Tuesday, May 28, 2013

ပေါက်ကြေး

အမေရိကန်သမ္မတကြီးက "မင်္ဂလာပါမြန်မာ" ဆိုတော့
လက်တွေနာအောင် လက်ခုပ်တီးမိ
ဒါလည်း ငါးထောင်ရလို့ပါပဲ။

ဂျာဆိုင်းအိန်အတွက်
သူ့သူငယ်ချင်းတွေ ၀ိုင်းငိုကြ
ဒါလည်း သုံးထောင်ရလို့ပါပဲ။ရင်ဘတ်ပေါ်က ချုပ်ရိုးကြောင်းကြီးဘေး
အမှောင်ထဲမှာ ဖယောင်းတိုင်ထွက်ဝယ်နေ
ဒါလည်း ငါးထောင်ရလို့ပါပဲ။

မနက်(၁၀)နာရီ ဖြတ်မယ့်ကားတစ်စီးအတွက်
အဖြူအစိမ်းအသစ်တွေဝတ်ခဲ့ဟေ့ ဆိုပြီး
မနက်(၆)နာရီကတည်းက လမ်းဘေးရပ်နေ
ဒါလည်း သုံးထောင်ရလို့ပါပဲ။

"စစ်ပွဲတွေရပ်"၊ ရင်ဘတ်တွေပြိုင်တူဆွဲဖွင့်ပြီး
"ကမ္ဘာမြေငြိမ်းချမ်းပါစေ"သီချင်းကို အော်ဆိုကြ
ဒါလည်း ငါးထောင်ရလို့ပါပဲ။

ဖဲကြိုးဖြတ်မယ့်ကတ်ကြေးကို
နျူကလီးယားဒုံးကျည်ထိပ်ဖူးလို
ဂရုတစိုက်သယ်လာအပြီး
သြဘာသံတွေ ဝေါခနဲပြိုကျလာ
ဒါလည်း သုံးထောင်ရလို့ပါပဲ။

အထည်ချုပ်သမလေးတွေဟာ
သူဌေးနဲ့ ညှိနှိုင်းဖို့ စကားပြန်လိုတယ်
နေပူထဲမှာစောင့်နေ
ဒါလည်း ငါးထောင်ရလို့ပါပဲ။

အတန်းထဲဝင်လာရင် ဒီလိုနှုတ်ဆက်ကြဆိုပြီး
ကျောက်သင်ပုန်းပေါ်မှာ တစ်ရက်ကြိုရေးပေး
ဒါလည်း သုံးထောင်ရလို့ပါပဲ။

မုန့်စိမ်းပေါင်းဗန်းပေါ်ရောက်နေတဲ့
လယ်တီကျောင်းဆောင်ကို
လက်သီးကျစ်ကျစ်ဆုပ် ကာကွယ်ထား
ဒါလည်း ငါးထောင်ရလို့ပါပဲ။

ဒါကို ဖတ်ပြီးသူတွေလည်း
ကျွန်တော့်ထံမှာ
လူကြီးငါးထောင်၊ ကလေးသုံးထောင်
မပျက်မကွက် ဆက်ဆက် ထုတ်ယူဖို့
မေတ္တာရပ်ခံချင်ပါတယ်။ ။

ဟိန်း

26.5.13

1 comment:

  1. ပေါက်ကြေးကို နာဂစ်မှာတောင် မျှော်ခဲ့ကြတဲ့ ပြည်သူတွေအတွက် မဲရောင်းဈေးကွက်ဆိုတာ အထာမလိုတော့ပါ ...

    ReplyDelete