Tuesday, December 31, 2013

ပြန်တော့လည်း ကျန်ခဲ့တာပါပဲ




မန္တလေးတောင်ပေါ်
အတွေးနဲ့ လှမ်းတက်ကြည့်တော့
တစ်ယောက်နှုတ်ခမ်းထဲ တစ်ယောက်ပြုတ်ကျခဲ့တဲ့နေရာလေးမှာ
နေ၀င်တဲ့အထိ ရပ်နေမိတယ်။
ငါတို့အပျော်တွေဟာ ရေခဲမုန့်တွေကို
ကူးစက်ပျံ့ပွားလို့ ..
သူတို့ပျော်နေတာထိုင်ကြည့်ရင်း
ငါတို့လည်း ထပ်ထပ်ပျော်လို့ ...
ဘယ်လောက်ထိလဲဆို
သူ့မျက်ခုံးလေးတွေ
ငါ့လည်ပင်းမှာ စွန်းထင်းကုန်တဲ့အထိလို့ ပြောမယ်
ဘယ်အချိန်ထိလဲဆို
သစ်ရွက်ကြွေကလေးတွေ
ရှက်ပြီးခြောက်သွေ့သွားတဲ့အထိလို့ ပြောမယ်
နှစ်ယောက်တည်းနားလည်ခဲ့တဲ့
စကားလုံးတွေရဲ့အဓိပ္ပါယ်ကို
ဘယ်အဘိဓာန်မှာ ရှာရမှာလဲ
ဟိန်းနော် ... ဆိုရင် တားမြစ်ခြင်းကို ပြတယ်
ဟိန်းလို့ ... ဆိုရင် စိတ်မရှည်ခြင်းကို ပြတယ်
ဟိန်းရယ် ... ဆိုရင် သနားကရုဏာကို ပြတယ်
ဘာသာစကားကို အချစ်နဲ့ တွဲစပ်သုံးဆောင်တဲ့အခါ
စကြာဝဠာရဲ့ ထိပ်တန်းအရသာမျိုး ရခဲ့ပေါ့။
ငါ ရှူထုတ်လိုက်တဲ့ လေစီးကြောင်းမှာ
သူ့လက်ဖျံပေါ်က မွှေးညှင်းလေးတွေ ယိမ်းထိုးသွားတာ ..
သူ ပင့်ကြည့်လိုက်တဲ့ မျက်ခုံးနက်နက်မှာ
ငါ့စကားတွေ ဆင်ဆာထိခဲ့တာ ..
ငါတို့ ကွယ်ထားခဲ့တဲ့ ရေတမာပင်ပျိုလေးရော
ဘယ်နှလက်မလောက် အရပ်ရှည်လာမှာ ..
အလုပ်အားတဲ့အခါ ငါ့ဂစ်တာသံတွေ
သူ ဖုန်းထဲက ထုတ်ကြည့်နေမှာ .. သိတယ်။
ဆိုင်ကယ်အနောက်ထိုင်ခုံမှာ
ခြေတင်တုံးတစ်ဖက်ပဲ အမြဲတမ်းချထားတဲ့ လူငယ်တစ်ယောက်အကြောင်း
ခင်ဗျားတို့ ကြားမိရင် ကျွန်တော့်ကို သတိရပါ
ဂုဏ်ပြုတပ်ဖွဲ့တစ်ဖွဲ့ မပိုင်ဆိုင်တဲ့ကောင်ဟာ
ဒီနည်းနဲ့ပဲ သူ့ကို ခပ်လွမ်းလွမ်းလေးဂုဏ်ပြုနေမိတာလေ ... ။



ဟိန်း

၎.၁၂.၁၃

No comments:

Post a Comment