Thursday, April 11, 2013

စစ်ပွဲတွေကြားမှာအော်သံတွေပျောက်သွားတယ်။ ◄ ဟိန်း ►




၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ မက်ဆီကန်ဇာတ်ကားလေးတစ်ကားပါ။ ဆုပေါင်း ၁၂ရရှိခဲ့တဲ့အပြင် ဆန်ကာတင်အဖြစ်ဆုပေါင်း၁၀ဆုသတ်မှတ်ခံခဲ့ရပါတယ်။ Voces Inocentes တဲ့။ အင်္ဂလိပ်လိုဆိုရင်တော့ Innocent Voices ပေါ့။ တောင်ဘက်မှာ ပစိဖိတ်သမုဒ္ဒရာ၊ အနောက်ဘက်မှာ ဂွာတီမာလာနိုင်ငံနဲ့ အရှေ့နဲ့မြောက်ဘက်မှာ ဟွန်ဒူးရပ်စ်နိုင်ငံတို့ ၀န်းရံထားတဲ့ El Salvador နိုင်ငံလေးရဲ့ ပြည်တွင်းစစ်ကို အခြေခံလို့ ရိုက်ကူးထားပါတယ်။ ၁၉၇၉ခုနှစ်ကနေ ၁၉၉၂ခုနှစ်အထိ ၁၂နှစ်ကျော်ကြာတဲ့ပြည်တွင်းစစ်ကြီးအတွင်းမှာပေါ့။ အဓိက သရုပ်ဆောင်ကတော့ အသက် ၁၁နှစ်အရွယ်ကလေးသရုပ်ဆောင်လေးပါ။ သူ့နာမည်က ချာဗာ။ သူ့အမေအပါအ၀င်မိသားစု ၄ယောက်ဟာ ဘ၀ကိုဆင်းဆင်းရဲရဲကျော်ဖြတ်နေရတာပါ။ အဖေလုပ်သူကတော့ စစ်ကြီးစတင်ကတည်းက မိသားစုကိုပစ်ပြီး ထွက်သွားခဲ့ပါတယ်။ အမေလုပ်သူက အိမ်မှာ စက်ချုပ်စက်ကလေးနဲ့ တနိုင်တပိုင်အထည်လေးတွေချုပ်၊ ချာဗာလေးက ဆိုင်တွေကိုလိုက်သွင်းပေါ့။ ကျောင်းပိတ်တဲ့ရက်တွေဆိုရင်တော့ ဘတ်စ်ကားမောင်းသူကြီးတစ်ယောက်ရဲ့သနားကြင်နာမှုကြောင့် ချာဗာဟာ ဘတ်စ်ကားစပယ်ယာအလုပ်ကိုလည်းလုပ်ပါသေးတယ်။ ဖြစ်ချင်တော့ သူတို့ရွာကလေးဟာ အစိုးရတပ်တွေနဲ့ ပြောက်ကျားတပ်တွေ တိုက်ပွဲမကြာခဏဖြစ်ပွားတတ်တဲ့နေရာလေးမှာတည်ရှိနေပါတယ်။ သူ့ဦးလေးတစ်ယောက်က ပြောက်ကျားတပ်သားပါ။ တစ်နေ့တော့ သူတို့အိမ်ကို ခိုးကြောင်ခိုးဝှက်လာပြီး ချာဗာကို သူနဲ့ထည့်ပေးလိုက်ဖို့ အမေဖြစ်သူကိုခွင့်တောင်းပါတယ်။ ချာဗာ့ရဲ့မိခင်က လုံးဝသဘောမတူပါဘူး။ ဒါနဲ့ ဦးလေးလုပ်သူက ရေဒီယိုလေးတစ်လုံးကို လက်ဆောင်ပေးပြီးပြန်သွားပါတယ်။ အစိုးရတပ်သားတွေရှေ့မှာ မဖွင့်ဖို့လည်းပြောပါတယ်။ သူတို့ဘက်ကနေ ထုတ်လွှင့်နေတဲ့လိုင်းတစ်ခုကိုဖမ်းတတ်အောင် သင်ပေးသွားခဲ့ပါတယ်။ ချာဗာဟာ ကျောင်းသွားကျောင်းပြန်တိုင်း ရေဒီယိုလေးကို နားမှာကပ်လို့ တော်လှန်ရေးသီချင်းတွေ၊
