Tuesday, May 28, 2013

ကြယ်တွေကို အမိအရဆွတ်ဖို့ဆို ညီညွတ်ဖို့လိုတယ်



ပထမဦးဆုံး
အိမ်ကမိန်းမနဲ့ညီညွတ်ရမယ်။
ဒုတိယ
ကိုယ့်သားနဲ့ပေါ့။
တတိယ
မင်း သမီးလေးနဲ့ညီညွတ်ပြီးရင်
ငါတို့အိမ်ပြီးပြီပေါ့။

လေဒဏ် မိုးဒဏ်ပတ်ဝန်းကျင်ဒဏ်တွေ ပြီးပြီပေါ့။

ဒီလို အရှေ့အိမ်အနောက်အိမ်
ခေါင်းရင်းအိမ်နဲ့ခြေရင်းအိမ်လေးများ အပြန်အလှန်ပေါင်းကူးပြီးရင်
တောင်လေ မြောက်လေအဝေးက လေတွေ ကြိုက်သလောက်လာစမ်း ပြီးပြီးပေါ့။

ပြီးရင် ရှေ့ကချိုင့်ခွက်ထူလမ်းကလေးကို
နိုင်လွန်ကတ္တရာလမ်းကြီးအဖြစ်ပြောင်းလိုက်ကြတာပေါ့။

အဲ့ဒီလို
ဒီမြို့ကလေးကိုညီညွတ်အောင်လုပ်ပြီးရင်
နောက်ထပ်မြို့ကြီးတွေဆီ ငါတို့သွားကြမယ်။

ငါတို့မြို့သားတွေဘယ်လောက်
ဘောလုံးကန်ကောင်းကြောင်း။ ငါတို့မြို့သားတွေ
ဘယ်လောက်သီချင်းဆိုကောင်းကြောင်း
ငါတို့မြို့သားတွေဘယ်လောက်
စာရိတ္တကောင်းမွန်ကြောင်း။ ငါတို့မြို့သားတွေ
ဘယ်လောက်ဝိဇ္ဇာသိပ္ပံတွေ ထွန်းကားပြန့်ပွားနေကြောင်း
အကြောင်းတရားနောက်မှာ
နောက်ထပ်အကြောင်းတရားတွေ ဘယ်လောက်များခဲ့ကြောင်း
ကျောင်းတွေမှာသင်ကြားပေးဖို့ပေါ့။

လက် ၅ ချောင်းဟာမညီညွတ်ပေမယ့်
ညီညွတ်တဲ့စပါးတွေကို စိုက်ခဲ့ကြတယ်။
ညီညွတ်တဲ့လူသုံးကုန် ပစ္စည်းတွေကိုထုတ်လုပ်ခဲ့ကြတယ်။
ညီညွတ်တဲ့မညီညွတ်မှု သဘာဝဘေးဒုက္ခတွေကို ဖယ်ရှားနိုင်ခဲ့တယ်။

ညီညွတ်လို့ဆက်ဒမ်ဟူစိန် သေခဲ့ရပြီ။
ညီညွတ်လို့ဘင်လာဒင် သေခဲ့ရပြီ။
ညီညွတ်လို့နောက်ဆုံး ကဒါဖီ သေခဲ့ရပြီ။

မညီညွတ်လို့
တောင်/မြောက်ကိုရီးယား ကွဲခဲ့ကြပြီ။
ညီညွတ်လို့
အရှေ့/အနောက်ဘာလင် ပြန်ဆက်ခဲ့ကြတာပေါ့။

မညီညွတ်လို့
သဲကန္တာရကြီးများလက်ဆောင်ရခဲ့သလို
မညီညွတ်လို့
ပင်လယ်ရေမျက်နှာပြင်တွေရဲ့ခုန်အုပ်ခြင်းကို
‘‘ကျွန်’’တွေပမာ‘‘ကျွန်း’’တွေခံလိုက်ရတာပေါ့။

မညီညွတ်လို့
ညီညွတ်အောင်ဆို
ချိုးငှက်ကလေးတစ်ကောင်နဲ့ရပါ့မလား။
သံလွင်ခက်လေးတစ်ခက်နဲ့
မျက်နှာချိုသွေးဆွေးနွေးလို့ဖြစ်ပါ့မလား။

ဘယ်လောက်ကာကာ
မညီညွတ်ရင်
မဟာရံတံတိုင်းကြီးလည်းမရ။
မြင့်မိုရ်တောင်ကြီးလည်းမရ။
၂ သိန်း ၄သောင်း မြေသားထုကြီးလည်းမရ။

ညီညွတ်ရင်
မျက်စေ့တစ်မှိတ်လျှပ်တစ်ပြက်နဲ့ ရတယ်။
ညီညွတ်ရင်
စိတ်နဲ့ ခန္ဓာတစ်ခဏလေးနဲ့ ရတယ်။

ညီညွတ်ရင်
လက်ခုပ်သံဝီစီသံ ကောင်းချီးပေးသံတွေညံလို့။
မညီညွတ်ရင်
ခဲကျိုးများဖိနပ်များနဲ့ ရေသန့်ဘူးခွံများခုန်ပျံလို့
ရောက်လာကြလိမ့်မယ်
ဂုဏ်ပြုပန်းကုံးများလိုနဲ့မိသားစု ပန်းခွေများလိုပေါ့။

ညီညွတ်ဖို့
ဖိန့်လုံးတွေခြောက်လုံးတွေ လျှို့ဝှက်လက်နက်ပုံးတွေမလိုဘူး။
အရေးကြီးတာကအရစ်ကျ ငါတို့ ပေးဆပ်သွားဖို့ပဲ။

