Tuesday, May 28, 2013

လောင်းကြေး



မြေကြီးကိုလိုချင်လို့ ကောင်းကင်နဲ့လဲလှယ်ခဲ့။




ဘဏ်သူဌေးကြီး
ခင်ဗျားက လှပတဲ့မိစ္ဆာ
ကျွန်တော်က
သနားစရာကောင်းတဲ့နတ်ဆိုး။

ဒီအခန်းမှာ ဂီတနဲ့ ၀ိုင်အရက်
သွက်သွက်ခါနေတဲ့ ကျုပ်ဝိညာဉ်။

အရိုးနဲ့အသားဟာ ခွဲခွါလိုက် စေ့စပ်လိုက်
ဟော့ဒီမှာ တစ္ဆေကိုက်ထားတဲ့ဒဏ်ရာ
နာရီတွေ ပေါက်ပြဲယိုကျလို့၊
ကြမ်းပြင်မှာ ၀ဋ်ကြွေးတွေ ၀ဲထန်လို့ ။

ကျုပ်ရဲ့ ရမ္မက်ယောင်ကိုင်းမှုရဲ့သားကောင်
အတ္တ မာန ဗျာပါဒ နှစ်ကာလ
ဒေါသ စိတ္တဇ ပရိဒေ၀ ရေတံခွန်ရိုင်း ၀ိုင်းရံလို့။
တောလည်ခဲ့
အဲ့ဒီမှာ စာအုပ်ပေါင်း ၆၀၀ ကျော် ကျုပ်ဖတ်ခဲ့
စာအုပ်ဟာ
ကျုပ်နဲ့လောကကိုဆက်ပေးတဲ့ ပဋိဇီဝဆေး
ဒိ့အတွက် ဟော့ဒီမှာ
ဘာသာ ၆-မျိုးနဲ့ ကျုပ်ပေးစာ
မလွဲကြောင်း
ခင်ဗျားသေနတ်ကိုပစ်ဖေါက် အကြောင်းကြားပေတော့။

ဒီအခန်းထဲမှာ
ကျုပ်ဆံပင်မြေနမ်းခဲ့
ကမ္မဌာန်းအလုပ်နဲ့ ကားစင်အတင်ခံရမယ့်ရုပ်နဲ့။

ဒီလို
အထီးကျန်ခြင်းမှာ ကျုပ်အတောင်စုံခဲ့ပေါ့။

ကျုပ်မမွေးခင်က
ကျုပ်မျက်နှာဘယ်လိုဆိုတာ ကျုပ်သိခဲ့ပြီ ။

တွေ့ပြီလား
သစ်တော်ပင်တွေနဲ့ လိမ္မော်ပင်တွေဆီက
ဖားပြုပ်နဲ့ပုတ်သင်လိုအကောင်တွေ ခုန်ဆင်းလာကြ။

နှင်းဆီပင်တွေဆီက
မြင်းတစ်ကောင်ရဲ့ချွေးနံ့တွေစီးအန်ကျလို့။

ဟောဒီမှာ တရားဓမ္မ
ဟောဒီမှာ လောကအမြင်
ဟောဒီမှာ သုံညတစ်လုံး

ဆံချည်တစ်မျှင်စာ ဒီအလင်းနဲ့
ဒီအခန်းကို ကျုပ်ရှင်းနိုင်ခဲ့ပြီ။

ကမ္ဘာကြီးရဲ့အတိတ်ဆိတ်ဆုံးအသံကို
ကျုပ်ကြားခဲ့ပြီ။

ဝင်ခဲ့လိုက်
ခင်ဗျားထိုးသွင်းလိုက်မဲ့ ဓါးမြှောင်မှာ ကျုပ်ဝိညာဉ်လျှောဆင်း
ကျုပ်သီချင်းကိုခင်ဗျားကြားလိမ့်မယ်။

ကျုပ်အလောင်း
ကျုပ်ကြည်ညိုမဆုံး အပေါ်စီးက ဆီးကြည့်ဖို့
ခင်ဗျား ၀င် ခဲ့ တော့  ။  ။
                                                       
                                                  ခရမ်းပြာထက်လူ

(ပြင်သစ်စာရေးဆရာ ချက်ကော့ဗ်ရဲ့ လောင်းကြေး ၀တ္ထုတိုကိုဖတ်အပြီးမှာ ရေးဖြစ်ပါတယ်။)

No comments:

Post a Comment