Thursday, April 11, 2013

လက်ညှိုးကွေးလိုက်တာခေတ်ကြီးလည်းလိုက်ကွေး

စိုးရိမ်စိတ်ဟာ
အသွေးအသားထိ စိုက်ဝင်ခဲ့တော့
အိမ်ကိုပြန်တဲ့လမ်းဟာ
မှောင်လို့ ..... ။

အမှောင်ကို စာစီကုံးပြီး
စာရွက်အပိုထပ်ယူနေရတဲ့
စာမေးပွဲတစ်ခုပဲ
ချွေးတွေ၊ သွေးတွေ၊ စိုးရိမ်စိတ်တွေ။


လူစစ်စစ်ဆိုတာ
ကိုယ့်အမိမထိလည်း စာနာတတ်ရတယ်
ကိုယ့်အသိမထိလည်း ညှာတာတတ်ရတယ်
ကိုယ့်အသားလာထိမှ နာတတ်သရွှေ့တော့
လူစစ်စစ်ဖြစ်ဖို့ နှစ်ပြလောက်လိုဦးမယ်။

တစ်ခါရှင်းပြလည်း နားမလည်
နှစ်ခါရှင်းပြလည်း နားမလည်
အဲဒီနားမလည်မှုအပေါ်
ကျည်ဆံတွေ ဗုံးတွေတင်လို့
ရထားဟာ
ရဟန်းရှင်လူ၊သက်ကြီးရွယ်အို၊ကလေး၊မိန်းမ
အကုန်ဝင်တိုက်တော့တာပဲ။

အခု
တိုင်းပြည်ရဲ့ မြေပုံလေးဟာ
ဘယ်နေရာထောက်ထောက်
သွေးတွေထွက်ကျလို့ ...

အခု
တိုင်းပြည်ရဲ့ တောစောင့်နတ်
တိုင်းပြည်ရဲ့ တောင်စောင့်နတ်တွေ
နေရာပျောက်လို့ ...

တစ်သက်လုံး...
ကိုယ့်ထမင်းကိုယ်စား
ကိုယ့်ဓားကိုယ်သွေး
ကိုယ့်အရိပ်နဲ့ကိုယ်နေလာတာ
ဒီမိုးဒီလေထဲမှာမှ
အမေ့နားကပ်လေးပြေးပေါင်ပြီး
သံခမောက်ဝယ်ဆောင်းရမလိုလို ...။
နွားလေးတစ်ရှဉ်းပြေးရောင်းပြီး
ကျည်ကာအကျီဝယ်ဝတ်ရမလိုလို ...။


ထွဏ်းသွေးအိမ် ၊ ဟိန်း

No comments:

Post a Comment