Saturday, May 11, 2013

ရေတမာငေးငေးတွေ

ဝတ္ထုဝယ်တာက အစ
ဇာတ်ကားရုံတင်တဲ့ အဆုံး
ဇာတ်လမ်းဟာ ဒီမှာ စ/ဆုံးခဲ့မှာပဲ။

မရပ်ရ မနေနိုင်ဘူး
မလျှောက်ရ မနေနိုင်ဘူး
မထိုင်ရ မနေနိုင်ဘူး
မမှီရ မနေနိုင်ဘူး
ကြိုက်တဲ့အချိန်ပြော
ဟောဒီ လေးပြင်လေးရပ်
သူတို့အမျိုးချည်းပဲ။

တောင်ကို မော့ကြည့်ချင်
ကျုံးကို ငုံ့ကြည့်ချင်
ခါးကို ဆန့်ထုတ်လိုက်တော့
ညနေခင်းပူးကပ်ယှက်နွယ်မှုဟာ
အရုပ်ဆိုးတယ် အပြောခံရရော။

သူကာပေးရင်
ကမ္ဘာစစ်ဖြစ်နေဖြစ်နေ ဆိုသူတွေလည်း အများကြီး
အခြေအနေက နှစ်ခုပဲ
ပင်စည်ကို လက်သီးနဲ့ထိုးမလား
ရွှဲနေတဲ့လက်ကို သစ်ရွက်နဲ့ သုတ်မလား။

စိမ်းစိမ်းတွေအောက်မှာ
နီနီတွေသောက် ဖြူဖြူတွေဖွာချင်ရင်
ပြာပြာတွေကို အဆင်ပြေအောင်ညှိကြည့်
ဂစ်တာကြိုးညှိတာက ခက်တယ်။

လူတွေကြားထဲက ထွက်ခဲ့
ကြားထဲကလူတွေတော့ ဆွဲမထုတ်နဲ့။

ဘာပြောပြောပေါ့
ကမ္ဘာကြီးအဆုတ်ထဲက အိတ်ကလေးတွေအဖြစ်
သူတို့ဂုဏ်ယူဝမ်းမြောက်ကြောင်း
သတင်းစာထဲထည့်ပါတယ်။

ဟိန်း

No comments:

Post a Comment