Tuesday, September 24, 2013

ဒီပဲရင်း

တိတ်ခွေတစ်ခွေရဲ့ ပါးစပ်ပေါက်ထဲက
တိတ်ကြိုးတွေ စောင့်ဆွဲထုတ်ပြီး ပစ်ချ လွှင့်ကျဲပစ်လိုက်ပေမယ့်
အဲ့ဒီကြိုးတွေ လမ်းမတစ်ခုအဖြစ် ဆက်လက်စီးဆင်းသွားတယ်ဆိုတာ သူတို့မှ မသိပဲ။

ဦးခေါင်းတွေကို အုံနဲ့ကျင်းနဲ့ အတင်းဝင်ရောက်ရိုက်ခွဲခဲ့ကြတယ်
သွေးသံရဲရဲကြားက ဥာဏ်ပညာတွေ ဆက်ကာဆက်ကာ ပွက်ပွက်ဆူ ထတောက်တုန်း။
ပင်လယ်ရဲ့အနားသတ်တွေလို ပခုံးသားတွေကိုဝိုင်းဝန်းပိတ်ဆို့ ခုတ်ဖဲ့ခဲ့ကြတယ်
သွေးနုသားသစ် အသားတစ်တွေ ဆက်ကာဆက်ကာ အသစ်သစ်ထွက်လာနေတုန်း။

သူတို့ ငါတို့ကျောပြင်တွေကို စစ်မြေပြင်လို ဒရကြမ်း ဓါးတွေနဲ့ဝိုင်းထိုးခဲ့ကြတယ်
ဓါးတွေဟာ ကွေးညွှတ်ပြီး သူတို့ဆီ ပြန်သွားခဲ့ကြတာ သူတို့ မသိလိုက်ခဲ့။
သူတို့ ငါတို့ရင်ဝတွေကို ဘောလုံးတစ်လုံးလို ခြေထောက်တွေနဲ့ ပြေးပြေးပြီးကန်ခဲ့ကြတယ်
သမိုင်းဟာ အဲ့ဒီမှာနစ်ပြီး တရားခံဟာ အဲ့ဒီမှာကြိုးကွင်စွပ်ပြီးကျန်ခဲ့တယ်ဆိုတာကို သူတို့ မသိလိုက်ခဲ့။

အဲ့ဒီလမ်းမပေါ်မှာ ဟားတိုက် ရယ်မောနေကြတယ် အဲ့ဒီညက
သင်္ချိုင်းက ထလာသလို မိန်းမပျက်တွေ။
အဲ့ဒီမှာ ဖြူပတ်ဖြူရော် သွေးလိုနေကြတဲ့ လမ်းဘေးတစ်ဘက်တစ်ချက်
ကိုယ့်ကိုယ်ကိုယ် သေလို့ သေနေမှန်းမသိတဲ့ ဖုတ်အသွင်းခံထားရတဲ့ ယောက်ျားတွေ။

ရိုက်ဟ ရိုက်ဟ သတ်ဟ သတ်ဟ ဖြတ် အပြတ်ဖြတ် အမြစ်ကဖြတ် အသံတွေ အသံတွေ
ဒီအသံ
အဖေ့ကိုအပြုတ်လှဲပြီး သမီးကို နောက်ထပ်အပြီးခုတ်လှဲဖို့
လက်နက်တိုက်တစ်ခုထဲကနေ ဟိန်းထွက်လာနေတဲ့အသံ။

လောဘနဲ့သေရင် ပြိတ္တာဖြစ်တယ်
ဒေါသနဲ့သေရင် ငရဲဖြစ်တယ်
မောဟနဲ့သေရင် တိရစ္ဆာန်ဖြစ်ရတယ်
အမှားနဲ့အမှန်မသိရတဲ့အခါ ။ လက်ကိုင်တုတ်များ ။ နေ့စားများ ။ အပင်းထည့်ခံထားရသူများ
တလွဲမာနနဲ့သေတဲ့အခါ အသူရကာယ်မှာ ဖြစ်ကြရသတဲ့။

ဒီဘ၀မှာ သရဲလို
ဟိုဘ၀မှာ ငရဲလို နှစ်အသင်္ချေ ငိုပေရော့။
မိုးလင်းရင် အမှောင်ထဲ ပြန်လည်စိမ့်ဝင်ပြီးရင်း စိမ့်ဝင်သွားကြပေရော့။

ရော့ ဒီမှာသေနတ်တစ်လက်
ပစ်လေ
ရော့ ဒီမှာ ကျည်ဆံတစ်ထောင့်
ပစ်လေ
သေနတ်နဲ့ ကျည်ဆံတွဲထားမှ ထ လာနိုင်တဲ့ သတ္တိတွေ။
ဒီမှာ တရားကလွဲလို့ ဘာမှမရှိတဲ့လူအုပ်ကြီး ပစ်လေ
လူနဲ့ သေနတ်တွဲထားမှ ရှိနေတဲ့ သတ္တိတွေ။

