Monday, August 12, 2013

ပန်းကလေးများပွင့်တော့မည်၊ ဖူးတံဝင့်လို့ချီ၊ နေခြည်မှာရွှေရည်လောင်း၊ ငါတို့ ... ငါတို့ .... ငါတို့ ....




အလောင်းတွေလိုက်ရေရတာက သင်္ချာသင်ခန်းစာပဲ။
ဘယ်သူမှမဖတ်မယ့်နေရာဆီ သတ်ပုံမမှန့်တမှန်စာလေးတွေရေးရတာ မြန်မာစာသင်ခန်းစာပဲ။
ကျောပိုးအိတ်တွေ လွယ်ပိုးရတာက ကာယသင်ခန်းစာပဲ။
ကျင်းတွေချိုင့်တွေ ခုန်ကျော်ရတာက ကစားနည်းတစ်မျိုးပဲ။

ငါတို့ကျောင်းမှာ မုန့်စားမဆင်းရဘူး၊ ခဲတံမချွန်ရဘူး၊ စာအုပ်မ၀ယ်ရဘူး၊ အဖြူအစိမ်းမ၀တ်ရဘူး၊ စုံညီပွဲတော်မလုပ်ရဘူး။
မင်းဘယ်ကလာတာလဲကွ ၊ ငါက နဘား ၊ ငါက သံဖြူဇရပ်၊ ငါက ရွာရှည်၊ ငါက တောင်နီ၊ ငါက ကွမ်းချောင်း၊ ငါက ညောင်ပင်အုပ်၊ ငါက ဇရပ်ကွင်း ၊ ငါက ကင်းရွာ၊ ငါက နွားကျောင်း၊ ငါက ၇တန်း၊ ငါက ၆တန်းနှစ်ခါကျ၊ ဈေးရောင်း၊ ငါက တံငါ၊ ငါက ၈တန်းခဏနား၊
ငါတို့ ကျောင်းမှာ သူငယ်ချင်းပေါင်းစုံရှိတယ်။
ဒီကောင့်ဘေးမှာ အိပ်ရတာမမိုက်ဘူးကွာ၊
ညညဆိုလက်ကြီးပိုက်ပြီး မင်္ဂလာပါဆရာမလို့ ထထယောင်တယ်။
မင်း ၁၃အလီရသေးလားဟေ့ရောင်။
ငါငယ်ငယ်က ပါဝါရိန်းဂျားဖြစ်ချင်တာ။
မင်းမို့လို့ အိမ်ကထွက်ပြေးလာတယ်ကွာ။
ငါရောက်လာတုန်းက ဖိနပ်တောင်မတော်သေးဘူး။ အ၀တ်စုတ်တွေထည့်စီးတော့လည်းအဆင်ပြေပါတယ်။
မင်းတို့ရော ငါလိုဓာတ်ပုံပါခဲ့လားကွ။
ဒီဘက်အစွန်ဆုံးက ငါ့အမေ၊ ပြီးတော့ ငါရယ်၊ ငါ့အဖေရယ်၊ ဂါဝန်ကားကားကလေးနဲ့က ငါ့ညီမလေးပေါ့။
ညီမလေးနေကောင်းရဲ့လားမသိဘူးကွာ၊ သူက မောမောနေတတ်တယ်။
ဒါကို ဇာတ်ကားတစ်ကားလိုသဘောထား၊ တီဗီဂိမ်းတစ်ခုလို သဘောထား
တစ်ယောက်အနာပေါက်ထဲ တစ်ယောက်လက်ထိုးထည့်ပြီးမွှေနေသလိုစကားတွေနဲ့
ကင်းတဲထဲက ညတိုင်းဟာ ခြောက်ခြားတုန်လှုပ်ဖွယ်။
အစာစွမ်းအင်နဲ့မဟုတ်၊ အမိန့်စွမ်းအင်နဲ့မောင်းနှင်နေသော စက်ရုပ်လေးများ
ပါဝါရိမ်းဂျားဖြစ်ချင်သူတောင် သူ့ဟာသူစက်ရုပ်ဖြစ်နေတာ မသိရတဲ့အထိ
အမှောင်က နက်တယ်။
မနက်ဖြန် အရှေ့ဆုံးက တက်ရမယ်ဆိုတဲ့အကြောင်းလည်း
အာလူးဟင်းလေးတစ်ခွက်နဲ့တွေ့တော့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာပါပဲ။
အေးစက်စက်ပြောင်းဝတွေ ပူလောင်လာ
ပြီးတော့ ပြန်လည်အေးစက်သွား
ဒါမျိုးမှ ရွာအ၀င်လမ်းမလေးဆီ လွမ်းခွင့်ရတယ်။
ခြေထောက်က၀ဲတွေ ယားနေသေးသရွေ့ ဘာကိုမှ မနင်းမိသေးဘူးလို့ ဆိုနိုင်ပါတယ်။

