
ရန်သူမျိုးငါးပါးမှာ
မီးကလွဲပြီး အလုံးအရင်းနဲ့ ၀င်တိုက်တယ်
ရေ = လေ = မင်း = မချစ်မနှစ်သက်သောသူ ။
ကြိုမြင်သူတွေ၊ ကြိုသိသူတွေ၊ ကြိုကြားသူတွေ၊ ကြိုတွေ့သူတွေဟာ
ကြိုမပြောဘူး။
120 mph မှာ ထိုင်ခုံတစ်လုံးကို ဖိထားပြီး
အားလုံးကို အလွင့်စင်ခံလိုက်တယ်။သွပ် ဟာ အချပ်လိုက် ပျံ
တဲ ဟာ အလုံးလိုက် လိမ့်
သစ်ပင် ဟာ အပင်လိုက် လဲ
ကျောင်း ဟာ အဆောင်လိုက် ပြို
လူ ဟာ အကောင်လိုက် မျော
ဘ၀က အလွှာလိုက် ပဲ့ကျ။
မိုးနဲ့ပတ်သက်တဲ့
ဘယ်သီချင်း၊ ဘယ်ကဗျာ မှ မကြားချင်တော့ပါ တဲ့။
ဒီမြို့လေးမှာ
ရက်လည်ဆွမ်းသွတ်ဖိတ်စာဟာ
ရှင်ပြုနားသ ဖိတ်စာလိုပဲ
တစ်စောင်မှာ ၃ယောက်၊ ၅ယောက်၊ ၈ယောက်။
ရှောင်လို့ မရဘူး။ ကာလို့ရတယ်။
ငါတို့သိတယ်။ ခင်ဗျားတို့ သိသင့်တယ်။
ခုတော့ ...
ကပ် ကို ၀ါးကပ်လေးနဲ့ ကာမိ
ကပ် ကို မိုးကာလေးနဲ့ ကွယ်မိ
ကပ် ကို ငြိကျန်ခဲ့တဲ့ ထမီနဲ့ အလှဆင်
ကပ် ကို ရွှံ့ထဲကတိုးထွက်နေတဲ့ လက်တစ်ဖက်နဲ့ အလှဆင်
ဒီနည်းနဲ့ ကမ္ဘာမကျော်ချင်ဘဲ ကျော်ရတယ်။
ကျန်ခဲ့သူတွေဟာ
ဘာစကားမှမပြောဘူး
ဘာမျက်ရည်မှ မကျဘူး
လမုတောကလေးဆီ ငေးငေးနေ
ကလေးမပါတဲ့ ပုခက်ကို လွှဲလွှဲနေ
ဆန်မပါတဲ့ အိုးကို တည်တည်နေ
မိသားစုခြင်ထောင်ကြီးဟာ အပေါက်အပြဲတွေနဲ့
ချောင်ချိသွားပေါ့။
မြေပုံထဲပါပြီး
တကယ်မရှိတော့တဲ့ ၇ွာကလေးတွေပေါ်
လက်နဲ့ထောက်လို့ ငိုင်ငေးတိတ်ဆိတ်။
မျက်ရည်ထဲ ဆားငန်ရည်စီးဝင်နေသူတွေကို ကြည့်ရင်း
ငါတို့ဟာ ...
ဆားငန်ရည်ထဲ မျက်ရည်တွေ ၀င်စီးနေမိတော့တယ်။
ဟိန်း
3.5.12
(မနှစ်က ကဗျာပါ)
မိုးပေါ်ကကျလာတဲ့ ရေတွေအောက်မှာ မျက်ရည်တွေဟာ ခုတ်သားတွေလို စီးကျခဲ့ကြပေါ့ ...
ReplyDelete“ နာဂစ် ”
NARGIS
တောင်ပံတပ်သစ်ပင်တို့ ပျံသန်းအိပ်စက်
အမိုး၊အကာ၊အခင်းတို့ အငြင်းပွား
သစ္စာပျက်ခိုက်ရန်ဖြစ်မှုများ
ပွယောင်း ပစ်တိုင်းထောင်ရုပ်ကလေး
ရေလှိုင်းထဲမှာ ပေါလောမျော.....။
ငြိမ်းစိုးဦး
( 24 ; 5 ; 2008 )
ရယ်စရာမဂ္ဂဇင်း
အောက်တိုဘာလ၊ ၂၀၀၈-ခုနှစ်။