လမ်းပေါ်မှာ လူအုပ်ကြီး
အလင်းတစ်ခုအတွက် အမှောင်ကို ဖေါက်ထွင်းနေတဲ့ လူအုပ်ကြီး
လူအုပ်ကြီးနောက်မှာ ကလေးတွေ သားသည်အမေတွေ အိုကြီးအိုမတွေ
ပြီးတော့ မသေမရှင်ဒရွှတ်ဆွဲပါလာတဲ့သွေးသံရဲရဲနဲ့ငါတို့ခေတ်ကြီးလေ။

ဒီဇာတ်လမ်းမှာ လှံသွားဟာ နှလုံးသားဘေးက ပွတ်ကာသီကာထွင်းဖေါက်သွားခဲ့တယ်
ဒီဇာတ်လမ်းမှာ နတ်သမီးကိုဆယ်ရင်း လူတစ်ချို့ရေတိမ်နစ်ခဲ့ရတယ်
ဒီဇာတ်လမ်းမှာ ခင်ဗျားတို့ထွေးထုတ်လိုက်တဲ့ ကွမ်းတံတွေးဟာ ကျုပ်တို့ရင်ဘတ်ပေါ် သွေးအဖြစ် လာစွန်းထင်းခဲ့ရတယ်။

ဘာနဲ့ချွတ်ချွတ် မကျွတ်တော့မယ့် အစွန်းအထင်းတွေ
၂၀၀၃ မေ ၃၀ ရက်
ဒီမှာ ရက်စက်သော အတိတ်ရဲ့လိပ်ပြာတွေ
ဒီမှာ ရက်စက်သော အတိတ်ရဲ့ဝိဥာဉ်တွေ
ဒီမှာ ရက်စက်သော အတိတ်ရဲ့ အရိုးတွန်သံတွေ
လျှောက်သွားနေတယ် ထကြည့်လေ ခင်ဗျားတို့ရဲ့စကော့ဝီစကီပုလင်းတွေထဲမှာ
ခင်ဗျားတို့ရဲ့သီးစုံးဖျော်ရည် ဖန်ခွက်တွေထဲမှာ
လျှောက်သွားနေတယ် ခင်ဗျားတို့ရဲ့ ဆီဦးထောပတ် ရွှေပန်းကန်တွေရဲ့အထဲမှာ
ပြီးတော့ ခင်ဗျားတို့ရဲ့ ရေချိုးခန်းတွေနဲ့ အိပ်ယာခင်းတွေပေါ်မှာ။
ပြီးတော့ ခင်ဗျားတို့ရဲ့ ရင်နှစ်သည်းချာလေးတွေရဲ့ကျောင်းလွယ်အိတ်အတွင်းက ဗလာစာအုပ်တွေထဲမှာ။

မမြင်ရတဲ့ဓါးသွားတွေရဲ့ လက်တုန့်ပြန်မှုနဲ့ ခင်ဗျားတို့အိပ်မက်ဆိုးတွေထဲ အကြိမ်အကြိမ်
ဘယ်နှစ်ခါ ခင်ဗျားတို့သေဆုံးခဲ့ပြီလည်း။ခြံထောင့်မှာ ရိပ်ကနဲ
ညည မိသားစု ဖွင့်ကြည့်နေတဲ့ တီဗီဖန်လ်သားပြင်ပေါ်ခုန်ခုန်တက်လာတဲ့အော်သံနဲ့ဝိဥာဉ်တွေကြောင့်
တီဗီကို ခင်ဗျားတို့ယောင်ယောင်ပြီး ပိတ်ခဲ့ရတဲ့နှစ်တွေ ခု ၁၀ နှစ်ပြည့်ပြီပဲ။

လည်နေတဲ့ CD အချပ်အပြားပေါ် အစင်းကြောင်းတွေထင်အောင်
ဓါးထောက် သေနတ်ထောက် ခင်ဗျားတို့ဖျောက်ခဲ့ပေမယ့်
ကမ္ဘာဟာလည်နေတုန်း
သွေးအလူးလူးနဲ့ယုံကြည်ချက်သီချင်းတွေက နန်းတော်ရဲ့အမြင့်ဆုံးပြဿာဒ်အထိ ရင်ကော့ပန်းထွက်နေတုန်းပဲ။ ။

ခရမ်းပြာထက်လူ

(  ၂  ၀  ၁  ၃  )

No comments:

Post a Comment