Thursday, March 7, 2013

သူရဲကောင်းအပေါင်းနှင့် ကဗျာဆရာများအား အလွန်အမင်းအားနာမိခြင်း


"ကဗျာဆရာတွေက သူရဲကောင်းတွေရဲ့အသားကိုကြိုက်တယ်
အသေရရ အရှင်ရရ။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုပေးသလို သူတို့ကိုကဗျာရေးကြတယ်။"

ကဗျာဆရာခရမ်းပြာထက်လူ က သူ၏ကဗျာတစ်ပုဒ်တွင် ဤသို့ရေးခဲ့သည်။

စစ်မှန်သောကဗျာဆရာတို့နှင့် စစ်မှန်သောသူရဲကောင်းတို့ဆိုတာက ခေတ်အဆက်ဆက်တွင် မခွဲမခွာတွေ့ရသော သမိုင်းမှတ်တိုင်များပင်ဖြစ်သည်။ ဂန္ဒီအကြောင်းကဗျာများ၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကဗျာများ၊ ငုယင်ဗန်ထရွိုင်းအကြောင်းကဗျာများ၊ ချေဂွေဗားရားအကြောင်းကဗျာများ စသဖြင့် သူရဲကောင်းတို့အကြောင်းကို နှောင်းလူများရင်ထဲတွင် ဆို့ခနဲ၊ နင့်ခနဲဖြစ်အောင်၊ နှောင်းလူများမျက်ဝန်းတွင် မျက်ရည်ဝဲခနဲ၊စို့ခနဲဖြစ်အောင် ဖွဲ့ခဲ့ကြသော ကဗျာအပေါင်းကို ကျွန်တော်တို့ ဖတ်ရှုခဲ့၊ဖတ်ရှုဆဲဖြစ်သည်။ ဒါတွေဒီလိုဆိုလိုက်တော့ မေးစရာကရှိလာပြီ။ ဘယ်လိုပုဂ္ဂိုလ်မျိုးက သူရဲကောင်းလဲ။ မှန်ပါသည်။ သူရဲကောင်းဆိုသည်ကို ကျွန်တော်တို့ ဘယ်လိုစံနှုန်းမျိုးနှင့် တိုင်းတာကြမည်နည်း။ သူ့အသက်အရွယ်လား၊ သူလုပ်ဆောင်ခဲ့သောလုပ်ရပ်များလား၊ သူ၏ဘ၀နိဂုံးအဆုံးသတ်လှခြင်းမလှခြင်းလား။ သည်လိုအချက်များကိုအခြေခံ၍ ငြင်းခုံကြစတမ်းဆိုလျှင် အဖြေကားထွက်ကောင်းထွက်မည်။သို့သော် မှန်ချင်မှမှန်မည်။ ကန့်ကွက်သူများလည်းရှိနိုင်သည်။ အကောင်းဆုံးနည်းလမ်းကတော့ ကမ္ဘာကြီးကို အဆုံးအဖြတ်ပေးခိုင်းလိုက်ခြင်းပင်ဖြစ်၏။ အချိန်တစ်ခုတော့ပေးရမည်။ ကာလတစ်ခုတော့ကြာမည်။ သို့သော်အဖြေမှန်မည်။
ဥပမာဆိုရသော် ချေဂွေဗားယားနှင့်အတူ လက်တွဲ၍ ဂရမ်မာလှေကလေးကိုလှော်ခတ်ကာ တော်လှန်ရေးခရီးကိုစတင်ခဲ့သော ဖီးကတ်စထရိုသည် ၁၉၅၀ပြည့်နှစ်ကာလများဆီကတော့ ကမ္ဘာကြီး၏သူရဲကောင်းတစ်ဦးဖြစ်သည်။ နောက်တွင်တော့ ကျူးဘားနိုင်ငံ၏  အာဏာရှင်အဖြစ် အနှစ်၅၀ခန့် ထိုင်ခုံပေါ်ထိုင်နေချိန်မှာတော့ ကမ္ဘာကြီးက သူ့ကိုသူရဲကောင်းတို့ မှတ်တမ်းမှ ဖယ်ထုတ်ပစ်လိုက်လေသည်။ ထို့အတူ လက်ပံတောင်းတောင်မှ မသွဲ့သွဲ့ဝင်း၊ မအေးနက်။ မကြာသေးမီကပင် နယူးယောက်တိုင်းမ်သတင်းစာကြီးက သူတို့နှစ်ယောက်ကို "လက်ပံတောင်းတောင်မှ မွေးထုတ်ပေးလိုက်သော သံမဏိမယ်များ"ဟု တင်စားခဲ့သည်။ တင်စားချက်ကိုပြန်ကြည့်။ "သံမဏိမယ်များ"ဟုဖြစ်သည်။ ဒါက သူရဲကောင်းဟု မဆိုထိုက်သေးသဖြင့် ထိန်းထိန်းသိမ်းသိမ်းသုံးနှုံးလိုက်ပုံ။ ကမ္ဘာကြီးကို စောင့်ကြည့်ခိုင်းရဦးမည်လေ။ ထို့နောက် ကျွန်တော်တို့မြို့ကလေး၏ စာပေလောကတွင် ဖြစ်ပွားခဲ့သောသမိုင်းတစ်ခု။ သူက အတော်အသင့်စာရေးကောင်းသော ကဗျာဆရာတစ်ဦး။ သူ့ခံယူချက်၊ သူ့အရေးအသားတို့က ယုတ္တိတန်သည်။ နိုင်ငံမကျော်သော်လည်း မြို့ကလေးတွင် သူ့ပရိတ်သတ်ရှိသည်။ ၁၉၉၀ပြည့်နှစ်များအလွန်တွင် မြို့ကလေး၏ စာပေရေစီး၌ သူပါဝင်ကူးခပ်ခဲ့၏။ မှန်သောဘက်၌သူရပ်တည်ခဲ့၏။ သို့သော် ၂၀၀၀ပြည့်နှစ်များအလွန်တွင်တော့ မည်သည့်ဂုဏ်၊ မည်သည့်ရာထူးကို မက်မောသည်မသိ။ လူထုဆန္ဒနှင့်ကွဲလွဲသောနိုင်ငံရေးပါတီတစ်ခု၏ မြို့နယ်အဆင့်ပါတီဝင်တစ်ယောက်အဖြစ် သူ ခံယူခဲ့သည်။ သူ ရေးလေ့ရေးထမရှိသော ကဗျာများကို သူရေး၏။ သူငယ်ချင်းကဗျာဆရာများနှင့် တွေ့လျှင်သူဝန်ခံ၏။ အလွန်ရင်းနှီးသောသူငယ်ချင်းများက သူ၏ရွေးချယ်မှုကို ရှုံ့ချကြ၏။ သူကတုပ်တုပ်မျှ မလှုပ်။ မကြာခင်အချိန်အတွင်းမှာပင် ကိုယ်ပိုင်ကားစီးလာနိုင်သောသူ့ကို စက်ဘီးစီးသောကဗျာဆရာအပေါင်းက မျက်နှာချင်းမဆိုင်တော့။ တမူကွဲပြားသော သမိုင်းကို သူကိုယ်တိုင်ရေးခဲ့ပြီးဖြစ်သည်။