တော်လှန်ရေးမိန့်ခွန်းတွေကိုနားထောင်တတ်ပါတယ်။ တစ်နေ့တော့ သူနားထောင်နေရင်းလမ်းလျှောက်သွားနေချိန်မှာ အစိုးရစစ်သားတစ်ယောက်ဟာ မယုံသင်္ကာဖြစ်လာလို့ ချာဗာ့ အနားကိုကပ်လာပါတယ်။ ဒါကိုမြင်လိုက်ရတဲ့ သင်းအုပ်ဆရာကြီးက ဘုရားကျောင်းထဲကို အမြန်ပြေးဝင်ပြီး တားမြစ်ထားတဲ့တော်လှန်ရေးသီချင်းတစ်ပုဒ်ကိုဖွင့်တော့တာပါပဲ။ ဒီအချိန်မှာ အစိုးရစစ်သားတွေရဲ့အာရုံဟာ ဘုရားကျောင်းဘက်ကို ရောက်သွားပါတယ်။ သူတို့ထဲက ခေါင်းဆောင်က ဒါဟာတားမြစ်ထားတဲ့သီချင်းဖြစ်လို့ အခုပိတ်ပေးပါလို့ သင်းအုပ်ဆရာကြီးကိုပြောပါတယ်။ သင်းအုပ်ဆရာကြီးက ပိတ်ချင်ရင်ကိုယ်တိုင်ဝင်ပိတ်ပါလို့ မချေမငံပြန်ပြောတဲ့အတွက် စစ်သားတွေဟာ ဘုရားကျောင်းမှာချိတ်ထားတဲ့လော်စပီကာကြီးကို သေနတ်နဲ့ပစ်ချလိုက်ပါတယ်။ ဒီအချိန်ကစပြီး ပြည်သူတွေဟာ အစိုးရစစ်သားတွေအပေါ် ရွံ့ရှာခဲ့ကြပါတယ်။ သိပ်ကြေကွဲစရာကောင်းတဲ့အဖြစ်တွေဟာ မကြာခင်မှာပဲဖြစ်လာပါတယ်။ စစ်သားတွေဟာ ရွာထဲကကျောင်းကိုဝင်ပြီး အသက်၁၂နှစ်ပြည့်ပြီးတဲ့ ကျန်းမာရေးကောင်းသူကလေးတိုင်းကို စစ်သားအဖြစ်စုဆောင်းပါတယ်။ ချာဗာလေးက လအနည်းငယ်လိုနေလို့ ကံကောင်းထောက်မစွာကျန်ခဲ့ပါတယ်။ ချာဗာရဲ့သူငယ်ချင်းတချို့ကတော့ ငိုယိုမြည်တမ်းပြီး စစ်ကားကြီးပေါ်ကို ပါသွားကြပါတယ်။ ကလေးတချို့ခမျာ ဘောင်းဘီထဲမှာ ဆီးတွေတောင်ထွက်ကျလို့ပါပဲ။ ချာဗာ့မှာ ချစ်ရတဲ့သူလေးလည်းရှိနေပါသေးတယ်။ သူတို့အတန်းပိုင်ဆရာမရဲ့သမီးကလေးကိုပါ။ ဒီလိုနဲ့တစ်ရက်ထက်တစ်ရက် တိုက်ပွဲတွေပြင်းထန်လာခဲ့ပါတယ်။ ချာဗာတို့ ကျောင်းကလေးအနားမှာတောင် တိုက်ပွဲတွေဖြစ်လာခဲ့ပါတယ်။ မိခင်တွေဟာ သူတို့ရဲ့သားသမီးတွေကိုစိတ်ပူလို့ တိုက်ပွဲဖြစ်ပွားနေတဲ့ကြားထဲကို လက်ကိုင်ပုဝါအဖြူလေးတွေ ဝှေ့ယမ်းပြီး အပစ်အခတ်ရပ်ကြဖို့ အော်ရင်း ပြေးဝင်လာကြပါတယ်။ ဒါပေမဲ့ ကျည်ဆံတွေဟာ မိခင်မေတ္တာကိုနားမလည်နိုင်ခဲ့ပါဘူး။ ဒီလိုဆိုးရွားနေတဲ့အခြေအနေတွေကြောင့် ချာဗာ့ရဲ့အမေဟာ သူ့ရဲ့မိခင်၊ ချာဗာ့ရဲ့အဘွားနေထိုင်တဲ့ ရွာကလေးကို ပြောင်းရွေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီရွာကလေးက မြစ်ရဲ့တစ်ဖက်ကမ်းမှာပေါ့။ အဲဒီရွာကလေးမှာ နေထိုင်နေရင်းကနေ တစ်ရက်တော့ သူ့ဦးလေးရဲ့တပည့်၊ တော်လှန်ရေးစစ်သားတစ်ယောက်ဟာ ချာဗာ့ကို တိတ်တဆိတ်လာတွေ့ပါတယ်။ အစိုးရတပ်က မနက်ဖြန်မှာ ပေါ်တာဆွဲမှာဖြစ်တဲ့အတွက် ယောက်ျားကလေးတွေအားလုံးရှောင်နေကြဖို့ပေါ့။ ချာဗာနဲ့ သူ့သူငယ်ချင်း၃ယောက်ဟာ ကျောင်းစာအုပ်တွေကိုဖြဲ၊ ခဲတံလေးတွေနဲ့ မညီမညာရေးလို့ "မနက်ဖြန်ပေါ်တာရှိတယ်"ဆိုတဲ့စာတွေကို အိမ်ပေါက်စေ့ဖြန့်ဝေခဲ့ကြပါတယ်။ ဒီလိုနဲ့ အစိုးရတပ်တွေရွာထဲကို ၀င်လာချိန်မှာတော့ ကလေးတွေတော်တော်များများကိုမတွေ့ရတဲ့အတွက် မိခင်တွေကိုရိုက်နှက်ကန်ကျောက်ပြီး နှိပ်စက်ကြပါတယ်။ တွေ့ရတဲ့ကလေးတွေကိုတော့ ခေါင်းပေါ်လက်တင်စေပြီး သေနတ်နဲ့ချိန်လို့ ခေါ်သွားကြပါတယ်။ ဒီနေရာမှာ ကျွန်တော်စိတ်ထိခိုက်မိတဲ့ဇာတ်ဝင်ခန်းလေးကို သတိရမိပါတယ်။ ရှေ့မှာခေါင်းပေါ်လက်တင်လို့ လျှောက်နေသူကလည်း ၁၂နှစ်အရွယ်ကလေးတစ်ယောက်၊ အနောက်ကနေ သေနတ်နဲ့ချိန်ပြီးအော်ဟစ်ဆဲဆိုနေသူကလည်း ၁၂နှစ်အရွယ်ကလေးတစ်ယောက်။ ဒီကောင်လေးဟာ ဟိုတစ်လောတုန်းက ကျောင်းမှာပေါ်တာလာဆွဲတဲ့အချိန် ဘောင်းဘီထဲဆီးတွေထွက်ကျနေခဲ့တဲ့ကောင်လေးပေါ့ဗျာ။ စစ်ကြီးက သင်ပေးလိုက်တဲ့ ပညာတွေနဲ့ ကိုယ့်သူငယ်ချင်းကို သေနတ်နဲ့ချိန်တတ်လာတဲ့အဖြစ်။ နောက်ထပ်စိတ်မကောင်းစရာတစ်ခုက အောက်မှာမိခင်တွေကိုရိုက်နှက်နေတဲ့အချိန် ကင်မရာကိုတဖြည်းဖြည်းအပေါ်စီးကနေ ဆွဲရိုက်ပြလိုက်တော့....ဟာဗျာ...ကလေးလေးတွေအားလုံးဟာ အိမ်ခေါင်မိုးတွေပေါ်မှာ ပြားနေအောင်အိပ်လို့..။ ပုန်းအောင်းနေကြတာလေ။ ဒီလိုအဖြစ်အပျက်ကြီးဟာ ၃ရက် ၄ရက်ဆက်တိုက်ဖြစ်နေတော့ ချာဗာတို့အရွယ်တွေဟာ ညဘက်တွေမှာပါ ခေါင်မိုးပေါ်မှာပဲ ပက်လက်လှန်လို့ တစ်ညလုံးလိုလိုနေခဲ့ရပါတယ်။ ဒီနေရာမှာချာဗာပြောတဲ့စကားလေးတစ်ခွန်းကို ကျွန်တော်မှတ်မိနေပြန်ပါတယ်။"ကြယ်တွေကိုရေတွက်တိုင်းကစားကြတာပါ။ တစ်ညတစ်ညကို ကြယ်အလုံးပေါင်း ၂သိန်း၃သောင်းလောက်တော့ အသာလေးရေတွက်လို့ရပါတယ်" တဲ့။ ချာဗာဟာ သူချစ်ရတဲ့ ဆရာမသမီးကလေးကို သတိရလွန်းမက ရလာတော့ သူတို့နေခဲ့တဲ့အိမ်ကလေးကို ပြန်ပြေးသွားပြီးကြည့်မိပါတယ်။ အိမ်ကလေးနေရာမှာ မီးလောင်ပြင်ကြီးတစ်ခုကိုပဲသူတွေ့လိုက်ရတော့ သူဟာရူးမတတ်ဖြစ်သွားပါတယ်။ သူ့ဆရာမရယ်၊ သူချစ်တဲ့ကောင်မလေးရယ်မရှိကြတော့ဘူး။ သူဟာလက်နက်ကြီးတိုက်ရိုက်ထိမှန်ခံထားရတဲ့ အိမ်ပျက်ကြီးထဲမှာ မွှေနှောက်ရှာဖွေရင်း သူချစ်တဲ့ကောင်မလေးဝတ်နေကြ အကျီင်္အပိုင်းအစလေးတစ်ခုကိုသာရခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ချာဗာနဲ့သူ့သူငယ်ချင်းတွေဟာ တော်လှန်ရေးတပ်ဆီကို မိဘတွေမသိအောင် ထွက်ခွာကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ထို့နောက်မှာတော့ ......... ။

ဒီဇာတ်ကားလေးဟာ ဖြစ်ရပ်မှန်နဲ့သမိုင်းဆိုင်ရာအချက်အလက်တွေအပေါ်အခြေခံပြီးရိုက်ကူးခဲ့တယ်လို့ဆိုပါတယ်။ ရင်ထဲအကြေကွဲမိဆုံးဇာတ်ဝင်ခန်းတွေကတော့ အများကြီးပါပဲဗျာ။ ၁၂နှစ်သားကလေးတွေကို ဒူးထောက်ထိုင်ခိုင်းပြီး နောက်စေ့ကို သေနတ်နဲ့ပစ်သတ်တဲ့ အစိုးရတပ်တွေကို ကျွန်တော်သွေးပျက်လောက်အောင် ရွံရှာမိတော့တာပါပဲ။ ရေးသားသူ  Luis Mandoki ကိုယ်တိုင် ရိုက်ကူးတဲ့ ဒီဇာတ်ကားလေးဟာ ကလေးစစ်သားအသုံးပြုခြင်းအပေါ်ကမ္ဘာကြီးက ပိုမိုအာရုံစိုက်မိလာအောင် ရည်ရွယ်ပုံရပါတယ်။ ချာဗာအဖြစ်သရုပ်ဆောင်တဲ့ Carlos Padilla ရဲ့ လူ့ဘ၀ကြီးအပေါ်စိတ်ပျက်အားလျော့နေတဲ့ မျက်နှာကလေးဟာ ဒီရုပ်ရှင်အပေါ်အများကြီး အကျိုးရှိစေခဲ့ပါတယ်။
ကလေးစစ်သားလေးတွေရဲ့ဘ၀တွေကို စာနာပေးနိုင်ရင်ဖြင့်၊ ပြည်တွင်းစစ်ရဲ့ ကောင်းကျိုးတစ်စက်မှမရှိတဲ့ ဆိုးကျိုးတွေကို နားလည်နိုင်မယ်ဆိုရင်ဖြင့်၊ သေနတ်တွေအစား မြေဖြူတောင့်တွေပဲထုတ်လုပ်ဖို့ အလိုရှိတယ်ဆိုရင်ဖြင့် ဒီဇာတ်ကားလေးကို ကြည့်ဖြစ်အောင်ကြည့်စေချင်တော့တာပါပဲ။


ဟိန်း
၈.၃.၁၃

No comments:

Post a Comment