နေပါဦးလား
ထစ်ကနဲရှိ စစ်ဖြစ်ချင်ရတာနဲ့
နေပါဦးလား
တစ်ယောက်တည်းနဲ့ တိုက်စစ်ရော ခံစစ်ပါ ကစားနေရတာ။
နေပါဦးလား
ထောင်ချောက်တွေ ဘရုတပ်သားတွေ လူရိုင်းတွေလက်ထဲမှာ
သတိရပါဦးလား
အရှိုးရာဗရဗျစ်နဲ့ ကျောကော့အောင်ခံခဲ့ရတဲ့ ဒဏ်ရာအမာရွတ်တွေနဲ့နေ့တွေကို
သတိရပါဦးလား
တစ်ကမ္ဘာလုံးစာ ထည့်ကျိုထားတဲ့ ဒီပြဿနာအိုးကြီးနဲ့သူ့ကို
သတိရပါဦးလား
အနုနည်းနဲ့ရော အကြမ်းနည်းနဲ့ပါ မဒိမ်းအကျင့်ခံခဲ့ရတဲ့ သူ့ရဲ့ ကိုယ်ကျင့်တရားနဲ့ခန္ဓီပါရမီကို
ငါတို့ သိနေတာပဲ
သေရာပါဒဏ်ရာတွေနဲ့ ခုထိ သွေးမတိတ်တဲ့တေးကို ဆိုနေရတယ်ဆိုတာ
ငါတို့ သိနေတာပဲ
နှုတ်မဆက်ချင်လောက်အောင်စောင်းထွက်သွားလည်း သူကတော့ချစ်နေမှာပဲ
လူမိုက်ဆန်ဆန် လမ်းကိုရဖို့
ဆန်တွေကိုဒီမြစ်ထဲသွန်ချ ဒီကျင်းကိုဖို့လို့မရဘူးဆိုတာ မင်းတို့သိမှာပေါ့
သူက အင်တာနေရှင်နယ်လ် ဖစ်ဂါ(ရ်)
မင်းတို့က နွားခြေရာခွက်ကို ခုမှကမ္ဘာထင်နေသူ
ကစားပွဲတစ်ခုမှာ သူကျွေးကိုယ်ကျွေး ပြန်လည်ထိုးကျွေးတာရော မဖြစ်နိုင်ဘူးလား
ချစ်တယ်ဆို
ချစ်တယ်ဆို
ချစ်တယ်ဆို
သိပ်ချစ်တာပဲဆို
အမေရှိရင် ငွေရှိတယ်ဆို အမေမရှိရင် ဘာငြိသွားမလဲ စဉ်းစားလေ
ကြက်ကလေးငှက်ကလေးလို ခြင်းထဲပြန်ကောက်ထည့်
ပလိုင်းထဲကဖားလို လိုင်းထဲပြန်ထည့် ပေ ထပ်ဖြစ်ချင်လို့လား တူတွေရဲ့အောက်မှာ။
ကိုယ့်လူ အိမ်တစ်အိမ် မိသားစုတစ်စုကိုထိန်းဖို့တောင် ခင်ဗျားမလွယ်ဘူးမဟုတ်လား
တိုင်းပြည်တစ်ပြည်ကို ရန်သူ့လက်ထဲက ပြန်လုယူဖို့ကိစ္စ ခင်ဗျားတွေးကြည့်တော့။
ကာမစိတ်ကြွဆေးထက်ဆိုးပြီး ဘိန်းစစ်ပွဲထက်ဆိုးတဲ့ မှိုင်းတွေခင်ဗျားတို့ရှေ့မှာ လမ်းသလားလို့
ကျောင်းသားကို ဆရာကထိန်းနိုင်တယ်
ဆရာကိုကျောင်းသားတွေက မထိန်းနိုင်ဘူး
ခင်ဗျားတို့ရှေ့မှာ
အလံအမျိုးမျိုးနဲ့ စာအုပ် သုံး, လေးအုပ်ဖတ်ထားတဲ့ကောင်တွေကိုသတိထား။
ထမင်းကိုတောင်ဝါးပြီးကျွေးတယ်
ဘယ်တော့မှ
အမေဆိုတာ အဆိပ်ကိုမခွံ့ဘူး ။ ။
ခရမ်းပြာထက်လူ
( ၂ ၀ ၁ ၃ )
No comments:
Post a Comment