Tuesday, May 28, 2013
မကြောက်တတ်ဘူးဆိုရင်ခင်ဗျားအကြားအမြင်ရပြီ
အရာရာကိုကြောက်ရွံ့နေခဲ့မယ်ဆိုရင်တော့
ပိုးသတ်ထားတဲ့အခန်းထဲမှာနေဖို့ပဲကောင်းတော့တယ်။
(ယူကရိန်း ပင့်ကူလူသား မူစတန်ရဲ့ပြောကြားချက်)
မင်းကကြောက်တတ်လို့ ဓါးကိုကိုင်တယ်
ငါကကြောက်တတ်လို့ တရားကိုကိုင်တယ်။
ခင်ဗျားကကြောက်တတ်လို့ သေနတ်ကိုကိုင်တယ်
ကျွန်တော်ကကြောက်တတ်လို့ စာအုပ်ကိုကိုင်တယ်။
ကြိုက်သလိုကြောက်နိုင်ပါတယ်ကိုယ်နည်းကိုယ့်ဟန်နဲ့
ဒါပေမယ့်လောကကြီးက ငါတို့ကို ခြောက်ပြီး သိပ်ထားတယ်
ဒါပေမယ့်လောကကြီးက ငါတို့ကို လှန့်ပြီးစားထားတယ်။
အဲ့ဒါကိုကြောက်တတ်သူအချင်းချင်း သိရမယ်။
ခင်ဗျားခြေလက်တွေကကြောက်စိတ်တွေကိုတော်လှန်ဖို့ အဝေးကြီးသွားပြီး အမြင့်ကြီးတက်တယ်
ကျွန်တော့်ဦးခေါင်းကတော့ ကြောက်စိတ်တွေကို ဂူသွင်းဖို့ ကမ္ဘာပတ်လမ်းကြောင်းထဲ ၀င်သွားတယ်။
အမှောင်ထဲမှာတောင်စကား သုံးခွန်းမှာ နှစ်ခွန်းက ဆင်ဆာမိခဲ့ရတယ်
မူရင်းစာအုပ်ဟာအလေနတ္တောဖြစ်ခဲ့ရပြီး ခိုးကူခွေလို အိမ်ကြိုအိမ်ကြားလျှောက်သွားခဲ့ရတယ်။
ဒီနေ့ခင်ဗျားကိုမွေးရင် မနက်ဖြန်မှာ
ခင်ဗျားကော်ပီတွေ ခင်ဗျား ကလုန်းတွေ ကမ္ဘာအနှံ့ လမ်းဘေးဆိုင်တွေမှာရပြီ။
ကြောက်တတ်ရင်အစကတည်းက အမေ့ဝမ်းထဲမ၀င်ခဲ့ဖို့ပဲ။
မကြောက်ပါနဲ့ကုတ်တစ်ချောင်းရယ် ရပ်စရာနေရာတစ်ခုရယ် ဒါပဲလိုတယ်
အာခိမိဒိပြောတာက။
မကြောက်ပါနဲ့အကျင့်ပညာသီလနဲ့ အဆိပ်ခွက်တစ်ခွက်ပဲလိုတယ်
ဆောခရတ္တိပြောတာက။
ညထဲမှာသစ်ရွက်လှုပ်တာကို ကြက်သီးဖျန်းဖျန်းထခဲ့ရင်
ဆယ်ကျော်သက်အရွယ်တုန်းက
လေတိုက်လို့သစ်ရွက်လှုပ်တာကိုတခစ်ခစ်ရယ်မောပုံမျိုးနဲ့ ခေါင်းကိုနောက်လှန်
ကောင်းဘွိုင်တစ်ယောက်လိုရယ်မောလိုက်။
ကြောက်စရာကိုကျောက်မျက်ရတနာလို ကိုးကွယ်နေသမျှ
ဘယ်ဘုရားရဲ့မျက်နှာတော်ကိုမှာရှင်းရှင်းလင်းလင်း မင်း ဖူးမြင်တွေ့နိုင်မှာ မဟုတ်ဘူး။
ကြောက်တတ်ရင်လွဲရဲတဲ့သူမင်းအဖြစ်နဲ့ ရှေ့မှာ ကမ္ဘာကြီးရွေ့သွားပြီ။
ကြောက်တာများခဲ့လို့ကြောက်စိတ်ကိုမေ့သွားကြတဲ့ ကြောက်စရာကောင်းလောက်အောင် အောင်မြင်ခဲ့ကြတဲ့
သူရဲကောင်းတွေရဲ့ကျောက်သားရုပ်တုတွေ ကျောက်သားပြတိုက်ကြီးတွေထဲမှာ နေရာယူခဲ့ကြပြီ။
လမ်းတွေလိုအလျှောက်ခံပြီးလမ်းတွေကိုကျောပေါ်တင်ခေါ်သွားကြမယ်။
မကြောက်နဲ့နေရာင်ခြည်ကို လက်ဖ၀ါးနဲ့ကာပြီး အရှေ့ကိုကြည့်သလို
ကျည်ဆံတွေကိုလက်ဖ၀ါးနဲ့ကာပြီး ရှေ့ကိုဆက်ထွက်ခဲ့ကြ လာ…မကြောက်နဲ့ညီလေး..လာ။။
ခရမ်းပြာထက်လူ
( ၂ ၀ ၁ ၃ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment