနေရသော ၀ိုးတ၀ါးအသံများ။
"ရာရာစစ မွေးနေ့ လူမလာတာ အပြစ်တင်နေတယ်။ ထွီ ..... နားထောင်ရင်း
နားထောင်ရင်းနဲ့ အဟုတ် အော်ဂလီဆန်လာတယ်။ သည် ခွေးနွားကြီးကြောင့် ရွာနာနေတာ
ငါ ထပ်ရိုက်လိုက်ရကွာ"
ဂျက်ကွမ်းခြံကုန်း
၁၉၉၉၊သြဂုတ်
No comments:
Post a Comment