Tuesday, September 24, 2013

သေငယ်ဇောနဲ့မျောနေတာတောင် သူတို့မှာနိုင်ငံတော်ကြီးအတွက် မှာစရာတွေကအပြည့်

ဒါ ဂန္ဓီကြီးနဲ့ ဆားတွင်းတွေဆီ ချီတက်သွားတာဖြစ်နိုင်သလို
ဒါ မေရီအင်တွိုင်းနက်ရဲ့နန်းတော်ကြီးရှေ့ ပေါင်မုန့်တန်းစီနေတာလည်းဖြစ်နိုင်တယ်။

အခုရွတ်နေတာ
ဗားတော့ဘရက်ရဲ့ကဗျာ(သို့မဟုတ်) မကျွတ်မလွတ်သေးတဲ့အမှုတွဲတွေရဲ့ညည်းညူးသံတွေလား။

အခုရွတ်နေတာ အခုရွဲ့နေတာ အခုစောင်းနေတာ အခုရောနေတာ အခုရောင်နေတာ
အသစ်လုပ်ထားတဲ့ခန်းမကြီးထဲက
အသစ်ပြန်သထားတဲ့ဟေးလားဝါးလားကြယ်တွေရဲ့သမ်းဝေမှုအရာမရောက်ကိန်းဂဏန်းတွေလား။

ကဗျာဖတ်ရတာပျင်းလာရင် ကမ္ဘာတစ်ပတ်လမ်းလျှောက်ကြည့်ပါလား
ဗဟုသုတလည်းရရင်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်း အရှက်အိုးလေးများလည်းကွဲရင်း။

အချင်းချင်းလွဲနေတယ်
အထီးနဲ့အမလွဲနေတယ်
ဘယ်နဲ့ညာလွဲနေတယ်
အဆိုးဆုံးက ပုခုံး ၂ ဖက်ပေါ်ပေါက်နေတဲ့ဦးခေါင်းကြီးတွေ ရှေ့နဲ့နောက်လွဲနေတာပဲ။

ရမ်းပြီးချီမတက်လာနဲ့လေကွာ
ကျည်ကာအင်္ကျီလို အနည်းဆုံးစာအုပ် ၃ ၄အုပ်လောက်တော့ဖတ်လာမှပေါ့။

ငါတို့ဘက်က အသက်တော့ပေးလိုက်ရတာတာ့ဟုတ်ပါပြီ မင်းတို့ဘက်ကဘာပြန်ရမှာလဲ။

ညံ့လိုက်တဲ့ဒီခရီးက
ခလုတ်တိုက်မိတိုင်းသွေးမထွက်ပဲ ရွှေချည်းထွက်နေမယ်ဆို ဒီစကား ငါဘယ်ပြောနေပါ့မလဲ။

မီးများလို့မီးနိုင်နေမှတော့
ကန္တာရပေါ်ဖိတ်ကျသွားတဲ့ရေတစ်စက်လိုဘယ်လိုလုပ်မီးဟုန်းဟုန်းတောက်နိုင်တော့မှာလည်း
အရိုင်းကို အရိုင်းနဲ့တုန့်ပြန် ရိုင်းလာကြတယ် ငါတို့ရိုင်းတယ်တဲ့။

ဘယ်လောက်လည်းဆို
သင်္ခန်းစာလေးပြီးလို့ ကျောင်းအကြောင်းအိပ်မက်လေးပြန်မက်ရင်တောင်
အတန်းရှေ့ထွက် ဇီးစေ့ပေါ်ဒူးထောက်အပြစ်ပေးခံရတဲ့အိပ်မက်တွေချည်း
အိပ်မက်ကလန့်နိုးတော့လည်း မြေမြုပ်မိုင်းတွေပေါ်ခြေအစုံနင်းမိရက်သား။

ဘယ်လောက်လည်းဆို
ဦးခေါင်းကိုအုတ်ခဲစာမိလို့ ပွင့်ထွက်လာတဲ့ကြယ်တွေထဲမှာတောင်
ငါတို့ဟာ ကျေနပ်လို့ ကြည်နူးလို့ မျောပါလို့။

ဒီလောက် လိင်ကျွန်လို ယောက်ျားဘယ်လိုရိုက်ရိုက်သစ်တုံးလိုငုံ့ခံနေတဲ့မိန်းမတွေလို
သူများဘာပြောပြောရယ်နေတတ်တဲ့နလပိန်းတုံးတွေလို
ရောင့်ရဲတယ်ယဉ်ကျေးတယ်ခန္ဓီပါရမီတရားနဲ့ပြီးပြည့်စုံတယ်ဆိုတဲ့
မီးရိုးဖလာကျောပြင်ကြီးတွေပါတဲ့နှစ်ချို့ဝိုင်ပုလင်းကြီးတွေရထားပါရဲ့နဲ့
မင်းတို့မို့ ကုဋေ ၈၀ သူဌေးသားလို့ သုံးဖြုန်းပစ်ခဲ့တယ် ညံ့ပ။

အေးလေ အရိုးလောက်မှ အရာမရောက်ခဲ့တဲ့ ခွေးတစ်ကောင်လို ပစ်ထားခဲ့တာကို
အေးလေ သစ်ရွက်တစ်ရွက်လောက်မှအစိမ်းမထား အစိမ်းစားခဲ့ကြတာကို
အေးလေ လက်ညှိုထိုးရာသေရာရွေ့စေနဲ့လက်ညှိုးကွေးရာသွေးပင်လယ်ကြီးဟီးနေခဲ့တာကို။

ဘယ်လောက်သဘောကောင်းလည်းဆို
သေငယ်ဇောနဲ့မျောနေရင်တောင် ငါတို့မှာ ငါတို့နိုင်ငံတော်ကို မှာစရာတွေအပြည့်နဲ့။ ။

ဘယ်လောက်လည်းဆို
သမိုင်းဝင်သစ်ပင်ကြီးအောက်မှာ
ရှိသမျှအရိပ်တွေသိပ်ထည့်ပြီး တစ်ယောက်တည်းထိုင်
သေနတ်စာမိသွားလို့ကြေကျနေတဲ့ လရဲ့ဈာပနကိုကြည့်ပြီး
ခုထိ သူ့ခင်ဗျာ ရုပ်သေးရုပ်ကလေးတွေကို ဟိုဒီရွေ့ကာလှုပ်ရမ်းဆော့ကစားလို့ကောင်းနေတုန်း။ ။


ခရမ်းပြာထက်လူ

(  ၂  ၀  ၁  ၃  )

No comments:

Post a Comment