ထားတော့။ ဒါတွေက သူရဲကောင်းအဖြစ်ကမ္ဘာကြီးက သတ်မှတ်ပုံနှင့် ထိုသူရဲကောင်းတို့ကို ကဗျာရေးသော ကဗျာဆရာတို့အကြောင်း။ ဤသည်က သိပ်အရေးမကြီး။ လူတစ်ယောက်ကို လူတစ်ယောက်က သူရဲကောင်းဟုထင်မှတ်နေရုံဖြင့်ပင် ကဗျာရေးလို့ရပြီ။ ဆိုလိုသည်က ကိုယ်ထင်လျှင် ကိုယ်ရေးနိုင်သည်။ ဘယ်သူကမှပြော၍မရ။ ကိုယ်ယုံကြည်ရာကိုယ်ရေးသည်လေ။ ဥပမာ -

"လေးစားမှတ်သား ဟစ်တလာ့စကား"
"ဂန္ဒီကြီးစောစောသေတာသိပ်ဝမ်းသာတယ်"
"ငါတို့သူရဲကောင်းဘင်လာဒင်"
"ချေဂွေဗားယားမရှိမှ ပိုပျော်စရာကောင်းသောကမ္ဘာ"
"မာသာထရီဇာဆိုတာ ကိုယ်ကျိုးရှာတဲ့အဘွားကြီးပဲ"
"ကဒါဖီရေ..ခင်ဗျားကို ကျွန်တော်လွမ်းတယ်"

ထိုသို့သော ခေါင်းစဉ်များဖြင့် ရေးဦးမည်လား။ ရေးလေ။ မည်သို့မှ ကိစ္စမရှိ။ ကမ္ဘာကြီးကသာ ကိစ္စရှိလိမ့်မည်။ထားပါ။ ဒါက အလှမ်းဝေးသေးသည်မဟုတ်လား။ လတ်တလောတော့ ရေးပြီးပြီဟု ဆိုကြပါစို့။ ရေးရဲသည့်သတ္တိ၊ ရေးချင်သည့်စိတ်ကြောင့် ရေးပြီးပြီဟု ဆိုကြပါစို့။ အခုလာမည့်သတ္တိကသာ တကယ်အရေးပါသော သတ္တိဖြစ်သည်။ ကိုယ်ရေးလိုက်သော ကဗျာတစ်ပုဒ်အပေါ်တွင်အများ၏ တုံ့ပြန်ချက်ကို မည်သို့ခံယူမည်နည်း။ ကဗျာရေးသည်ဆိုကတည်းက အများဖတ်ဖို့ရေးနေခြင်းဖြစ်သည်။ "ဟေ့...ငါ့အနုပညာက ဘယ်သူ့အတွက်မှ မဟုတ်ဘူး။ ငါ့အတွက်ငါ ရေးနေတာ"ဟု ဆိုလာလျှင်တော့ ကျွန်တော်တို့မှာ ဆက်ပြောစရာအကြောင်းမရှိ။ ဘယ်သူ့အတွက်မှ မဟုတ်ပါက အိမ်သာထဲတွင် တိတ်တိတ်ရေး၍ အိမ်သာထဲတွင်သာ တိတ်တိတ်ပစ်ခဲ့ပါလေ။ ဆိုလိုသည်က ရေးလိုက်လျှင် ဖတ်သူရှိမည်။ ခံစားသူရှိမည်။ ဝေဖန်သူရှိမည်။ ထိုအရာများကို ကျွန်တော်တို့ဘယ်လိုပုံစံနှင့် ရင်ဆိုင်တုံ့ပြန်ကြမည်နည်း။

"သတ္တိ "ဟူသော စကားက သူ့ချည်းမဟုတ်သေး။ ခွဲခြားစိတ်ဖြာ၍ရသေးသည်။ "Physical Courage"။ ဒါက "ကာယသတ္တိ"ဟု ပြန်ဆိုလျှင် အဆင်ပြေမည်ထင်။ ကာယသတ္တိကား လောကတွင်ထင်သလောက်အရေးမကြီး။ ချက်ချင်းတပ်ဆင်၍ရသည်။ ဦးထုပ်တစ်လုံးဆောင်းလိုက်သလို၊ ဖိနပ်တစ်ရံဝတ်လိုက်သလို၊ ဆိုင်ကယ်တစ်စီးခွလိုက်သလို ချက်ချင်းလုပ်ယူ၍ရသည်။ ကြောက်တတ်သောလူငယ်တစ်ဦးကို ကျည်အပြည့်နှင့်မောင်းတင်ပြီးသားသေနတ်တစ်လက် လက်ထဲထည့်ပေးလိုက်လျှင် ကြောက်တတ်ဦးမည်ထင်ပါသလော။ လူသုံးယောက်က ၀ိုင်းထားသဖြင့် ပြေးပေါက်ရှာနေသောလူတစ်ဦးကို သူ့ဘက်မှ အကူ ၁၀ယောက်ထည့်ပေးလိုက်လျှင်
ကြောက်တတ်ဦးမည်ထင်ပါသလော။ ဒါတွေက ကာယသတ္တိသည် လုပ်ယူ၍ရကြောင်း သက်သေပြချက်များ။ လူဆိုသည့်သတ္တ၀ါသည် ကိုယ်နိုင်မည်ဟု သေချာသောတိုက်ပွဲတိုင်းအတွက် ကာယသတ္တိအပြည့်ရှိနေတတ်ကြောင်း ကျွန်တော်တို့ ခိုင်ခိုင်မာမာပြောနိုင်သည်။ ထိုသတ္တိရှင်မျိုးကို ကမ္ဘာကြီးကအလိုမရှိ။