"ရီ"ထိုးတမ်းကစားရင် "ရီ"လို့ အကြာကြီးမအော်နိုင်တဲ့သူက သေတတ်တယ်မလား
အေး .. ဒီမှာလည်း ထိုင်နေရင်းသေတတ်တယ်။
ဂျင်ပေါက်တမ်းကစားရင် မလည်ဘဲမြေကြီးထဲစိုက်သွားတဲ့သူက သေတတ်တယ်မလား
အေး .. ဒီမှာလည်း အိပ်နေရင်းသေတတ်တယ်။
စွန်လွှတ်တမ်းကစားရင် မှန်စာမကောင်းဘဲ ယှဉ်ဖြတ်တဲ့သူက သေတတ်တယ်မလား
အေး .. ဒီမှာလည်း လမ်းလျှောက်ရင်းသေတတ်တယ်။
ဗေဒင်ဟောတမ်းကစားရင် လက်နှစ်ဖက်နဲ့ဆုပ်ထားတဲ့ ဂေါ်လီလုံးစုစုပေါင်းကို မပြောနိုင်တဲ့သူက သေတတ်တယ်မလား
အေး .. ဒီမှာလည်း ထမင်းစားရင်းသေတတ်တယ်။
တစ်-နေရာယူ၊ နှစ်-အဆင်သင့်၊ သုံး-ကျည်ဆံထည့်၊ လေး-မောင်းချိန်၊ ငါး-၀ပ်၊ ခြောက်-ပစ်နိုင်ပြီ
အဲ့လိုမရှိဘူး။ တစ်-သေပြီ လို့လည်းဖြစ်တတ်တယ်။
ဖောင်ဖျက်စရာမလိုပါဘူး၊ အစကတည်းက ရေကူးလာခဲ့သူတွေလေ
နားရွက်ဘေးက ၀ှီးခနဲဖြတ်ထွက်သွားတော့လည်း
ရှေ့ကမြေကြီးတွေ ဖွားခနဲလွင့်ထွက်သွားတော့လည်း
ဘေးက သူငယ်ချင်း အားခနဲလန်ကျသွားတော့လည်း
ရတနာသုံးပါးကို သတိရလိုက်ပေါ့၊ သခင်ယေရှုကို သတိရလိုက်ပေါ့၊ အလ္လာရှင်မြတ်ကို သတိရလိုက်ပေါ့။
သေမင်းဆိုတာ ချွေးထွက်များတာတွေ၊ ချွေးထွက်နည်းတာတွေ မသိ။
ဟိုကောင်ဆို ချွေးတောင်မခြောက်သေးဘူး၊ သွေးတွေရွှဲသွားတာလေ။
ဟေ့..ဒီမယ်..၊ ငါတို့ကို စစ်သားကလေးတွေလို့ မခေါ်ဘဲ ဘာလို့ပြောင်းပြန်လှန်ပြီးခေါ်ကြတာလဲ။
နာခံရမယ့်အမိန့်အတွက် ခလုတ်ကိုဆွဲညှစ်ပစ်လိုက်
စွန်လွှတ်ချင်တဲ့လက်နဲ့...
အမေ့ကို လွမ်းစိတ်အတွက် ခလုတ်ကိုဆွဲညှစ်ပစ်လိုက်
ဂျင်ပေါက်ချင်တဲ့လက်နဲ့....
ဒီနေ့အတွက်၊မနက်ဖြန်အတွက် ခလုတ်ကိုဆွဲညှစ်ပစ်လိုက်
ဂေါ်လီပစ်ချင်တဲ့လက်နဲ့....
အရွယ်တူတာမတူတာမတွေးနဲ့၊ ဘာသာတူတာမတူတာမတွေးနဲ့၊
လူမျိုးတူတာမတူတာမတွေးနဲ့၊ ဘယ်သူမှမသတ်လည်းသေနေပြီးသားတွေပဲဥစ္စာ
ခလုတ်ကိုဆွဲညှစ်ချပစ်လိုက် မျက်ရည်သုတ်ထားတဲ့လက်နဲ့ ....
ပြီးတော့မှ
အသက်ရှင်ကျန်ရစ်သူဘ၀တူတွေပခုံးကိုဆွဲညှစ်ပစ်လိုက်
စိတ်နဲ့ .. ဟုတ်တယ် .. အဲဒီစိတ်လေးနဲ့ ဆွဲညှစ်ပစ်လိုက်
မကြာခင်အိမ်ပြန်ရတော့မှာဆိုတဲ့ စိတ်နဲ့။



ဟိန်း


(ကုလသမဂ္ဂနဲ့ ၂၀၁၂ ခုနှစ် ဇွန်လမှာ ချုပ်ဆိုခဲ့တဲ့စာချုပ်အရ လက်ရှိအချိန်ထိ နိုင်ငံတွင်းက ကလေးစစ်သားပေါင်း (၁၇၆) ယောက်ဟာ မိသားစုနဲ့ပြန်လည်ဆုံဆည်းခွင့်ရခဲ့ပါပြီ)


















No comments:

Post a Comment