Friday, October 11, 2013

မြန်မာသဒ္ဒါစာအုပ်နောက်ကျောဖုံး

တစ်ခန်းလုံးဆိုတဲ့ နိုင်ငံတော်သီချင်းမှာ
အသံလေးတစ်သံကိုပဲ ကွက်ပြီးကြားနေမိတဲ့အထိ
ငါ့နားတွေ ညံ့ဖျင်းနုံအ ခဲ့။
ဆရာမကြိမ်လုံးကို ခိုးရဲတဲ့သူငယ်ချင်း၊
ငါအပူကပ်မိတယ်။
နင့်ဘယ်ဘက်မျက်ခုံးလေးကို ခဏယူပေးကွာဆိုတော့
ကမ္ဘာအဆုံးထိထွက်ပြေးသွားတာ သူ့အမေတောင်ခုထိ ငိုငိုရယ်ရယ်။

အပြုံးလေးနဲ့ ခတ်လိုက်တဲ့လေမှာ
ပန်းတွေအားလုံး ပြန်ငုံသွားတယ်ဆိုတဲ့အကြောင်း
ကျောင်းအုပ်ဆရာမကြီးကို သွားတိုင်မယ်။
သံချောင်းကြီးက ငါ့ကိုခေါက်တယ်၊
တံမြက်စည်းကြီးက ငါ့ကိုလှည်းတယ်၊
တံခါးကြီးက ငါ့ကိုပိတ်တယ်၊
ဘောလုံးကြီးက ငါ့ကိုကန်တယ်၊
နင် အခါခါပွတ်သပ်ခဲ့ဖူးတဲ့ လှေကားလက်ရန်းကြီးလည်း
ငါ ထိုင်ဆဲနေရင်း
ချယ်ရီပွင့်ကလေးတွေဟာ စွယ်တော်ရွက်တွေပေါ်ကို
တဖွဲဖွဲရွာချပေါ့...
ဒီဇင်ဘာကျောင်းပိတ်ရက်တစ်ခုလုံး ထမ်းပိုးထားရသူပါ
လက်မောင်းက ကျောင်းတံဆိပ်လေးကိုပွတ်သပ်ငိုင်တွေ
နင်တော့ တံဆိပ်တွေပြောင်းရရှာဦးမယ်ဆိုပြီး
အပ်ချုပ်ဆရာတစ်ယောက်ဖြစ်ချင်စိတ်တွေ တဖွားဖွားပေါ်လာ..
လွယ်အိတ်တစ်ခုလုံး စာအုပ်တစ်အုပ်ထဲနဲ့ပြည့်နေတဲ့ကောင်
နောက်ဆုံးစာမေးပွဲကြီးမှာ ဒီကဗျာကို ချရေးခဲ့ပါတယ်။

ဟိန်း 

No comments:

Post a Comment