Tuesday, December 31, 2013

ကိုအောင်ကျော်ရယ်၊ ကိုချမ်းအေးရယ်၊ ငါရယ်

ဆုံကြတယ် ။

မြွေကြီးတော့ နဂါး တဲ့
ဒါဆို နဂါးလေး နှစ်ကောင်ပေါ့
ဟောဒီမြေပြန့်ရဲ့ တစ်ခုတည်းသောအမို့အမောက်။
နိမိတ်များဖတ်ခဲ့လေသလား
မြို့ဟာ ဂန္ဓာလရာဇ်နဂါးတို့ မီးနဲ့ပြာကျနေပုံ။

ပန်းဝယ်မလား၊ ငှက်လွှတ်မလား၊ ငါးစာလိပ်စာကျွေးမလား၊
လည်နေတဲ့ခွက်တွေထဲအကြွေစေ့ပစ်ထည့်မလား၊ သနပ်ခါးသွေးမလား၊
ရေသပ္ပါယ်မလား၊ ငါးလွှတ်မလား၊ တံမြက်စည်းလှဲမလား၊ ရွှေကပ်မလား၊
အောင်တော်မူဘုရား ။
ပန်ကာအောက်မှာ တရားထိုင်ဖို့ နေရာလုနေတဲ့ အမျိုးသမီးကြီးနှစ်ဦးကိုငေးနေမိ
ငါတို့ဟာ မတ်တပ်ရပ်ရင်းနဲ့ပဲ တရားထူးကို ရရှိခဲ့တယ်။


တကယ့်ဖိုင်နယ်ပွဲမှာ ကနောင်ဆိုတဲ့player ဆေးထိခဲ့တဲ့ ကွင်း ..
အောင်ပင်လယ်ကန်တော်။
လောင်စာဆီသိုလှောင်ကန်ကြီးတွေရယ်
အမှိုက်ပုံကြီးတွေရယ်
နေပူပူထဲ မနည်းကျားကန်ရပ်နေတဲ့ စပါးပင်တွေရယ်
ဆာလာအိတ်စုတ်ကို ခေါင်မိုးလုပ်ထားတဲ့ တဲတွေရယ် .. ဒါပဲ။
ကျောင်းသင်ရိုးထဲမှာ သူကရှိတုန်း၊ တကယ်တန်းကျ သူက မရှိတော့။

တံခါး(၁၂)ရပ်၊ ပြအိုးပြသာဒ်(၄၈)ဆောင် ..
နန်းမြို့ရိုး .. ။
သူ့ကိုယ်သူ ခတ်ထားတဲ့သော့
ငါတို့လည်း ဖွင့်မပေးတတ်။

ပြိုင်ကားနဲ့ ဆိုက်ကားနဲ့ တိုက်တယ်။
၁၂လမ်း။
သတိလစ်သွားတဲ့ဆိုက်ကားသမား ထူမယ့်အစား
ပြိုင်ကားသမားဟာ သွေးကွက်ကို ပိုက်ဆံတွေနဲ့ ဖို့နေလေရဲ့။

ခရေတွေကြွေနေတုန်းပဲ
ကုသိုလ်တော်ဘုရား။
ကျောက်စာတွေကြားမှာ ကွန်ဒုံးတွေပိုပိုများလာ
မင်းတုန်းမင်းတြား ရုပ်ထုကြီးတည်ထားကတည်းက။

ရွေ့လျားပညာသင်စနစ်ကို အကောင်အထည်ဖော်သော
နည်းပညာတက္ကသိုလ်ကျောင်းသား/သူတို့ရဲ့ ဌာနချုပ် ..
ရတနာပုံတိရိစ္ဆာန်ဥယျာဉ်။
ရှက်ရှက်နဲ့ပဲ မျောက်လွှဲကျော်တွေနား ၀ူးဝူးဝါးဝါးအော်ပြီး
လာကြည့်တဲ့ငါတို့ ၊ ပြန်အကြည့်ခံခဲ့ရ။

ခေါင်းလျှော်ရည်နံ့သင်းသင်းကလေးတွေနောက်ကို
ဆိုင်ကယ်ဘီး တည့်တည့် ဦးတည်လို့ ...
၇၃လမ်း။
မင်္ဂလာတံတားပေါ်မတက်ရတိုင်း
ငါတို့က မင်္ဂလာမရှိတော့ဘူးတဲ့လား..
ဝေး .. သေး ။

ကြိုးတပ်ပြီးဆွဲထားတဲ့ဗန်းရဲ့သက်တမ်းကို
သူတို့လေးတွေ ဂုတ်ပိုးက အသားမာနဲ့ တွက် ။
ဘူတာကြီး ..... ။
တွဲကြားကနေခေါင်မိုးပေါ်တွယ်တက်သွားတာ နှစ်ယောက်
စကြံ င်္ပေါ် မိုက်မိုက်ကန်းကန်းခုန်ချလိုက်တာ တစ်ယောက်
အိမ်သာသေးသေးလေးထဲမှာ လေးယောက်
ဦးဦးရဲကြီးတွေကို ကြောက်လို့ပါ တဲ့။
ငါတို့က သူတို့မနက်ဖြန်တွေကိုကြောက်တယ်။

အရသာတော်တော်စုံတယ်
လမ်း ၃၀။
လွမ်းဆွတ်ဝေးကွာမှုတွေ ဘူတာကြီးထဲဝင်သွား
ငိုယိုနာမကျန်းခြင်းတွေ ဆေးရုံကြီးထဲဝင်သွား
လိုအပ်ချမ်းသာမှုတွေ မင်္ဂလာဈေးထဲဝင်သွား
ဆဲဆိုပေါက်ကွဲခြင်းတွေ ဗထူးကွင်းထဲဝင်သွား
မူးယစ်ပျော်ရွှင်မှုတွေက ဆိုင်းဘုတ်စိမ်းစိမ်းဆိုင်တန်းများဆီ
ပခုံးဖက် ထွက်သွားကြ။

တစ်ဖက်မှာ လက်ညှိုးညွှန်ရာ ဦးခိုက်မိသော စေတီများ ..
ဂေါဝိန်ဆိပ်။
သွေးသားကိစ္စကို ဗမာငွေတစ်ထောင်နဲ့ ပေးဝယ်လို့ရတယ်ကြားတော့
ငါတို့ ဖျားသွားတယ်
နိုင်ငံခြားသားသီးသန့် ဆိုတဲ့ သင်္ဘောအသစ်ကြီးအောက်မှာ
ရေညိုညိုညစ်ညစ်တို့ စီးဆင်းသွားပေါ့။

အ၀င်မိန်းတံခါးကြီးတောင် ဆေးအသစ်မသုတ်ပေမယ့်
ငါတို့ မယုံလို့မဖြစ်ဘူး
အသက်အိုနေတဲ့ တက္ကသိုလ်....။
သီချင်းစာသားများ၊ ကဗျာစာပိုဒ်များ၊ ပန်းချီကားချပ်များ
ပြီးတော့ သူရဲကောင်းများ ..
လမ်းလို ဖြောင့်ခဲ့ရာ။

ညနေကို လျက်ဆားလုပ် မြည်းနေရသောဘ၀များ
၇၉ လမ်း။
ရထားထွက်တိုင်း တုန်ခါနေတဲ့နံရံကြီးကို မှီလို့
ဒီနေ့ ငြိမ်ဖို့ပဲ တွေးကြတယ်။

ဒီမြေကိုနင်းရင် ဒီနေရာမှာ လက်အုပ်စုံမိုး ဦးချပြီးမှပြန် ..
မဟာမုနိရုပ်ရှင်တော်မြတ် ။
WiFi Free(Foreigner Only) ဆိုင်းဘုတ်ကလေးနဲ့ဆိုတော့
မြတ်ဘုရားရှေ့တော်မှောက်မှာ
အောင့်သီးအောင့်သက်မုဒိတာပွားရတယ်။

တိုင်လုံးပေါင်း ၉၈၄ တိုင်
ဘယ်မှာမှ မင်ဖျက်ဆေးရာ မလွတ်ဘူး
ဦးပိန်တံတား။
ကျားအကြောင်းမပြောရဘူးလို့ နယ်ခံခရုပုတီးသည်ကလေးက ပြောတော့
ငါတို့လက်ထဲက Tiger ၊ ဘယ်နားထားရမှန်းမသိခဲ့။

အရပ်လောက်ရှိတဲ့ ဆီပေပါခွံကြီးတွေထဲ
အ၀တ်တပ်ထားတဲ့ တုတ်နဲ့ ခက်ခက်ခဲခဲလှမ်းမွှေရတယ်
ရွှေကြက်ယက်ဆိပ်ကမ်း ။
အ၀တ်က ဆီအကပ်အသပ်တွေ ပြန်ညှစ်ချပြီး
ကလေးလေးရဲ့ ထမင်းအနပ်တိုင်းဟာ ဓာတ်ဆီနံ့တထောင်းထောင်း။

သူ့ရုံ နဲ့ သူ့ကုန် ၊ ဘယ်လောက်ခမ်းနားသပ်ရပ်လိုက်သလဲ
(၁၂)ရုံလုံးလိုက်ရှာ ၊ မရောင်းသင့်တာမရောင်းဘူး ..
ဈေးချိုတော်ကြီး ။
ခုတော့ တောင်ရောင်းမယ့်သူနဲ့
ခုတော့ မြစ်ရောင်းမယ့်သူနဲ့
ခုတော့ ကျုံးရောင်းမယ့်သူနဲ့
နတ်သုဒ္ဒါထဲ ခွေးချေးရောခဲ့ပုံ ပြောပါတယ်။

ဟာသဆာလောင်သူတွေ ဟာသနဲ့တွေ့ဖို့
ဟာသဆန်ဆန်တိုးဝှေ့ဝင်သွားကြ
ဝင်းလိုက်၊ မြို့မ ။
ဟာသလို့ရေးထားတဲ့ ပိတ်ကားကြီးထိုင်ကြည့်ပြီး
ဟာသပဲ လို့ တစ်ယောက်နဲ့တစ်ယောက် ပြောကြ
ပြီးတော့ EXIT ဆိုတဲ့ တံခါးလက်ကိုင်မှာ ပြန်ချိတ်ထားခဲ့ရ။

ရှမ်းရိုးမနဲ့ စစ်ကိုင်းတောင်ရိုးကြီးရဲ့ယဉ်ကျေးမှုများ
ဖလှယ်ထုတ်လွှင့်ရာ ကြားခံ အင်တာနာ၊
မြို့ ရဲ့ ဂုဏ်သိက္ခာကို အမြင့်ဆုံးလွှင့်ထားတဲ့ တံခွန် ၊
ဈေးချိုနာရီစင်ကြီး ။
သူ့အရိပ်သူကြည့်ပြီး ရင်ဘတ်ကိုငုံ့လှည့်နေရတယ်။
တစ်နေရာထဲမှာ စံတော်ချိန်ဟာ လေးခု ။

အမြဲတမ်း ဒူချပ်ဒူချပ်ဒူဒူချပ် ပဲ
အမြဲတမ်း ဈေးရောင်းပွဲ ပဲ
အမြဲတမ်း မော်ဒယ်ရှိုး ပဲ
မြို့တော်ခန်းမ ။
ခမ်းနေတဲ့ မြို့တော်ကြီးကို တလွဲနည်းလမ်းနဲ့ မ,ထားရ။

"ပါတော်မူတာ ၁၈၈၅ခု၊ နောက်တစ်နှစ် ၁၈၈၆ခု လည်းရောက်ရော
ငါတို့မြို့ဟာ အရက်ချက်ရောင်းရတော့တာပဲ" ဆိုတဲ့
ဦးချစ်စရာရဲ့ ပြက်လုံးနောက်က ပျက်မြို့ကြီးကို မြင်လားလို့
မြို့နာမည်နဲ့ ရေသန့်ဘူးခွံတွေကို မမြင်ယောင်ဆောင်လို့
မြို့နာမည်နဲ့ အရက်ပုလင်းကို ငှဲ့လို့
မြို့နာမည်နဲ့ ပေါက်စီ စားမလားလို့
မြို့နာမည်နဲ့ ဘီယာစုပ်မလားလို့
သင်္ကြန်ဆို
မြို့ရိုးပေါ်ကနေ မြားတစ်ပစ်အကွာမှာ
အတွင်းခံဘောင်းဘီတွေ လှမ်းထားတာလို့
ပြောရင်းဆိုရင်းနဲ့ပဲ
၃၅လမ်းအတိုင်း ကိုအောင်ကျော်က ရှမ်းရိုးမဆီ ထောင်တက်သွားပြီး
၃၅လမ်းအတိုင်း ကိုချမ်းအေးက မြစ်ရေပြင်ထဲ ငုပ်လျှိုးသွားတော့
ငါလည်း ၃၅လမ်းအတိုင်း အပြားလိုက်ကြီး လဲသေလိုက်ရတယ်။

 
ဟိန်း

No comments:

Post a Comment