Tuesday, May 28, 2013

မာလာလာယူဆွတ်ဖ်ဇိုင် (သို့မဟုတ်) ကမ္ဘာကြီးအတွက်လက်ဆောင်



သမီးရေ လာ လာ လာ  လာကြည့်  ဒီမှာ




မာလာလာတဲ့ ဆွက်တောင်ကြားမှာ ပွင့်ခဲ့တဲ့ပန်းကလေး။

သမီးရေ လောကကြီးမှာ ကိုယ်နဲ့မလိုက်ဖက်တာ
ကိုယ် ကိုင်ကြည့်လို့မရတာ ဘာမှမရှိ။
ဆန္ဒရှိရင် မီးကိုလည်းကိုင်ကြည့်လို့ရသလို ၊  ဆန္ဒရှိရင်တိမ်ပေါ်လည်းတက်အိပ်နေလို့ရတယ်။
ဒီနေ့ ဒါကို မာလာလာ ဒီပန်းကလေးက ပြောခဲ့ပြီ။

သမီးရေပြန်လှည့်ကြည့်လိုက်စမ်း
သမီးမှားခဲ့တာ ဘာမှမရှိ သမီးငိုသံလေး စကြားကတည်းက လူတွေက ပြာယာခတ်
ပျားပန်းခတ် တိုးဝှေ့လာခဲ့ကြ ပြီးတော့ သမီးပါးလေးကိုအလုအယက် ၀ိုင်းနမ်းခဲ့ကြတာ။
ယုံကြည်လိုက်စမ်းပါ သမီးရဲ့
သမီးဟာ ကြည်လင်တဲ့စမ်းချောင်းလေးထဲ ပြေးလွှားကူးခတ်နေတဲ့ ရွှေငါးလေးဆိုတာ။
အဲ့ဒီလို အရွယ်မရောက်ခင်ကတည်းက
အရွယ်ရောက်ပြီးသား ကမ္ဘာကိုဖြေဖျော်မှုတွေ ပေးနိုင်ခဲ့တဲ့သူဆိုတာ။
သမီးယုံကြည်ထားလိုက်ပါ
ဓါတ်မီးတစ်လက်ဟာ တောကြီးမြက်မဲ ၀ဲထနေတဲ့အမှောင်တွေကို ထွင်းဖေါက်သွားနိုင်တယ်ဆိုတာ။

အဲ့ဒီလိုဒီပန်းလေးဟာ
လေးလံပိကျလာတဲ့ အဓမ္မမိုးတိမ်တွေကို သူ့ရနံ့လေးတွေနဲ့အဝေးကို ပြန်လည်မှုတ်ထုတ်နိုင်ခဲ့တယ်ဆိုတာ။

တစ်ကယ်တော့ သူ့အရပ်သူ့ဇာတ်မှာ သူဟာ ခေါင်းမြီးခြုံလုံအောင်ပုန်း
အချိန်တန်ရင် ကန္တာရသဲမုန်တိုင်းတွေအောက် သူ့သင်္ချိုင်းသူရွေးပြေးဝင်သွားဖို့ပဲရှိခဲ့တာ။

ဒါပေမယ့် ဒီပန်းဟာ
မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလားဆိုတဲ့စာအုပ်နဲ့ပွင့်လာတယ်
ဒါပေမယ့် ဒီပန်းဟာ
နှစ်တစ်ထောင်ပန်းသီးကို စားထားတယ်ဆိုတဲ့ အမြစ်နဲ့ထလာတယ်
ဒါပေမယ့် ဒီပန်းဟာ
စစ်ထောင်ချောက်တွေကြားဖြတ်ပြေးလာတဲ့ ချိုးငှက်လေးတစ်ကောင်လို လွတ်မြောက်လာခဲ့တယ်။