နောက်တစ်မျိုး။ ဒါကမှ ကမ္ဘာကြီးက အသိအမှတ်ပြုလေးစားရသောသတ္တိဖြစ်၏။ "Mental Courage""စိတ္တသတ္တိ" ဟု ခေါ်ရမည်လားမသိ။ ဘယ်လိုဂုဏ်ဒြပ်၊ ဘယ်လိုသြဇာအာဏာ၊ ဘယ်လိုစည်းစိမ်မျိုးနှင့် ကမ်းလှမ်းကမ်းလှမ်း ကိုယ့်ယုံကြည်ချက်ကို ကြံ့ကြံ့ကိုင်ထားသောလူမျိုး၊ ကိုယ်ယုံကြည်ရာအလုပ်တစ်ခုအပေါ် ဝေဖန်ပြစ်တင်ထားသမျှကို
အေးအေးလူလူလက်ခံနိုင်သောလူမျိုး၊ ကိုယ့်အားနည်းချက်များကို ရဲရဲဝံ့ဝံ့ဝင်ခံရဲသောလူမျိုးတို့သည်သာ စိတ္တသတ္တိရှင်များဖြစ်သည်။ ခုနက ဆိုခဲ့သော ကာယသတ္တိလို အလွယ်တကူပြုလုပ်၍မရ။ ကိုယ်မွေးဖွားကြီးပြင်းလာသောအသိုင်းအ၀ိုင်း၊ ကိုယ်ဖတ်ရှုလေ့လာခဲ့သောစာအုပ်စာပေများနှင့် ကိုယ်ပိုင်တွေးခေါ်နိုင်မှုစွမ်းရည်တို့ကသာ စိတ္တသတ္တိကို အားကောင်းစေသည်။ ကိုယ့်ကဗျာတစ်ပုဒ်၊ ကိုယ့်စာတစ်ပုဒ် အပေါ် ဝေဖန်ထောက်ပြချက်များကို အများမမြင်အောင်ဖုံးကွယ်၊ ကိုယ့်ကို အမွှန်းတင်ချီးကျူးသမျှကိုတော့ သတိမပြုမိဟန်ပြုလုပ်ထားခြင်းက စိတ္တသတ္တိနုံချာအားနည်းသူတို့၏ လက္ခဏာပင်။ ထိုသို့သော သူတို့သည် ပညာတတ်ပါသည်ဟုဆိုသော်ငြား ပညာအစစ်ကိုမတတ်။ ကျောင်းစာကိုသာတတ်မည်။ အနုပညာ၌မွေ့လျော်ပါသည်ဟုဆိုသော်ငြား အနုပညာအစစ်ကို မွေ့လျော်ခြင်းမဟုတ်။ လူအများသတိပြုမိခြင်း၊
ပေါ်ပြူလာဖြစ်ခြင်းကိုသာ သာယာခြင်းဖြစ်မည်။ ရေးခဲ့သောစာတွေလည်းမနည်းတော့ပါ၊ စာရေးသက်လည်းကြာပါပြီဟု ဆိုခဲ့လျှင်သော်ငြား အလကားကုန်ခဲ့သောအချိန်များကို နှမြောမိလှ၏။ လေးကြောင်းမျဉ်းစာအုပ်တွင် ၀လုံးရေးနေခြင်းကသာ လက်ရေးလက်သားပိုမိုကောင်းမွန်ခြင်းကို အကျိုးပြုမည်ထင်။ ဤသို့ အချည်းနှီးအချိန်မကုန်တော့။ ဒါတွေက ကာယသတ္တိရှင်များနှင့် စိတ္တသတ္တိရှင်များအပေါ် ကမ္ဘာကြီး၏သဘောထားများဖြစ်သည်။

အထက်မှာ ကျွန်တော်ပြောခဲ့သလို သတ္တိနှစ်မျိုးထဲက ဘယ်သတ္တိကို ဦးထိပ်ပန်ပြီး စာတွေကဗျာတွေရေးကြမည်နည်း။ လူအမျိုးမျိုး၊ စိတ်အထွေထွေ ဟူသော ကမ္ဘာကြီးတွင် လူတွေအမျိုးမျိုးရှိကြစမ်းပါစေ။ စိတ်တွေ အထွေထွေထားကြစမ်းပါစေ။ စိတ္တသတ္တိကောင်းကောင်းမရှိဘဲနှင့်တော့ သူရဲကောင်းတို့ဂုဏ်ကို မဖွဲ့ကြစတမ်း၊ ကဗျာဆရာဟု အခေါ်မခံချင်ကြစတမ်းပေါ့လေ။


ဟိန်း

၇.၃.၂၀၁၃

No comments:

Post a Comment