Thursday, April 11, 2013

အတိအလင်းဆိုတာ အဖြေတိုင်းမှာ ထည့်ဖို့မဟုတ်ဘူး


နေရင်းထိုင်ရင်း လဲသေသွားတဲ့ ကမ္ဘာကြီးပေါ်
ငါတို့ဟာလည်း နေ-ရင်း-ထိုင်-ရင်း။
ခေတ်ညံ့ကြီးထဲက လူညံ့ကြီးတွေ
သမိုင်းပါ ညံ့ကြပေတော့ ဆိုပြီး
နာရီဟာ နာနာကျင်ကျင်အော်ရယ်နေလေရဲ့

အပူဓာတ်များလာတဲ့ နွေရာသီထဲမှာမှ
တစ်ယောက်နဲ့တစ်ယောက်
တစ်ရွာနဲ့တစ်ရွာ
မေတ္တာဓာတ်ပါတဲ့ ယပ်တောင်လေးတွေနဲ့
တဖျပ်ဖျပ်လှမ်းခပ်ကြရင်ကောင်းမယ်။

အရှိတရားဆိုတဲ့ ဓားဟာ
သံချေးတွေ အထပ်ထပ်နဲ့
ဒီတစ်ကြိမ်တော့ ငါတော့ သေပါပြီဆိုပဲ
ကြော်ငြာထဲက အိပ်ဆေးက
လူကို အိပ်မပျော်စေဘူး
ညည
နေ့နေ့။

မေ့ထားလိုက် - အရိုးထိစိုက်ဝင်နေတဲ့ သီချင်းတွေ
မေ့ထားလိုက် - အစွန်းအကွက်ထနေတဲ့ လမ်းမတွေ
မေ့ထားလိုက် - ကယ်ပါ၊ယူပါ တစာစာတွေ
တမင် မေ့ပြီးတော့ကို ထားလိုက် - ခပ်တိမ်တိမ်အတွေးနဲ့ ဦးခေါင်းတို့ ပေါ့ပါးထောင်မတ်ပါစေ။

ဆိုပါတော့
အမှန်တရားကို
ကိုယ့်အနီးအနားက စာအုပ်ထဲမှာလိုက်ရှာ
လေလေးချွန်ပြီး
မီးလောင်တာများလာပြီဆိုမှ
ပုံးအပေါက်ကြီးနဲ့ ပြေးသွားသလို
နောက်ဆုံးတန်းမှာ ဆရာမကိုကွယ်ပြီး ငိုက်နေခဲ့/ဆဲ/မြဲ။

အဖြေကို
အဖေကို မေးလို့မရတော့
သူများပြောတဲ့အတိုင်း
ဘိုးဘိုးအောင်ဆီ ထွက်လာခဲ့ပေါ့
ဝလုံး ငါးမျက်နှာရေးခဲ့ဆိုတဲ့ အိမ်စာ
အခုမှ စိတ်အေးချမ်းသာရှိရ။

မချိုးချင်နေ၊ မပျိုးနဲ့။
"ငါ့အဖိုးကို သတ်တာ၊ ဒီကောင့်အဖိုးပေါ့" ဆိုတဲ့
ပုပ်သိုးညှီရော်ခြင်း ပန်းကို
ကလေးလေးတို့လက်ထဲ
မကမ်းချင်တော့ဘူး။ ။


ထွဏ်းသွေးအိမ် ၊ ဟိန်း

No comments:

Post a Comment