သမီးရေ ဒီပန်းကလေး
ဒီပန်းကလေး မာလာလာ  သူ… သူ့သွေးချင်းသူငယ်ချင်းတွေပေါ်ခြုံထားတဲ့
အမှောင်ထုကြီးကိုမောင်းထုတ် အလင်းကို ဖေါက်ထုတ်ပေးနိုင်ခဲ့တယ်။

နားထောင်စမ်းသမီး
သူ့အရွယ်နဲ့ သူတိုက်ခဲ့တဲ့တိုက်ပွဲတွေကြောင့် တုန်ခါသွားတဲ့ တိုက်ကြီးတွေရဲ့တုန်လှုပ်သွားတဲ့အသံ။

သမီးရေ  လာ လာ လာ  ဒီမှာကြည့်
ဒီရေတိုးသလို တစ်ရှိန်ထိုးတိုးဝင်လာတဲ့ လှိုင်းတွေ
ကျောက်ဆောင်တွေကိုရိုက်ခွဲကျော်လွှားပြေးတက်လာတဲ့ သတင်းလှိုင်းတွေ

၂၀၀၉ နွေရာသီကတည်းက
အမေရိကန် နယူးယောက်တိုင်းမ်(စ်)သတင်းစာက
မာလာလာ အကြောင်းမှတ်တမ်းရုပ်ရှင်ကိုရိုက်ကူးခဲ့သတဲ့။

ဆွက်တောင်ပိုင်းဒေသအတွက်
ပညာရေးနဲ့အမျိုးသမီးများအခွင့်အရေးလှုပ်ရှားမှုအတွက် သူ့ကိုဥက္ကဌတဲ့။

လူမဲဘုန်းတော်ကြီး ဒက်စမွန်တူးတူးက
ကလေး သူငယ် ငြိမ်းချမ်းရေးဆုအတွက် သူမဟာ အိုကေပါတဲ့။

ဗြိသျှဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန်ဘရောင်းကလည်း
‘‘I am Malala’’
ပါကစ္စတန်နဲ့ကမ္ဘာတစ်ဝှမ်းမိန်းကလေးအားလုံး ပညာသင်ရေးအတွက်
‘‘ကျွန်မ မာလာလာ’’ လှုပ်ရှားမှုတဲ့။

အားကျမခံ
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း
နိုဝင်ဘာ ၁၀ ကို ‘‘မာလာလာနေ့’’တဲ့
ဒီမှာ ဗြိတိန်သား ၃၀၀၀၀ ကျော်ရဲ့လက်မှတ်
ဒီမှာ ကနေဒါ ၀န်ကြီးချုပ်
ဒီမှာ ကမ္ဘာတစ်ဝှမ်းက ခေါင်းဆောင်တွေရဲ့အဆိုပြုလွှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက်ထောက်ခံချက်တွေ။

မာလာလာ ပန်းကလေး
သမီးရေ တစ်ရွက်ချင်းပြန့်ကျဲနေတဲ့စာရွက်တွေကို သူ သွေးနဲ့ပြန်ချုပ်ခဲ့။ အဲ့ဒီအပေါ်မှာ
ကဲ သမီးတို့ သမိုင်းသစ်တွေရေးကြတော့။

ဒီမှာကျုပ်တို့သမီးတွေ မာလာလာ ဒီမှာ ခင်ဗျားတို့သမီးတွေမာလာလာ
We are the world မာလာလာ  လာကြ ။

အိုဘယ့် ဘင်လာဒင်
ခင်ဗျားသေဆုံးခဲ့တဲ့နေရာမှာ
ပျော်စရာ ဥယျာဉ်တစ်ခုတည်ဆောက်ခဲ့မယ်ဆိုရင်လည်း အဲ့ဒါဟာ
မာလာလာအမည်နဲ့  ဥယျာဉ်ပဲဖြစ်ရမယ်။ ။

                                                                                                               ခရမ်းပြာထက်လူ
                                                                                                                ၂   ၀   ၁   ၃

No comments:

Post a Comment