Friday, October 11, 2013

ဘူတာကို လည်ပြန်ကြည့်သောရထားများ

ဒီအကြောင်းတွေးရင်
ပန်းခင်းကြီးထဲ ခေါင်းမော့အသက်ရှုနေရသလိုပဲ
ကံ့ကော်၊ ယုဇန၊ ချယ်ရီ၊ စကားဝါ၊ မာလာ ... စသဖြင့် ..
ဒီအကြောင်းတွေးရင်
ငါတို့ကိုယ်မှာ ပင်မသွေးလွှတ်ကြောကြီးတွေ ဖြာထွက်လာသလိုပဲ
ပင်မ(၁)(၂)(၃)(၄)(၅) .. စသဖြင့် .. ။

အဆောင်ရှေ့က ခုံတန်းလျားကလေးမှာ
ငါတို့ အကြောင်းတွေကို ဓားနဲ့ထစ်ထားတယ်
မြေဖြူတောင့်ဖြူဖြူလေးတွေဟာ
ခါး ကနေ အချိုးခံလိုက်ရတိုင်း
ငါတို့ နာမည်ကို အော်တယ်
မိုးတွေဟာ သူတို့ကိုယ်တိုင်ရွှဲစိုသွားအောင်
ငါတို့ကို လိုက်ရှာတယ်။
နွေရဲ့ရင်ဘတ်မှာ ဘ၀တစ်ဆစ်ကို ချိုးခဲ့သူများ ..
လေရူးတွေလို သတိရစိတ်ဟာ တစ်ခါတစ်ခါ အသွေးအသားထဲထိ စိုက်ဝင်လာတယ်။

သစ်ပင်ဆိုတာ
အသစ်ထွက်လာမယ့် သစ်ရွက်ကလေးတွေကိုချစ်သလို
စွန့်ခွာသွားတဲ့ သစ်ရွက်ဟောင်းကလေးတွေကိုလည်း လွမ်းတယ်ဆိုတာ
ငြင်းစရာမလိုတဲ့ကိစ္စ..။
စာအုပ်တွေထည့်ထားတဲ့ခြင်းတောင်း ပါမယ်
မဆန့်မပြဲထည့်ထားတဲ့လွယ်အိတ် ပါမယ်
မနက်စောစော စာကျက်သံတွေပါမယ်
နှင်းဖွဲဖွဲတွေ ပါမယ်
ဒါတွေပါတဲ့ ပန်းချီကားတစ်ချပ် ပြခန်းမှာချိတ်ထားတယ်ဆိုပါစို့။
အဲဒီပန်းချီကားရှေ့ အုံနေမယ့်လူတွေဟာ ဘယ်သူတွေထင်လဲ ။

ဘ၀ဆိုတာ ကိုယ်တိုင်ခုတ်မောင်းမှ အရှိန်ကို သိတာမျိုး..
"ငါတို့အဆောင်မှာတုန်းက .. "လို့ စကားစမိရင် အဆုံးမသတ်ချင်တော့တာမျိုး ..
အိပ်မက်ထဲမှာ ကျူတိုရီရယ်တွေ ဖြေနေရတာမျိုး ..
ဆယ်တန်းဆိုတာ လူတစ်ယောက်ရဲ့ မျက်ခွံတွေအလေးဆုံးအသက်အရွယ်ပဲလို့ ထင်ခဲ့တာမျိုး ..
သူငယ်ချင်းအသစ်တွေကို သူငယ်ချင်းအဟောင်းတွေအကြောင်းပြောပြပြီး
အလွမ်းတွေ တစိမ့်စိမ့်ရွာကျနေတာမျိုး ..
သမုဒ္ဒရာထဲ ခုန်ချသွားတဲ့အတိတ်ကို ငါးမျှားချိတ်နဲ့ ထိုင်မျှားနေတာမျိုး ..
လက်ရှိအလုပ်အကိုင်၊ လက်ရှိအသက်အရွယ်မှာ
ဟိုတုန်းက အကြမ်းစာအုပ်ထဲ သီချင်းစာသားတွေ ခိုးခိုးရေးဖူးတဲ့ ဘ၀ကို
ပြန်ငေးကြည့်ချင်နေသလိုမျိုး ..
ငါတို့ မျက်ရည်တွေခဏခဏ ၀ဲတယ်။

ဂျူတီကုတ်အဖြူကို ချွတ်ထားခဲ့
လက်ထဲက ဂစ်တာ ချထားခဲ့
ဖတ်နေတဲ့စာအုပ် ခေါက်ထားခဲ့
ရောင်းနေတဲ့ဈေးဆိုင် ပိတ်ထားခဲ့
စီးနေတဲ့ကား ရပ်ထားခဲ့
ကိုယ်စီနေ့စဉ် ဘ၀အမောတွေကို ပစ်ထားခဲ့
ပြောချင်တာက
ရထားတွေဟာ ဒီတစ်ခါတော့ အဖြူအစိမ်းလေးတွေပြန်ဝတ်ထားတယ်။

ဆွဲလိုက်တော့ .. အဲဒီ အချက်ပေးဥသြကိုဆွဲလိုက်တော့ .. ။
ကမ္ဘာကြီးရဲ့ ရောက်လေရာနေရာတိုင်းမှာ
အချက်ပေးဥသြကို ဆွဲလိုက်တော့ .. ။
လမ်းကြောင်းရှင်းပေး၊ မီးစိမ်းပြပေးခဲ့တဲ့ ဘူတာကို ဘယ်ရထားက ပြန်ကြည့်သလဲ
အခု ပြန်ကြည့်မယ်
ကျောင်းသားဘ၀ရင်ခုန်သံအဟောင်းတွေကို မီးပူထိုးထားလိုက်
ပြန်ဆပ်ရမယ့်ကျေးဇူးတရားကို အရောင်တင်ထားလိုက်
အော်ဟစ်ရယ်မောရမယ့် အမှတ်တရအဟောင်းတွေကို ပြန်နွှေးထားလိုက်
ခိုခဲ့ဖူးတဲ့အရိပ်၊ ထွေးပွေ့ခဲ့ဖူးတဲ့လေထု၊ နင်းခဲ့ဖူးတဲ့မြေကြီးကို
နှုတ်ဆက်ဖို့ စကားလုံးရှာထားလိုက်
အဆင်သင့်ဖြစ်ရင်ပြော ..
ငါတို့ အားလုံး တလေးတစားဦးညွှတ် လက်ပိုက်ပြီး
အဲဒီဘူတာကို ပြန်ဆိုက်မယ်။

ဟိန်း

(စာပန်းအိမ်ဘော်ဒါ ဆရာကန်တော့ပွဲသို့)

No comments:

Post a Comment