Wednesday, May 29, 2013
ခင်ဗျားတို့ ကျွန်တော်တို့ကလေးတွေရဲ့ပညာရေး(၂)
မိုးမှာကျောင်းတွေပိတ်ပြီး နွေမှာကျောင်းတွေဖွင့်ကြတယ်။
ဘယ့်နှယ့် အပြင်မှာ အခန်းထဲမှာ ဆော့ကစားရမယ့်အရုပ်တွေလို ကလေးတွေ ပွပလဲနေရသလဲ
ဘယ့်နှယ့် အပြင်မှာ ခြံထဲမှာ မရှင်းပဲရှုပ်ထွေးနေတဲ့ အမှိုက်တွေလို ကျူရှင်တွေ ပွပလဲနေရသလဲ
ဒီနွေမှာ မီးဘေးကာကွယ်ရေးနဲ့အတူ
သမီးအရေး သားအရေး ကာကွယ်ရေးတွေလုပ်လို့။
ဒီ သေရေး ရှင်ရေးကိစ္စ
နောက်တစ်နှစ်ကို ဒီတစ်နွေနဲ့ သေခန်းဖြတ်မှ ရှေ့တစ်နှစ်မှာ ငါ့သမီး/သားလေး ရှင်လမ်းမြင်နိုင်မယ်။
မင်းအရိုးအဆစ်တွေသန်မာလာအောင်
သားလေး မင်း ဘယ်ကစားကွင်းမှ မသွားတော့ဘူးလား ။
မင်းအာရုံကြောတွေ နောက်တစ်နေ့အတွက် အဆင်သင့်ဖြစ်နေအောင်
မင်း ဘယ်ရှုမျှော်ခင်းမှ သွားမကြည့်တော့ဘူးလား။
သမီးလေး မင်းချစ်ချင်းမေတ္တာတွေ မင်းမိဘတွေရဲ့သွေးကြောထဲလောင်းထည့်ဖို့
ဒီနွေမှာ ပန်းကန်တစ်ချပ် အင်္ကျီတစ်ထည် လျှော်ဖွပ်ဆေးကြောခြင်းဖြင့် သက်သေမပြနိုင်တော့ဘူးလား။
မယဉ်ကျေးတဲ့ကမ္ဘာကြီးထဲမှာ ယဉ်ကျေးအောင်နေထိုင်တတ်ဖို့
ဒီနွေမှာ ဘယ်ယဉ်ကျေးမှုသင်တန်းမှ မင်းသွားမတက်တော့ဘူးလား။
မိုးမှာကျောင်းတွေ ပိတ်ပြီး နွေမှာ ကျောင်းတွေဖွင့်နေသလား။
လစာနဲ့မလုံလောက်လို့ လာပ်စားရပါတယ်
ကျောင်းစာနဲ့မလုံလောက်လို့ ကျူရှင်ယူရပါတယ်။
တစ်ဘ၀စာနဲ့မလုံလောက်လို့
ကလေးဘ၀ ကစားကွင်းလေးပါပေးပြီး ဘာမှမရှိတဲ့အနာဂတ်ကို
မီးခဲတုံးကြီးလိုလှမ်းကိုင်
ကျွန်တော် ကျွန်မတို့် ပြာကျခဲ့ရရှာပါတယ်လို့ သူတို့လေးတွေကလည်းပြောချင်နေပါတယ်။ ။
ခရမ်းပြာထက်လူ
( ၂ ၀ ၁ ၃ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment