Monday, August 12, 2013

ခုံနံပါတ်(၂၃)




ဟောလိဝုဒ်ကားတွေလည်းကြည့်ပါတယ်။ ဘောလိဝုဒ်ကားတွေလည်းကြည့်ပါတယ်။ တစ်ခါတစ်ခါပြင်သစ်၊ ရှရှား၊ ဂျာမန်၊ ဘရာဇီးကားတွေလည်း ရံဖန်ရံခါပေါ့။ အာရှမဟုတ်တာတော့သေချာတယ်။ ကိုရီးယားတွေ၊တရုတ်ကားတွေက မကြည့်လည်းမြင်နေတာပဲ။ ဗင်နီဇွဲလားအလှမယ်တွေအကြောင်းလည်း သေချာလေ့လာထားသေးတာ။ ဒါတောင် မခန့်မှန်းတတ်အောင် ဖြစ်နေတယ်။ အကြည့်ပြာပြာတွေလား၊ မီးရောင်ပြာပြာကြောင့်လား။ ဒါလည်းသိပ်မသဲကွဲပေမယ့် သိပ်အရေးကြီးတဲ့ ကိစ္စတော့မဟုတ်ဘူး။ အဲယားကွန်းကလည်း အေးလိုက်တာ။ စောင်ခြုံထားတာထက် စောင်ထဲမှာ သူကိုယ်တိုင်စိတ်လိုလက်ရ နစ်ကျွံနေတာနဲ့ ပိုတူတယ်။ ကိုယ်လည်း ခြုံထားတယ်။ မျက်လုံးတွေတော့ ပူနေလို့ အပေါက်ကလေးဖောက်ပြီး ဟပေးထားတယ်။ ရိပ်မိပြီထင်တယ်။ အကြည့်ချင်းဆုံမှာကြောက်လို့ မျက်လုံးတွေမကြာခဏမှိတ်မှိတ်ပစ်နေတာတော့ ကိုယ်သူရဲဘောကြောင်လွန်းပါတယ်။ အလွန်ဆုံးရှိလှ ကိုယ်နဲ့ရွယ်တူ၊ ကြီးလှတစ်နှစ်၊ ငယ်လှတစ်နှစ်ပေါ့။ ဆံပင်လေးတွေကို ခဏခဏသပ်ပြီး ဖြူးချလိုက်တာ ဖြူးရောက်တော့တာပဲ။ အသုပ်စုံဆိုင်ရှေ့မှာ ရပ်ငေးနေတော့ မြန်မာ့ရိုးရာမုန့်တွေအကြောင်းရှင်းပြရင်း ၀င်လုံးရမလားတွေးတယ်။ မဖြစ်ဘူး။ တောင်အမေရိက လောက်ကဖြစ်မယ်။ အရပ်အမောင်းကလည်း ကိုယ်နဲ့ဆို မျက်ခုံးမျက်ခုံးချင်း၊ နားရွက်နားရွက်ချင်း ထိပစ်လို့ရတယ်။ အလင်းထဲမှာ မြင်မှ အသားအရည်တွေ ဒီလောက်လှမှန်းသိရတာကိုး။ ရဲပြီးမွဲနေတာမဟုတ်ဘူး၊ နုပြီးဥနေတာလေ။ အအေးဆိုင်ရှေ့လှလှကြွကြွလေးလျှောက်သွားပြီး ကုတ်တစ်ဘူးကို လက်ညှိုးထိုးမှာတယ်။ ဘယ်လိုအသံမျိုးထွက်လာမလဲလို့ မျှော်လင့်နေပါတယ်ဆို ရောင်းတဲ့သူကလည်း လက်တစ်ချောင်းထောင်ပြတယ်။ အားလုံးမှာ သူအရင်ပြန်တက်သွားတာပဲ။ ကိုယ်လိုက်သွားတော့ ၂၄ကလွတ်နေ၊ တစ်ယောက်မျက်လုံးက တစ်ယောက်မျက်လုံးထဲ စိုက်နေတော့ ကမ္ဘာသုံးနှုတ်ဆက်စကားနဲ့ အရဲစွန့်ကြည့်တယ်။ Hi ။ အသံပြန်မလာဘူး။ အရုပ်ပဲပြန်လာတယ်။ ပြုံးပြုံးလေးမြှောက်ပြတယ်။ ကုတ်ဘူးကို။ ရပါတယ်၊ ကျေးဇူးတင်ပါတယ်ဆိုတဲ့ English စကားတော့ ကိုယ်တောင်သိသေးတာပဲ။ သူလည်းသိမှာပဲ။ ပြောပစ်လိုက်တယ်။ ဒါပဲ။ ဘာမှဆက်မလုံးတတ်တော့ဘူး။ မလုံးရဲတော့ဘူး။ မလုံးရဲမှတော့ ဖြည်ဖို့ဆို ဝေးပေါ့။ ကိုယ့်နေရာကိုယ်ပြန်ထိုင်ပြီး အစမှာရေးခဲ့တဲ့ စာကြောင်းတွေအတိုင်းပြန်လည်ကျင့်ကြံအားထုတ်တယ်။ ယုံလားတော့မသိဘူး။ တစ်ညလုံးကြည့်နေတာ သူ့နေရာလေးရယ်၊ ကားသမားရှေ့က ဒိုင်ခွက်ရယ်ပဲ။ ကားသမားက ကီလို၁၀၀ကျော်အောင် ခိုးခိုးနင်းတယ်။ သူကလည်း ကီလို၁၀၀ကျော်အောင် ကိုယ့်ကိုနင်းတယ်။ ကိုယ်မှာမရွေ့ဘဲ ပြေးနေတယ်။ တစ်ချက်တစ်ချက် သူ့မှာ ကိုယ့်ကိုကြည့်လိုက်၊ ၂၄ကိုကြည့်လိုက်လို့ထင်မိတယ်။ သွားထိုင်မယ် ထိုင်မယ်နဲ့ ကျွဲဆည်ကန်ကို ၀င်သွားတော့ ဒီကားအတော်မြန်သကွာလို့ ကျိန်ဆဲမိသေး။ အကွက်ဝင်ပြီ။ သူအိတ်ကိုဆွဲထုတ်တာ ကျပ်နေတယ်။ ၀ုန်းဆို ဘေးကလူကို တွန်းဖယ်ပြီး အမြန်ပြေးကူလိုက်တယ်။ သူနှစ်နှစ်ကာကာပြုံးတယ်။ "ကျေးဇူးပါပဲရှင်"တဲ့။ ကိုယ် ရပ်သွား၊ တန့်သွား၊ ငိုင်သွားတယ်။ တရုတ်ကားထဲက အကြောပိတ်ခံရတဲ့သိုင်းသမားလိုပဲ၊ ငါ့ကမ္ဘာဟာ အဲဒီနေရာမှာ နေကို မပတ်ဘဲ ငေးနေတယ်။ "ကျွန်မကို နိုင်ငံခြားသူထင်နေတာမလား၊ ဖေဖေက ဂျူး၊ မေမေက ဂေါ်ရခါး။ မိုးကုတ်မှာလေ။ အကြည့်တွေနဲ့တစ်လမ်းလုံးစောင့်ရှောက်ခဲ့တဲ့ရှင့်ကို ထပ်ပြီးကျေးဇူးတင်ပါတယ်။"



ဟိန်း

No comments:

Post a Comment