ငါတို့ တိုက်ပွဲဝင်ရမှာက
မင်းတို့ထင်သလို
ဘယ်ပါတီ ဘယ်အစိုးရနဲ့မှမဟုတ်ဘူး
လူမျိုးတုံးသတ်ဖြတ်သွားမယ့် သဘာဝတရားကြီးနဲ့ကွယ့်။

ညီညွတ်မှပန်းတွေ ထင်တိုင်း ပွင့်လို့ ရမှာပေါ့ ။
ညီညွတ်မှလမ်းတွေ ထင်တိုင်းလွင့်လို့ ရမှာပေါ့။
ညီညွတ်မှစမ်းတွေလည်း ထင်တိုင်းစွင့်ကား ကန္တာရထဲပြေးဝင်သွားနိုင်ကြမှာပေါ့။

ပုဏ္ဏကတိုက်သလိုသရဲခြောက်သလိုလုပ်နေရင်
ဒီအိမ်ကြီးကြိမ်မီးအုံးသွားမှာပေါ့။
ဘယ်ပုံစံနဲ့ရေးရေးဘယ်ပုံစံနဲ့သွားသွား ဘယ်ပုံစံနဲ့ဆွဲဆွဲ
ဘယ်ဘာသာနဲ့အော်အော်ရောက်ဖို့ပဲ
မတူတာကိုကဒီမိုကရေစီပဲ ရောက်ဖို့ ဒါပဲမဟုတ်လား။

ပန်းစိုက်မှာလားဓါးစိုက်မှလား
သွားစိုက်မှာဆိုလည်းညီညွတ်ဖို့ပဲ။

ညီညွတ်ဖို့ညွှတ်နူးရမယ်ဆိုလည်း လာကြ
ငါတို့ခေါင်းတွေအောက်ဆိုက်မြေကြီးမှာ ရွှေသီးတာကြည့်ကြမယ်။

မညီညွတ်လို့
ခင်ဗျားသားပြုပြင်ထိန်းသိမ်းရေးစခန်းရောက်သွားပြီ။
မညီညွတ်လို့
ခင်ဗျားကားပေ ၄၀၀၀ အမြင့်က ထိုးကျသွားပြီ။
မညီညွတ်လို့
ထင်းစည်းကြီးလည်းမီးတွင်းကြီးထဲ ရောက်သွားပြီ။

မညီညွတ်လို့နွားတွေလည်း ကျားဆွဲခံရပြီ။
မညီညွတ်လို့နဂါးတွေလည်းပျားစွဲ ပြဿနာတွေပဲချန်ခဲ့ကြပြီ။

ညီညွတ်ရင်
တောင်ပေါ်လမ်းကလေးရဲ့ဘေး  တဲကလေးထဲက
သစ်သီးဝလံလေးတွေပေါ်
တန်ဘိုးကလေးသာရေးကပ်ထားဘာမှ စိုးရိမ်စရာ မရှိတော့ပြီ။

ညီညွတ်ရင်
ညည ထထ ယောင်အော်စရာမရှိတော့ပြီ။
အိပ်ရေး ၀မယ်ထင်းရေးမီးရေး လူဆိုး သူခိုးတွေရဲ့အရေး တွေးဆွေးစရာမလိုတော့ပြီ။

ညီညွတ်တဲ့အခါ
မနက်မျက်နှာသစ်ဖို့နဲ့ည ထမင်းစားဖို့ အေးဆေး။
ညီညွတ်တဲ့အခါ
စည်သွပ်ဘူးထဲကငါးတွေလို ငါတို့နေစရာမလိုတော့ဘူးပေါ့။
မညီညွတ်တော့
စာရွက်စာတမ်းဖိုးမီးနဲ့ သံလမ်းကင်းကြေးဖိုး
လက္ဘက်ရည်ဖိုးနဲ့ဆက်ကြေးလိုင်းကြေး အထွေထွေဝန်ဆောင်မှုအမျိုးမျိုးနဲ့
မျက်လုံးတစ်ဖက်မှိတ်ပြတာမျိုးအထိရှိရပြီ။

မညီညွတ်တော့
စစ်ကျန် ဘတ်စ်ကားအိုကြီးတွေလို သံရေကျိုစက်ထဲ
မင်းကဗျာမင်းနေရာတွေ ရောက်ရပြီ။

မညီညွတ်လို့
ခုတ်ဖဲ့ပေးလိုက်ရတဲ့မြေယာတွေ ကမ်းရိုးတန်းတွေ အလံတွေ
နှစ်ကာလတွေမျိုးဆက်တွေနဲ့ ယဉ်ကျေးမှုတွေ။

မညီညွတ်လို့
ညီညွတ်ရင်ဘင်လာဒင်ရှေ့က ကဒါဖီ သွားတယ်


မညီညွတ်လို့
ညီညွတ်ရင်ကဒါဖီရှေ့က ………  သွားတယ် ။ ။

ခရမ်းပြာထက်လူ
(၁၉/၁၁/၂၀၁၁)

အရင်ကတော့အောက်ဆုံး အပိုဒ်ကို
‘‘မညီညွတ်လို့
ညီညွတ်ရင် ငါတို့ကမ္ဘာကြီးနေကိုအပိုင်စီး
ညဆိုတာ မရှိရအောင် လင်းနေပြီ’’ 
ဒီလိုရေးပြီးအဆုံးသတ်လိုက်တာခုပြန်ဖတ်ကြည့်တော့ အဲ့ဒီလို ‘‘သတ်’’တာကို
သိပ်မကြိုက်တာနဲ့ခုလိုပြောင်းပြီး ‘‘သတ်’’လိုက်မိတယ်။ခင်ဗျားတို့လည်းဝိုင်းသတ်ကြည့်ပါဦး။

No comments:

Post a Comment